New Artical

ဆိုးတဲ့အမေ - ဇေဦးယျာ


 ဆိုးတဲ့အမေ - ဇေဦးယျာ

* * * * * * * * * * * * * * *

"ရှေ့နားက ဇရပ်ကျရင်တော့ ခဏနားကြဦးစို့ရဲ့ အစ်မ"

ညီမဖြစ်သူ စကားကို ကြားမှ နားဖို့ သတိရသည်။ စိတ်အဟုန်ကြောင့်သာ ဇောက သန်နေမိသည်။ လူလည်း ပင်ပန်းနေပြီ။ မနက်ကတည်းက မနားစတမ်း လျှောက်လှမ်းလာခဲ့ရသော ခြေထောက်တို့သည် ခွေယိုင်ချင်ချင်။ ဇရပ်ပေါ်မှာ ခဏ နားဖြစ်ကြသည်။ မောပန်းမှုနဲ့အတူ စို့လာသော ချွေးစက်တွေကို ခေါင်းမှာပေါင်းထားသောသာ တဘက်ဖြုတ်ပြီး သုတ်သည်။ မွန်းတည့်နေသည် ပူပူလောင်လောင်။ မနက်စာ စားချိန်က ကျော်လွန်လာခဲ့ပေမဲ့ လိုလိုမည်မည် ထည့်လာခဲ့သော ထမင်းချိုင့်ကို ယခုထိ မတို့ မထိရသေး။ စားချင်စိတ်ကလည်း မရှိ။ ဘယ်ဆီဘယ်၀ယ်မှန်း မသိသော အရပ်ဒေသတစ်ခုသို့ မေးပါများ စကားရ အတိုင်းသာ လာခဲ့ရသည်။ ယခုထိ လိုရင်းကို မရောက်နိုင်သေး။ လမ်းတွေ့သမျှ လူတွေကို ကျားသေရွာအကြောင်း မေးကြည့်တော့ တချို့က ဝေ၀၀ါးဝါး၊ တချို့ကလည်း မသိသလို သိသလို ဖြေကြသည်။ တိတိကျကျ ပြောနိုင်သူက နည်းပါးသည်။ မှန်းခြေရမ်းခြေဖြင့် လာခဲ့ရသော ခရီးက ဘယ်ရောက်လို့ ဘယ်ပေါက်ခဲ့မှန်း မသိတော့။

ထန်းလျက်တစ်လုံးကို အသာဝါးချေပြီး ရေနှင့် မျှောချတော့ အမောတွေ သက်သာသွားသယောင်။ ဇော - သား ဇောကြောင့်သာ လာခဲ့ရပေမဲ့ ၅၀ဆိုသော အသက်အရွယ်တွင် ခန္ဓာသည် မောပန်းခြင်းကို အလွယ်တကူ သိစေခဲ့ပြီ။ ၀မ်းရေစပ်သည့်သား။ ဒုက္ခပေးလှသည့် သား။ စိတ်နာရသည်။ အဖေ အဖေမှန်းမသိ၊ အမေ အမေမှန်းမသိ။ ထင်ရာစိုင်းသွားသော သား။ တွေ့ရင်တော့ အကြောင်းသိရသေးတာပေါ့ဟု တေးထားမိသည်။ နင့်ကို လွမ်းလို့ လာတွေ့တာမဟုတ်ဘူး။ ငါအမေက နင့်ထက် ပိုပြီး စိတ်ပြတ်တယ်ဆိုတာကို ပြောမလို့ လိုက်လာတာဟု တွေးရင်း သက်ပြင်းကို ခပ်လေးလေးချသည်။


တစ်မိပေါက် တစ်ယောက်ထွန်း၊ သားဦးမို့ အချစ်ပိုရသည့် ဒီသားလေးက ငယ်စဉ်ကတည်းက ဆိုးလှသည်။ ဆော့လှသည်။ သူမို့ ထိန်းမနိုင် သိမ်းမနိုင်လောက်အောင် အစအနောက် သန်လှသည်။ အရေးထဲ ဦးလေးအေ လူပျိုပေါက်တွေ မြောက်စားမှုကြောင့် ပိုဆိုးသည်။ သူမွှေသမျှ ပယောဂကြောင့် လာရောက်တိုင်ကြားသမျှ အတိုင်အတောတွေကလည်း နေ့စဉ်နှင့် အမျှ ဖြေရှင်းနေရတတ်သည်။ သူကလည်း စနေသမီး နေတက်ရေတက်မှာ မွေးသူမို့ သူ့ ဒေါသကလည်း ထစ်ကနဲဆို ငယ်ထိပ်တက်စောင့် တတ်လေသည်။ ငယ်စဉ်ကတည်းက တုတ်ကိုင် ဆုံးမတတ်သော သူ့အကျင့်ကြောင့် သားကျောပြင်၊ သားတင်ပါးတို့မှာ အရှိုးရာတွေ ထပ်နေသော်လည်း သင်း(ဒင်း)ကတော့ မအေကို ကြောက်ရကောင်းမှန်း သိပ်မသိ။ နောက်ထပ် သားသမီးတွေ မွေးလာသည် အထိ ဒင်းက ဆိုးကောင်းတုန်း။ အစအနောက်ကောင်းနေတုန်း။ ရိုက်နေရတုန်း။ တစ်ခါတစ်ရံလည်း အသာအယာရိုက်မိပေမဲ့ စိတ်တိုလာလျှင် ဒေါသအလျှောက် နာနာကျင်ကျင် ရိုက်မိတတ်သည်။

