New Artical

သက္ကရာဇ် ဖြိုတယ်ဆိုတာ


သက္ကရာဇ် ဖြိုတယ်ဆိုတာ 

 မြန်မာနိုင်ငံမှာ အခုသုံးနေတဲ့ သက္ကရာဇ်ကို  ကောဇာ သက္ကရာဇ်လို့ခေါ်ပါတယ်။ 

ပုဂံပြည့်ရှင် ပုပ္ပားစောရဟန်းမင်း ဖြိုခဲ့ တဲ့ သက္ကရာဇ်လို့ဆိုပါတယ်။ 

သက္ကရာဇ်ဖြို တယ် ဆိုတာကတော့ သက္ကရာဇ် အရေအတွက် တွေကို လျှော့ပစ်တယ်လို့ အဘိဓာန်မှာ ပြဆိုထားပါတယ်။ ဂဏန်းတွေ များလာလို့တွက်ရ ချက်ရမှာ မလွယ်ကူမှာ စိုးလို့ လွယ်လွယ်ကူကူ သိနိုင်​ စေဖို့ ရည်ရွယ်ပြီး သက္ကရာဇ် အသစ်ကို ပြုတယ် လို့ ကျမ်းတွေမှာ ဆိုပါတယ်။  ကိန်းတွေ များတိုင်းလည်း သက္ကရာဇ် ဖြိုဖို့ မသင့်လျော်ပါဘူး ...

၁။ ရောက်ဆဲ သက္ကရာဇ်ကို တည် ၊ (၇ ) နဲ့စား ။  အကြွင်း မဲ့ ဖြစ်ရပါမယ်။ သုည ကြွင်းရမယ်လို့ ဆိုလိုပါတယ်။ 

၂။ ရောက်ဆဲ သက္ကရာဇ်ကိုတည် ၊ (၁၉) နဲ့စား ၊  အကြွင်းမဲ့ ဖြစ်ရပါမယ်။ 

၃။ ရောက်ဆဲ သက္ကရာဇ်ကိုတည် ၊ (၉၅ ) နဲ့စား ၊ အကြွင်းမဲ့ ဖြစ်ရပါမယ်။  အဲဒီလို အင်္ဂါ သုံးတန်နဲ့အနည်းဆုံး ညီမှသာ ဖြို အပ်တယ်၊ ဖြိုကောင်းတယ်လို့ရှေးပညာ ရှိတွေက တွက်ကိန်းပုံစံတွေ ထားခဲ့ပါတယ်။  ကန္နီအတွင်းဝန်မင်းက ကိန်းခန်းညီအောင်  ဖြိုခြင်းသာ လိုရင်းပဓာန လို့မိန့်ဆိုခဲ့တယ်လို့ လေ့လာမှတ်သားဖူးပါတယ်။ 

သက္ကရာဇ်ဖြိုတာတွေနဲ့ပတ်သက်ပြီးတော့ ...

၁။ အာကာရဋ္ဌမင်းကြီး လက်ထက် ကမ္ဘာဦး ကာလ မှာ သက္ကရာဇ် ၁၁၄၉၇၈၅ ကို  ဖြိုခဲ့ပါတယ်။ 

၂။ ကုသမင်းကြီးလက်ထက်မှာ သက္ကရာဇ်  ၁၄၉၃၈၅၆၉ ကို ဖြိုခဲ့ပါတယ်။ 

၃။ အဥ္စနမင်းကြီး လက်ထက်မှာ သက္ကရာဇ် ၈၆၃၄၅ ကို ဖြိုခဲ့ပါတယ်။ အဲဒီနောက် မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူ တဲ့အခါ သာသနာ နဲ့ကောဇာ ညီစေဖို့အတွက်  အဇာတသတ်မင်းကြီးဟာ ရှင်မဟာကဿပ နဲ့တိုင်ပင်ပြီး သက္ကရာဇ် ၁၄၈ ကို ဖြိုခဲ့ပါတယ်။ 

 တစ်ခါ သက္ကရာဇ် ၆၂၄ ကို ရောက်တဲ့ အခါမှာ သုမုန္ဒရီ မင်းကြီးသည် သရေခေတ္တရာပြည်မှာ   ၂ ခုကို အကြွင်းထားပြီးတော့ သက္ကရာဇ်  ၆၂၂ ကို  ဖြိုလိုက်ပါတယ်။