တစ်ခါသားက သူထမင်းချက်သည့် နေရာသို့ သားငယ်လာဆော့သည်။ အမေကို စချင်နေသော သားငယ်သည် ဘေးမသိ ရန်မသိ၊ ချက်လက်စ ဟင်းခွက်ထဲသို့ ဆားတွေအများကြီး ထည့်ပြီး ပြေးသဖြင့် စိတ်တိုတိုနှင့် မီးဖိုက မီးစတိုနှင့် ကောက်ပေါက်လိုက်မိသည်။ သားခြေသလုံးမှာ မီးလောင်ဒဏ်ရာက ယခုအချိန်ထိ အနာရွတ်ထင်ခဲ့သည်။ ဒေါသကြောင့် တုန့်ပြန်မိသော်လည်း ဒေါသပြေတော့ မျက်ရည်ဖြိုင်ဖြိုင် ကျရသည်။ ရင်ထုမနာ ဖြစ်ရပြန်သည်။ ဆယ်ကျော်သက်အရွယ် သားငယ်ကို ငိုငိုရယ်ရယ်နှင့် တောင်းပန်ဖြစ်သည်။ 'ငါ့အကြောင်းကို သိလျက်နဲ့ နင်ဘာကြောင့် ဆိုးနေရတာတုန်း' လို့ဆိုတော့ သားငယ်က သူ့မေးစေ့ကို အသာကိုင်ပြီး 'အမေ့ကို ချစ်လို့ စမိတာပါဗျာ၊ ကျုပ်က မဆိုးပါဘူး' တဲ့။ မီးလောင်ဒဏ်ရာနှင့် သားငယ်က နောက်နေ့တွေမှာ အဆော့မပျက်၊ အစားမပျက်ပေမယ့် အမေဖြစ်သူ သူကတော့ တစ်ပါတ်လောက် ထမင်းမစားနိုင်လောက်အောင် စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရသည်။

မှတ်မှတ်ရရ။ တကယ့်ကို အမှတ်ရမိလောက်အောင်၊ စိတ်နာကျည်းရလောက်အောင် အဖြစ်အပျက်တစ်ခုက သားလူပျိုပေါက် အရွယ်မှာ ပေါ်လာခဲ့သည်။ ထိုနေ့က သူသည် စပါးရိတ်ရာမှ ပြန်လာကာစအချိန် ဖြစ်သည်။ စပါးလုံးရွေးနေသည့် ညီမငယ်ကို စနောက်ချင်နေသော သားငယ်သည် ညီမငယ်အလစ်မှာ ဆန်ဗန်းထဲသို့ ရွေးပြီးသားစပါးလုံးတွေ ပြန်ထည့်ပစ်လိုက်သည်။ စပါးရိတ်ရာမှ မောမောပန်းပန်းနှင့် ပြန်လာသော သူ့ကို သမီးငယ်က ငိုကာရယ်ကာဖြင့် တိုင်တန်းလာသော အခါတွင် ထစ်ကနဲဆို စိတ်တိုတတ်သော သူ့ဒေါသကို မထိန်းနိုင်ခဲ့။ ရယ်နေသော သားငယ်သည် မအေ့ဒေါသကို မြင်တော့ ပြေးမယောင်ပြင်သည်။ ဒါကိုတွေ့တော့ သူ့ခါးထက်မှာ ထိုးထားသော တံစဉ်ဖြင့် သားငယ်ကို လှမ်းပစ်လိုက်သည်။

အို - ပြန်မတွေးချင်။ ပြန်တွေးမိတိုင်း ရင်နာရသည်။ ဖြေမပြေနိုင် ဖြစ်ရသည်။ အိပ်မက်ဆိုးတစ်ခုပမာ နှစ်ရှည်လများ သူ့ကို ခြောက်လှန့်နေခဲ့သော အဖြစ်အပျက်။ သွေးတွေက တစ်စက်စက်ယိုစီးလျှက်။ အံ့သြထိတ်လန့်နေသော သားငယ်သည် ခြေထောက်မှာ စိုက်၀င်နေသော တံစဉ်ကို အလန့်တကြား ကြည့်နေလျှက်။ ကြောက်လန့်မှုကြောင့် သားငယ်သည် အသံမထွက်နိုင်။ စူးစူးဝါးဝါး အော်လိုက်သော သမီးငယ့်အသံကြောင့် လူတွေ အပြေးအလွှားရောက်လာကြချိန်မှာတော့ သားငယ်သည် ကြောက်လန့်မှုနှင့် သတိလစ်ခဲ့လေပြီ။ သူကရော။ ဂြိုဟ်ကောင်လေး မှတ်ပလားဟဲ့ ဟင်။ နောက်လုပ်ချင်ဦးဟဲ့၊ စချင်ဦးဟဲ့ဖြင့် ဒေါသတွေ မပြေနိုင်ခဲ့သေး။

အမေတစ်ယောက်ပေမဲ့ မထိန်းနိုင် မသိမ်းနိုင် ထွက်လာသော ဒေါသတွေက သူ့အာရုံတွေကို မှောက်မှားစေခဲ့သည်။ သူ့အသိတွေကို လွတ်စေခဲ့သည်။ သားငယ်ဆေးရုံတက်နေစဉ် ကာလတလျှောက်လုံး သူ မလိုက်ဖြစ်။ သူ့ကို မြင်ရင်တော့ သားလေးက ကြောက်ရှာတော့မည်ဟု တွေးမိသည်။ တွေဝေမိသည်။ သားငယ် ဆေးရုံက ဆင်းလာတော့ သူတွေးသည့် အတွေးက မှန်ကန်နေကြောင်းကို တွေ့လိုက်ရသည်။ အခါတိုင်း သူစိတ်ပြေတာကို မြင်လျှင် သူ့ပခုံးကိုဆွဲပြီး 'သားကချစ်လို့ စတာကို အမေကလဲ' ဟု လာချော့နေကျ သားငယ်သည် ယခုအခါမှာတော့ သူ့ကို မြင်လျှင် ခန္ဓာကိုယ်က ဆတ်ကနဲ တုန်သွားတတ်လေသည်။ အနားသွားမိလျှင် အလိုလိုဝိုင်းကျယ် ပြူးစက်လာတတ်သော သားငယ့်မျက်၀န်းတွေက နေတတ်စရာမရှိအောင် သူ့ကို ကြောက်လန့်နေကြောင်း သက်သေပြုပေးလေသည်။

ထိုအချိန်မှ စ၍ သားငယ်နှင့် သူ့ကြားတွင် ဖြေဖျောက်မရနိုင်လောက်သည့် အရိပ်ဆိုးတစ်ခု ကပ်ငြိတွယ်ခဲ့လေသည်။ သားငယ်သည် သူ့အနားမကပ်တော့။ ပင်စည်က ကြွေကျသွားသော သစ်ရွက်တစ်ခုပမာ လေနှင်ရာသို့သာ ယိမ်းတော့သည်။ အခါတိုင်း ကြားနေကျ ဆည်းလည်းသံချိုချိုသည် ပျောက်ခဲ့လေသည်။ လမ်းလျှောက်လျှင် ထော့နင်းထော့နင်းနှင့် လျှောက်နေရသော သားငယ်ကို တွေ့တော့ ၀မ်းနည်းမှုနှင့်အတူ မချိတင်ကဲဖြစ်မှုက နေဆယ်စင်း ရင်မှာ လင်းသလို ပူလောင်ရသည်။ "ညည်းအေ ကိုယ့်သားသမီးအရင်းကိုများ လုပ်ရက်တယ်ဟဲ့ အံ့ပါရဲ့တော်" ဆိုသောစကားသံတွေကြား မျိုသိပ်ထားခဲ့ရသော နောင်တတရားတို့က ရင်နှင့် မဆန့်ချင်။ သားငယ်အိပ်ရာဘေးမှာ သူမသိအောင် ခိုးကြည့်ရင်း ကျဆင်းခဲ့ရသော မျက်ရည်တို့သည် ပင်လယ်ရေပမာ ကုန်ခမ်းနိုင်အံ့ မထင်တော့လောက်အောင်။


'သားက နွေကျောင်းပိတ်ရက်မှာ ကိုရင်၀တ်ချင်လို့တဲ့။ အဲဒါ အမေကို မပြောရဲလို့တဲ့"

တစ်ရက်မှာ ယောက်ျားဖြစ်သူက ဆိုလာသော စကားကိုကြားတော့ ရင်နင့်ရသည်။ သားငယ်သည် သူ့ကို ဘာမှ မပူဆာတော့။ တစ်ခုခု လိုအပ်လာလျှင် ဖအေကိုသာ ပြောလေ့ရှိတော့သည်။ သားသည် အမေ့ကို ရှောင်ဖယ်ရုံမျှမက စကားတောင် မဟတော့ပြီကော။ ခံစားလာရသော စိတ်သောကနှင့်အတူ ဝဲတက်လာသည့် မျက်ရည်စတို့ကို အသာထိန်းရင်း ခပ်ဆတ်ဆတ် ပြန်ပြောလိုက်သည်။

'၀တ်လို့ ၀တ်ပါလို့။ တစ်သက်လုံး ပြန်မထွက်ခဲ့နဲ့လို့။ ကျူပ်လည်း ၀ဋ်ကျွတ်တာပဲလို့ ပြောလိုက်´´