အဲဒီနောက် ၅၆၂ ခုနှစ်ကို ရောက်တဲ့အခါမှာ.. ပုပ္ပားစောရဟန်းမင်းကြီးဟာ ပုဂံပြည်ရဲ့ သက္ကရာဇ် ၅၆၀ ကို အကြွင်း ၂ ထားပြီး ဖြိုလိုက်ပါတယ်။  ပြီးတော့ သက္ကရာဇ် ၈၀၀ ကို ရောက်တဲ့အခါ မှာတော့ မိုးညှင်းမင်းတရားကြီးက ၇၈၉ ခုနှစ်ကို  ဖြိုခဲ့ပါတယ်။ 

ဒီအခါမှာတော့ ကိန်းခန်း မရောက်တဲ့ အတွက် မပြို မကျ လို့ပညာ ရှိတွေ က ရေးသားထားပါတယ်။   မိုးညှင်းမင်းတရားကြီး ဖြိုပြီးတဲ့ နောက်မှာတော့   သက္ကရာဇ်ဖြိုတဲ့ မင်းတွေ မပေါ်ပေါက်တော့တာ ယခုထက်တိုင်ပါပဲ။ 

 ဒီရာဇဝင်တွေဟာ အရှင် သြဘာသဘိဝံသ ရဲ့  သုတေသန သရုပ်ပြ အဘိဓာန်မှာ ရာဇဝင် ၊ မဟာဝင်၊ သာနာဝင် ၊ ဆရာစဉ်ဆက် မှတ်တမ်း တွေကို ကိုးကားပြီး ဖော်ပြထားတာဖြစ်ပါတယ်။ ရခိုင်ရာဇဝင်က လာတဲ့ ကောဇာ သက္ကရာဇ် ဖြိုတာတွေကိုလည်း ရခိုင်ရာဇဝင် သုတေသီ ဆရာကြီး ဦးအောင်သာဦးက ဆောင်းပါးတွေ ရေးထားတာရှိပါသေးတယ်။ 

ဒါကြောင့်.. ဒီနေ့မြန်မာပြက္ခဒိန်တွေမှာ ရခိုင် သက္ကရာဇ် ၊ သာသနာသက္ကရာဇ် ၊ ကောဇာ သက္ကရာဇ် အစရှိသဖြင့် ၃မျိုး ၃စားတွေ့ရ တာဖြစ်ပါတယ်။ သက္ကရာဇ်ကို ဖြိုလို့ မပြိုခဲ့ဘူးဆိုရင် ဘာဖြစ် လာနိုင်သလဲဆိုတော့ ...အင်းဝပြည့်ရှင် မိုးညှင်းမင်း လက်ထက်မှာ သက္ကရာဇ်ဖြိုကိန်း ကြုံ တဲ့အတွက် ရဟန်းပညာရှိက ပြည့်ရှင် မင်းကို အသိပေးနှိုးဆော်ခဲ့ပါတယ်။ 

 အဲဒီအခါမှာ... ပြည့်ရှင်မင်းက ဖြိုကိန်းရောက်လို့ မဖြိုခဲ့ရင် ဘာဖြစ်မလဲ လို့မေးတော့ ရဟန်း ပညာရှိက ဖြိုကိန်းကြုံပြီး မဖြိုခဲ့ဘူးဆိုရင် ပြည်ရွာ မငြိမ်မသက်၊ သတ္တဝါအပေါင်း မချမ်း မသာ ဖြစ်မယ်လို့ သက္ကတကျမ်းရင်းတွေကို ကိုးကားပြီး မိန့်ကြားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီအခါမှာ.. ပြည့်ရှင်မင်းက သက္ကရာဇ်ဖြိုရန် သင့်ပေတယ် လို့ပြောတော့ အမတ်ကြီး ရာဇသင်္ကြန်က ရှေးအဆက်ဆက်က သက္ကရာဇ်ဖြိုတဲ့ မင်းအဆက်ဆက်တိုင်းဟာ ဖြိုတဲ့ နှစ်မှာပဲ  သက်တော်မရှည်၊ နတ်ရွာစံမြဲ ရှိကြတဲ့ သာဓက တွေကို လျှောက်တင်တဲ့အခါမှာ ..ပြည့်ရှင်မင်းက `ပြည်သူပြည်သား သတ္တဝါများ ချမ်းသာမည့် အရေးကို သိမြင်လျက် ငါသို့သော မင်းက သေဘေးကို ကြောက်လို့ မဖြိုခဲ့သည် ရှိသော ကမ္ဘာမကျေသရွေ့ ဥဒါန်းမော်ကွန်းတင် ရစ်ချေတော့မည်´ လို့မိန့်တော်မူခဲ့ပါတယ်။ 