တကယ်လည်း သားငယ်က ကိုရင်၀တ်သွားခဲ့လေသည်။ အမေလူမိုက်မကြီး သူ့ကိုတော့ မ၀တ်ခင်မှာ ကန်တော့ သွားသေးသည်။ စိတ်နာနာနှင့် ဘာဆုမှ မပေးမိ။ ထိုအစား 'ပြန်မလာနဲ့ ပြန်မလာလေ အေးလေ' ဟုသာ ဆုပေးလိုက်မိသည်။

အမိုက်မကြီး၏ မဆုံးနိုင်သော အမိုက်တရားတွေကို သားငယ်သည် ရှောင်ခွာခဲ့လေပြီ။ အမေကို ပြန်မကြည့်တော့။ ဆွမ်းခံလာလျှင်တောင် အမေကို မကြည့်။ လှူသမျှ ဆွမ်းကိုသာ အာရုံပြုလေသည်။ မေးနိုင်ပါမှ စကားပြန်ရသည်။ ကျောင်းသို့ ဥပုဒ်စောင့်လာတာမြင်လျှင်တောင် အဝေးကနေ ရှောင်သွားတတ်သော သားကိုမြင်လျှင် စနေသမီးအမေက သွေးတက်ရလေသည်။ နောင် မမေးဖြစ်တော့။ သားငယ် စိတ်အနှောင့်အယှက်ကင်းအောင် ကိုယ်က ဦးအောင် ရှောင်ဖြစ်သည်။ ဘုရားရိပ် တရားရိပ်မှာ သားငယ်စိတ်ထဲက နာကျင်မှုတွေ ပျောက်လာကောင်းပါရဲ့၊ သူ့အပေါ် ခွင့်လွှတ်နိုင်လာကောင်းပါရဲ့ စိတ်အတွေးနှင့် မရောက်သေးသော အနာဂတ်ကို ဆေးရောင်လှလှ ချယ်ကြည့်မိသည်။ အကောင်းဘက်က မျှော်မိသည်။

သို့သော် မိမိအိမ်ကို ဆွမ်းခံကြွမလာတာ တစ်ပါတ်ဆယ်ရက်မျှကြာသော အချိန်မှာတော့ သူ သားငယ်ကို တွေ့ချင်လာမိသည်။ နေများ မကောင်းလို့လေလား အတွေးဖြင့် ဘုန်းကြီးကျောင်းသွားကြည့်ဖို့ သားငယ်အဖေကို အဖော်ခေါ်တော့မှ အကြောင်းရင်းကို သိရသည်။ သိတော့ ဒေါသက ထွက်ရပြန်သည်။

သားငယ်သည် လူမထွက်ချင်တော့တဲ့။ စာသင်ကိုယ်တော်ဖြစ်ရန်အတွက် မြို့က စာသင်တိုက်တစ်ခုကို သွားပြီတဲ့။ အမေတားမှာ စိုး၍ မပြောပါနဲ့လို့ ဖအေကို မှာလိုက်သတဲ့။ ယမ်းပုံမီးကျ လောင်မြိုက်ရသော ဒေါသတွေအောက်မှာ နာကျင်မှုတို့ကို အတိုင်းအဆမရှိ။ ငါ့လက်က လွတ်အောင် ပြေးတာပေါ့လေ။ အေး ပြေးပြေး။ မိခင်မေ ဆိုတဲ့ ငါကလည်း ဘူးဆို ဖရုံမသီးဘူး။ နင့်ကို လွမ်းရင် နောက်တစ်ယောက်ထပ်မွေးပစ်လိုက်မယ်။ လွမ်းစရာ ရှိရင် နာတာနဲ့ပဲ ဖြေမယ်။ စိတ်တိုင်းကျသာ နေဟေ့လို့ ပေါက်ကွဲမိတော့သည်။ လွမ်းတာကို နာတာနဲ့ ဖြေဆိုပေမဲ့ ရင်မှ လွယ်သောသားဆိုတော့ တကယ်တမ်း မလွမ်းပဲလည်း မနေနိုင်။ လွမ်းမိတော့လည်း နာခဲ့ရသည်ချည့်။


"အစ်မ အစ်မ"

မောပန်းမှုတွေကြားမှာ မှေးခနဲဖြစ်သွားမိသည်။ ညီမဖြစ်သူက နှိုးမှ အတိတ်တွေထဲ အိပ်စက်နေသော အတွေးတွေက ပစ္စုပ္ပန်ဆီ ပြန်လည်လာသည်။

'အစ်မ ဒီကလေးမလေးနှစ်ယောက်က ကျားသေရွာကတဲ့ အစ်မရဲ့၊ အကျိုးအကြောင်းမေးကြည့်ရအောင်လို့ အစ်မကို နှိုးလိုက်တာ"

မျက်လုံးအဖွင့်မှာ အသက်နှစ်ဆယ်ကျော်ခန့် မိန်းကလေးငယ် နှစ်ယောက်။ စောစောတုန်းကတော့ ဇရပ်ပေါ်မှာ ဒီကလေးမလေးတွေ မရှိသေး။ သူမှေးခနဲ အိပ်ပျော်သွားသော အချိန်တွင် ရောက်လာတာဖြစ်မည်။ ကျားသေရွာဆိုသော အသံကြားတော့ မှေးစင်းနေသော မျက်လုံးတို့က ပြူးကျယ်လာခဲ့လေသည်။

'ကျားသေရွာကျောင်းက ကျောင်းထိုင်ဘုန်းကြီး မမြဲဘူး။ ကျောင်းထိုင်ပြီး တစ်နှစ်ကျော်ရင် ပျံလွန်တော်မူကြတာ ၃ ပါး ဆက်တိုက်ရှိလာတော့ နောက်ထပ် ဘယ်ဘုန်းကြီးကမှ ကျောင်းမထိုင်ရဲကြဘူး။ အရပ်စကားကတော့ အဒေါ်ရယ်၊ အရင်ဘုန်းကြီးက ကျောင်းမှာ သရဲကြီးဖြစ်နေတာတဲ့။ သူက သူ့ကျောင်းလာထိုင်တာကို မကြိုက်လို့ လုပ်တာလို့ ပြောကြတာပေါ့။ တကယ်တော့ သူ့ရောဂါနဲ့ သူ ပျံလွန်တော်မူကြတာပါ။ အဲဒါနဲ့ပဲ ဘုန်းကြီးဆက် ပြတ်နေတာကို သုံးလေးနှစ် ရှိပြီ။ ဒါနဲ့ မြို့ကစာသင်တိုက်ကို တက်ပြီး ကျောင်းထိုင်ဘုန်းကြီးပေးဖို့ တိုက်အုပ်ဘုန်းကြီးကို လျှောက်တော့ တိုက်အုပ်ဘုန်းကြီးက သူ့ဘေးက ဦးဇင်းတစ်ပါးကို မေးသတဲ့။ ဘယ်နှယ့်တုန်း မောင်ဇနက္က၊ မောင်ပဉ္ဖင်း လိုက်သွားမလား။ မပျော်တော့ ပြန်လာပေါ့ကွာဆိုတော့ အဲဒီဦးပဉ္ဇင်းက သင်္ကန်းကောက်ရုံပြီး တစ်ခါတည်း လိုက်လာတာတဲ့ အဒေါ်ရဲ့"

ပြုံးပျော်နေဟန် သူငယ်မစကားကြားတော့ အမောပြေကာစ ရင်တောင် ထိတ်ကနဲ တုန်မိသွားရဲ့။ ဘုရား ဘုရား။ ငါလိုက်လာမိတာ တော်ပါသေးရဲ့လား။ ဒီသားတော့ ဘေးမမြင် ဘီမမြင်နဲ့။ မဖြစ်ဘူး မဖြစ်ဘူး။ ဘယ်လိုမှ ခေါ်မရရင် သင်္ကန်းမလို့ ဆွဲချွတ်ပြီး အတင်းခေါ်ရမှာပဲ။ အဲဒီကျောင်းမှာတော့ ဘယ်လိုမှ ကျောင်းထိုင်ခိုင်းလို့ မဖြစ်ဘူး။ အတွေးနှင့်အတူ ပူလာသော ရင်အစုံက တုန်ချင်သလိုလို။

'အခု ကျုပ်တို့ တစ်ရွာလုံး ပျော်နေကြတာ အဒေါ်ရဲ့။ အခါတိုင်း သာရေးနာရေးရှိတိုင်း သူများရွာက ဘုန်းကြီးကို ပြေးပင့်ကြရတာ။ အခု ကိုယ့်ကျောင်းနဲ့ ကိုယ့်ဘုန်းကြီးနဲ့ဆိုတော့ မျက်နှာမငယ်ရတော့ဘူးပေါ့တော်။ ကျောင်းထိုင်ဆရာတော်အသစ်က စာသင်သားဆိုပေသိ တရားဟောတော့ အတော်ကောင်းဆိုပဲ။ ဘုန်းကြီးငတ်နေတာ ကြာပြီဆိုတော့ ကျောင်းတင်ပွဲကို အကြီးအကျယ် ကျင်းပကြတာ။ မန္တလေးဇာတ်နှစ်ဇာတ်ငှားပြီး ဇာတ်ပြိုင်ကကြမှာ။ ကျောင်းတင်ပွဲက ဒီနေ့အ၀င်လေ"

၀မ်းသာအားရပြောနေတဲ့ သူငယ်မနဲ့ ဆန့်ကျင်ဘက် သူ့စိတ်ထဲမှာတော့ စိုးရိမ်ပူပန်ကြီးစိတ်က အလုံးဆို့နေသလို တက်လာသည်။ ပြေနေသော ခေါင်းပေါင်းတောင် ပြန်ပတ်ဖို့ သတိမရ။ ဇရပ်ပေါ်ကနေ အောက်ကို ဘယ်လိုရောက်လာမှန်းလည်း မသိတော့။ လုံချည်ကို တိုတိုပြင်၀တ်လိုက်ပြီး စီးထားသော ညှပ်ဖိနပ်ကို ချွတ်ပြီး ခါးကြားထိုးလိုက်မိသည်။ အလန့်တကြား သူ့ပုံစံကို မြင်တော့ ကလေးမလေးနှစ်ယောက်က ထိတ်ထိတ်ပြာပြာ ဖြစ်သွားဟန်။