အဲဒီလိုနဲ့ သက္ကရာဇ် ၈၀၀ ပြည့်မှာ ၂ခုကြွင်း ထားပြီး သက္ကရာဇ် ၇၉၈ ကို ဖြိုပါတယ်။ ဖြိုပြီးတဲ့ သက္ကရာဇ်ကို မင်းမိန့်နဲ့ မသုံးမနေရ  သုံးခိုင်းရပါတယ်။ ဒါပေမဲ့ မိုးညှင်းမင်းဖြိုတဲ့ သက္ကရာဇ်ဟာ မပြိုပဲ သူ့အရင်လက်ထက်က ပုဂံ ပုပ္ပား စောရဟန်းမင်း ဖြိုခဲ့တဲ့ သက္ကရာဇ်ကိုရော၊  မိုးညှင်းမင်းဖြိုခဲ့တဲ့ သက္ကရာဇ်ကိုရော အပြိုင် သုံးစွဲနေပြီးတော့... နောင်ကြာတဲ့အခါမှာ မိုးညှင်းမင်းဖြိုခဲ့တဲ့  သက္ကရာဇ်ဟာ ပျောက်ကွယ်သွားခဲ့ပါတယ်။ 

ဒါဟာ သက္ကရာဇ် မပြိုတဲ့ သာဓက တစ်ခုပါ။  သက္ကရာဇ် ဖြိုခဲ့တဲ့ မင်းတွေ အဲဒီ ဖြိုတဲ့ တစ်နှစ် အတွင်းမှာပဲ နတ်ရွာစံ အနိစ္စရောက်တဲ့ ကိစ္စဟာ ဂမ္ဘီရ ဆန်းကြယ် လျှို့ဝှက် နက်ရှိုင်းတဲ့ အကြောင်း တရားတစ်ခုအနေနဲ့ ယနေ့ထက်တိုင် တည်ရှိ နေခဲ့ပါတယ်။ ရာဇဝင်ထဲမှာ သက္ကရာဇ် ဖြို လို့ဖြိုတဲ့နှစ်မှာပဲ နတ်ရွာစံခဲ့တဲ့ မင်းတွေကတော့ - ပုပ္ပား စောရဟန်းမင်း၊ သုမုန္ဒရီမင်း၊ စီရိစန္ဒြားမင်း ၊ သူရိယစိတြမင်း၊ စန္ဒသူရိယမင်း၊ ရာလမာယုမင်း တို့ပါပဲ။ သက္ကရာဇ်ဖြိုပြီးရင်တော့ ဖြိုတဲ့ ပြည့်ရှင် မင်းကိုယ်တိုင်က သန်လျက်ကို စွဲမြှောက်ပြီး  အမိန့်ပြန်တမ်း ထုတ်ရပါတယ်။ `ယခုရောက်လာသော ဆန်းသစ်စ သက္ကရာဇ် အချိန်အခါမှ စပြီး ငါ၏ နေပြည်တော်အတွင်း ၌ လည်းကောင်း ၊ ဤသက္ကရာဇ်ကို သုံးစွဲသော နေရာတိုင်း၌လည်းကောင်း အေးချမ်း သာယာ၍ ဆန်ရေစပါး ပေါများကြွယ်ဝလျက် ကာယသုခ ၊  စိတ္တသုခ နှစ်ဌာန တို့နှင့် ပြည့်စုံနိုင်သည်  ဖြစ်ကြပါစေသတည်း´ လို့မိန့်ကြားပြီး ..

ဘုန်းသမ္ဘာရှိ ရှေးမင်း အဆက်ဆက်တို့သုံးစွဲ တော်မူခဲ့တဲ့ အောင်လံတော်ကြီးကို လွှင့်ထူ ရပါတယ်။ ထီးသုဉ်း တိုင်းပြည်ရဲ့ ထီးသဖွယ် ဖြစ်နေတဲ့ သူရဲ့ အနွတ္တအမည်၊ လူခေါ် အများဆုံး အမည်ကို ရှေ့ဆုံး စာလုံးနဲ့ နောက်ဆုံးစာလုံးတို့ရဲ့ ဂဏာန်း သင်္ချာကို ပေါင်းယူပါ ။ ပေါင်းလဒ်ကို ခုနက မှတ်ထားတဲ့ အကြွင်းနဲ့ ထပ်ပေါင်းပါ။ ပြီးရင်တော့၄ နဲ့မြှောက်ပြီး ၈ နဲ့ စား လို့ သုညကြွင်းရင်တော့ အဲဒါ ထီးသုဉ်း တယ်လို့ခေါ်ပါတယ်။   နန်းသုဉ်း .. နန်းတည်ရာ အရပ်အမည် သို့မဟုတ် နန်းအမည် ကို (လူခေါ် အများဆုံး အမည်ကို ) ရှေ့ဆုံး စာလုံးနဲ့ နောက်ဆုံးစာလုံးတို့ရဲ့ ဂဏာန်းသင်္ချာကို ပေါင်းယူပါ ။  ပေါင်းလဒ်ကို ခုနက မှတ်ထားတဲ့ အကြွင်းနဲ့ ထပ်ပေါင်းပါ။ ပြီးရင်တော့၄ နဲ့မြှောက်ပြီး ၈ နဲ့ စား လို့ သုညကြွင်းရင်တော့ အဲဒါ နန်းသုဉ်း တယ်လို့ခေါ်ပါတယ်။ 