'လာဟေ့ မိခင်ပြေ။ ငါတို့ နောက်ကျလို့ မဖြစ်ဘူး။ သွားကြစို့ဟဲ့ မြန်မြန်။ နောက်ကျလို့ကတော့ ကိုယ်ကျိုးနည်းတော့မယ်။ ဒီနေ့ကို ရအောင်ပြန်ခေါ်ရမယ်"


ရွာထိပ်နားအရောက် လော်စပီကာဖွင့်သံ ကြားလိုက်တော့ သူ့ရင်ထဲမှာ ၀မ်းနည်းစိတ်က လှိုက်ခနဲတက်လာခဲ့လေသည်။ လုပ်ရက်တယ် မောင်ပဉ္ဖင်း။ အကျိုးလည်းမပြော ၊ အကြောင်းရယ်မကြား။ ဆွေပြတ်မျိုးပြတ်၊ သံယောဇဉ်ပြတ်။ ဖုတ်ဖက်ခါပြီး လိုက်သွားသတဲ့။ မမြင်ရတာကြာတော့ မနေနိုင်လို့ သင်္ကန်းလှူရင်းဆိုပြီး စာသင်တိုက်ကို လိုက်သွားမိလို့သာပါ့။ တိုက်အုပ်ဘုန်းကြီး မိန့်လို့ အကျိုးအကြောင်းသိရတော့ အိမ်တောင် မပြန်ဖြစ်ပဲ ညီမနှစ်ယောက် ပြုးပြူးပြာပြာနဲ့ အပြေးလိုက်လာကြတာ။ တိုက်အုပ်ဆရာတော်က အစောင့်ထည့်ပေးလိုက်မယ်၊ နေကြဦးလို့ တားတာတောင် လှည့်မကြည့်ခဲ့ဘူး။ လှည့်သာမကြည့်ခဲ့ကြပေမယ့် ကျားသေဆိုတဲ့ ရွာက ဘယ်အရပ်ဘယ်ဒေသမှာ ရှိမှန်း သူတို့ ကိုယ်တိုင်လည်း မသိ။ တိုက်အုပ်ဘုန်းကြီးကိုယ်တိုင်လည်း နေရာကို အတိအကျ မညွှန်နိုင်။ ပါးစပ်ပါ ရွာရောက်တာပဲဆိုတဲ့ အတွေးနဲ့ အသံကြားတဲ့အရပ် ကျားသေရွာရှိတဲ့အရပ်ဆိုပြီး မှန်းလိုက်လာကြတာ။ အခုတော့ ရောက်လုနီးပါပေါ့။

ရွာထိပ်ကို ရောက်တော့ လူအုပ်ကြီးတစ်အုပ်။ နှပ်ချေးတွဲလောင်း၊ သူငယ်နှပ်စားအရွယ်ကနေ မီးဇာကုန် ဆီခမ်းနေတဲ့အရွယ်အထိ နည်းတာမဟုတ်။ သူတို့လာတာကို မြင်တော့ အားလုံးက လှုပ်လှုပ်ရွရွ။

'ဘုန်းကြီးမယ်တော်နဲ့ ရဟန်းအမလိုက်လာတာဆိုလို့ လာကြိုကြတာ' ဟု ဆီးပြောတော့ သူ အံ့အားသင့်ရသည်။ စောစောက သူငယ်မလေး နှစ်ယောက်ထဲမှ တစ်ယောက်ကို ပရိသတ်ထဲမှာ မြင်လိုက်မှ သဘောပေါက်မိသည်။ ထိုကလေးမသည် ရှေ့မှ အရင် သွားနှင့်ပြီး ရွာကို အကြောင်းကြားထားဟန်။ ပရိသတ်ကြားမှာ သားငယ်မောင်ပဉ္ဖင်းကို မမြင်။ ပွဲအတွက် ရွာလူကြီးတွေနှင့် စကားပြောနေကြသည်တဲ့။ အော် ခရီးအဝေးကနေ လာတာတောင် မအေကို မကြိုနိုင်ရှာလောက်အောင် ဒင်းတော့ နေနှင့်ဦးပေါ့။ စိတ်ကို အောင့်အည်းထားရပေမယ့် ဒေါသတွေက ရှေ့တန်းသို့ ရောက်စပြုနေပြီ။

ကျောင်း၀န်းထဲမှာတော့ မဏ္ဍပ်ကြီးက ဟီးထနေသည်။ မဏ္ဍပ်အလယ်မှာတော့ သက်ကြီးတစ်ဖွဲ့နှင့် သားမောင်ပဉ္ဖင်း။ အမေနှင့် အဒေါ်လာတာကို မြင်တော့ ၀မ်းသာအံ့အောနေသည့်ပုံ။ သားငယ်ကို မြင်တော့ လှိုက်တက်လာသော ၀မ်းနည်းစိတ်က ချွန်းအုပ်မရ။ ခေါင်းပေါ်ရွက်လာသော သင်္ကန်းထုပ်ကို ဖုတ်ကနဲ လွှတ်ချသည်။ လူအုပ်ကြားထဲ အတင်း၀င်ပြေးပြီး မောင်ပဉ္ဖင်းဆီ အပြေးသွားတော့ လူတွေက အလန့်တကြား လမ်းဖယ်ပေးသည်။ မောင်ပဉ္ဖင်းဆီသို့ အရောက်မှာတော့ သင်္ကန်းကို ဆွဲသည်။ စကားက ချက်ချင်းမထွက်။ မြိုသိပ်ခဲ့ရသမျှ နောင်တတရားတို့က မျက်ရည်အဖြစ် အလျင် စီးသည်။ ဒေါသမောဟတွေကြားမှာ လှောင်ပိတ်ခဲ့သော သံယောဇဉ်တို့က စကားလုံးအဖြစ် ဒလဟော စီးသည်။

'မောင်ပဉ္ဖင်းကတော့ ပျော်နေသပေါ့၊ ဟုတ်စ။ ကျုပ်အမေအိုကြီးကို အမုန်းတွေ အာဃာတတွေထားပြီး ကျုပ်အဝေးမှာ ထင်သလို လုပ်နေရတာကို ပျော်နေတာပေါ့ဘုရား။ ကျုပ်မှာတော့ ငါ့သားလေး စိတ်ဆိုးပြေရင် ပြန်လာမှာပဲဟဲ့ ဆိုပြီး တစ်ရက်အိမ်ပြန်လာနိုး တစ်ရက်ပြန်လာနိုးနဲ့ လည်ပင်းတစ်တောင်ရှည်အောင် မျှော်လိုက်ရတဲ့ အမျှော်။ မောင်ပဉ္ဖင်းကတော့ ကျုပ်ကို ဖုတ်လေတဲ့ ငပိ ရှိသည်လို့ မထင်၊ သစ်စိမ်းချိုး ချိုးရက်တယ်ပေါ့ဘုရား။ အမေအရင်းပါ မောင်ပဉ္ဖင်းရယ်။ အမေအရင်းပါဘုရာ့။ ကျုပ်ရင်မှာ ကိုးလလွယ် ဆယ်လလွယ်မွေးခဲ့ရတဲ့ သားအရင်းပါ။ ကျုပ် စိတ်ဆိုးလို့ လုပ်တုန်း ခဏပေါ့၊ မောင်ပဉ္ဖင်းအနာ သေရာပါသလို ကျုပ်စိတ်အနာကလည်း သေရာပါတာပဲဘုရား။ ကျုပ်မှာတော့ နောင်တတွေနဲ့ ကျလိုက်ရတဲ့ မျက်ရည်ဆိုတာ လူအမြင်မှ မခံဝံ့။ သားကို ရန်သူလို သဘောထားတဲ့ မိန်းမလို့ စွပ်စွဲလာသမျှ ကျုပ် ဘာပြန်ပြောဝံ့လို့တုန်း။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ဘယ်သူမှလည်း နှုတ်မလှန်ရဲဘူး။ ၀ဋ်တစ်ခုလို အောင့်အည်းနေခဲ့ရတာပါ ဘုရာ့"

လူတွေက ရုတ်ရုတ်သဲသဲ။ ဆွဲတဲ့သူက ဆွဲသည်။ တိမ်းသည့်လူက တိမ်းသည်။ ထိန်းသည့် လူက ထိန်းသည်။ ထိုင်ပါဦး ထပါဦး ပြောသည့်စကားတို့က သူ့နားသို့ မ၀င်လေပြီ။ စကားတို့ကို ရေပက်မ၀င်အောင် လျှောက်နေသည့်ကြားက မောင်ပဉ္ဖင်းသင်္ကန်းစကိုလည်း မလွှတ်စတမ်း ဆွဲထားသည်။

'မယ်တော်ကြီး မငိုပါနဲ့လေ။ အခုမှ ခရီးရောက်မဆိုက်ကို ပင်ပန်းနေတာ။ နားပါဦး။ ပြီးမှ အေးအေးဆေးဆေး ပြောပါ"

'မအေးဆေးနိုင်ဘူး။ ဒီကျောင်းကို မောင်ပဉ္ဖင်း လက်မခံရဘူး။ အခုပြန်လိုက်ခဲ့။ တပည့်တော်မကို သနားရင် ပြန်လိုက်ခဲ့ပါ ဘုရား။ မောင်ပဉ္ဖင်းပြန်မလိုက်ရင် တပည့်တော့မကတော့ ဒီနေရာက ဘယ်မှ မရွှေ့ဘူး"