 မြို့သုဉ်း ..နန်းတည်တဲ့ မြို့တော် ရဲ့အမည်ကို  (လူခေါ် အများဆုံး အမည်) ရှေ့ဆုံးစာလုံးနဲ့  နောက်ဆုံးစာလုံးတို့ရဲ့ ဂဏာန်းသင်္ချာကို  ပေါင်းယူပါ။ ပေါင်းလဒ်ကို ခုနက မှတ်ထားတဲ့ အကြွင်းနဲ့ ထပ်ပေါင်းပါ။ ပြီးရင်တော့၄ နဲ့မြှောက်ပြီး  ၈ နဲ့စား လို့ သုညကြွင်းရင်တော့ အဲဒါ မြို့သုဉ်း တယ်လို့ခေါ်ပါတယ်။  ဥပမာ အနေနဲ့ သီပေါမင်း ပါတော်မူတဲ့  အချိန်ကို တွက်ကြည့်ရအောင်။ ၁၂၄၇ (ခရစ် ၁၈၈၅) ခုနှစ်တုန်းက သီပေါမင်း ပါတော်မူပါတယ်။ ၁၂၄၇ ကို ၁၂ နဲ့စားရင် ၁၁ ကြွင်းပါတယ်။ အကြွင်း ၁၁ ကို မှတ်ထားပါ။  ထီးဆိုတော့ အဲဒီ ၁၂၄၉ တုန်းက မင်းတရား ကြီးဖြစ်တဲ့ သီပေါ မင်းပေါ့ ။ သီ + ပေါ ( ၆+၅ = ၁၁ ) ရမယ် ။  အကြွင်း ၁၁ နဲ့ပေါင်းပါ။ ၂၂ ရပါမယ် ။ ပြီးရင် ၄ နဲ့မြှောက် ၊ ၈ နဲ့စားရင် သုညကြွင်း ပါတယ်။ အဲဒါ ... ထီးသုဉ်းသွားပါတယ်။ နန်းဆိုတော့ အဲဒီတုန်းက နန်းတော်ရဲ့ အမည်ဟာ မြနန်းစံကျော် ပါ။ မြ နဲ့ကျော် ကို ပေါင်းရင် (၅+၂ = ၇) ရပါတယ်။ အဲဒီ ၇ ကို အကြွင်း ၁၁ နဲ့ပေါင်း ပါ။ ၁၈ ရမယ်။ ပြီးရင် ၄ နဲ့မြှောက် ၈ နဲ့စားရင်သုညကြွင်းပါတယ်။ အဲဒါ...  နန်းသုဉ်းတယ်လို့ ခေါ်ပါတယ်။ 

မြို့ဆိုတော့ အဲဒီ အချိန်မှာ မြို့တော် မန္တလေးဖြစ်ပေမယ့် အဲဒီခေတ်က လူတွေ က ရတနာပုံ လို့သာ ခေါ်တာမို့ ရနဲ့ ပုံ ကို ပေါင်းရင် (၈+၅ = ၁၃ ) သို့မဟုတ် ( ၄+၅ = ၉ ) ရပါတယ်။ အဲဒီ ကိန်း ၂ ခု လုံးကိုပဲ ၁၁ နဲ့ပေါင်း ပါ ။ ပြီးရင် ၄ နဲ့မြှောက်ပြီး ၈ နဲ့စားရင် သုညကြွင်း ပါတယ်။ အဲဒါ...  မြို့သုဉ်းတယ်လို့ခေါ်ပါတယ်။ 

 ကျမ်းကိုး ..

- သက္ကရာဇ်ဖြိုသဘင် အစီအရင် (မင်းရှိန်အောင်) 

- ရှင်ကောသလ္လ 

- ဦးအောင်သာဦး 

- ရှင်သြဘာဘိဝံသ 

- ကိုဇေယံ 

- ခွန်မြလှိုင် 

CRD ::: မြန်မာရာဇဝင်-မြန်မာ့သမိုင်း 

No comments