ပြန်လိုက်ခဲ့ဆိုသော သူ့စကားကိုကြားတော့ ပရိသတ်က လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။ သူကတော့ ပရိသတ်ကို အာရုံမစိုက်နိုင်။ မျက်စိမှိတ်လိုက်လျှင် ပျောက်ကွယ်သွားလိမ့်နိုးအထင်နှင့် မောင်ပဉ္ဖင်း မျက်နှာတော်ကို မမှိတ်မသုန် ကြည့်လျှက်။ မောင်ပဉ္ဖင်းမျက်နှာက ဝေခွဲရခက်နေသည့်အလား။

တိတ်ဆိတ်နေသည့် တဒင်္ဂခဏမှာ ကြားလိုက်ရတာက ငိုသံ။ ငိုသံသည် တစ်သံတည်း မဟုတ်။ အများကြီး။ ငယ်သူဆီမှ လည်း လာသည်။ ကြီးသူဆီမှလည်း လာသည်။ နှပ်ချေးတွဲလောင်းကလေးငယ်မှသည် ရင်ခွင်ပိုက် နို့စို့နေသူထံမှ လာသည်။ ဆံဖြူသွားကျိုး သက်ကြီးအိုတွေဆီမှလည်း လာသည်။ အို - ကျားသေတစ်ရွာလုံးက လူတွေ အကုန် ငိုနေသလား အောက်မေ့ရလောက်အောင် အင်တိုက်အားတိုက် ငိုနေသည်။ သူတို့ငိုသံတွေကြားမှာ သူ့ ဒေါသ မောဟတွေ ခဏတာမျှ တိတ်ဆိတ်ကုန်၏ ။


တစ်ရွာလုံးက လူတွေ၏ အသက်နှင့်ရင်းပြီး မောင်ပဉ္ဖင်းကို ကာကွယ်ပေးပါ့မည်ဟု အကြိမ်ကြိမ်ကတိပေးကြသော်လည်း သူစိတ်မလျှော့မိ။ အနီးအနားကျေးရွာတွေက ကျောင်းထိုင်ဘုန်းကြီးတွေပါ ရောက်လာပြီး ဝိုင်း၀န်း ဖျောင်းဖြကြသည်။ သူ နောက်မဆုတ်မိ။ မောင်ပဉ္ဖင်းလက်ကို တွင်တွင်ဆွဲထားသည်။ နောက်ဆုံး သူ့ဘက်ကိုယ့်ဘက် ငြင်းကြခုန်ကြရင်းဖြင့် ဆွဲလားရွဲလားတွေ ဖြစ်ကုန်ကြတော့ မောင်ပဉ္ဖင်းက အားလုံးကို ငြိမ်ခိုင်းပြီး သူ့ကို စကားတစ်ခွန်းဆိုသည်။

"မယ်တော်ကြီးကို မုန်းလို့ အဝေးပြေးတာ ဟုတ်ပါ့မလားလေ။ ဒါပေမဲ့ ကျုပ်ကြောင့် မယ်တော်ကြီးစိတ်တွေတိုရတာ၊ ဒေါသထွက်ရတာ၊ ပင်ပန်းရတာတွေ မြင်တော့ ကျုပ်ကိုယ်ကျုပ် သားမိုက်လို့ တွေးမိပြီး မယ်တော်ကြီးနဲ့ ဝေးရာနေခဲ့တာပါ။ ကိုယ့်ကို မွေးထားတဲ့ အမေပဲလေ။ ဘယ်သူက မချစ်ပဲ နေမှာတုန်း၊ ချစ်တာပေ့ါ မယ်တော်ကြီးရယ်။ ကျုပ်ကောင်းမှုကုသိုလ်လုပ်တိုင်း မယ်တော်ကြီးနာမည်ခေါ်ပြီး အမြဲတမ်း အမျှပေးဝေနေကြပါ။ အပြစ်ရယ်လို့လည်း မတင်မိဖူးပါဘူး။ မယ်တော်ကြီးအတွက်ဆို ခြေထောက်တစ်ဖက်တင်မကဘူး နှစ်ဖက်လုံး ဖြတ်ပေးဆိုရင်တောင် ကျုပ်က ကြည်ကြည်ဖြူဖြူ ပေးနိုင်ပါတယ်။ အခု မယ်တော်ကြီးငိုနေတာ မြင်တော့ ကျုပ်လည်း စိတ်မကောင်းဘူး။ ဒါပေမဲ့ ဒီရွာကလူတွေကိုလည်း သနားတယ်"

မောင်ပဉ္ဖင်းမျက်နှာက ပြိုတော့မည့် မိုးလို ညိုလာပြီ။ မောင်ပဉ္ဖင်းဆီမှ မထင်မှတ်သော စကားကိုကြားတော့ သူလည်း ငိုရာမှ ရပ်မိချေပြီ။ အဟုတ်မှ ဟုတ်ပါလေစဟု သံသယဖြင့် မော့ကြည့်မိသည်။ အခုတော့ မောင်ပဉ္ဖင်း စကားတွေ ကြွယ်နေလှပါပြီရော။ အံ့သြမှုတွေကြားမှာ ထွက်ထားသမျှ ဒေါသတွေ၊ တင်းထားသမျှ မောဟတွေက ကြက်ပျောက် ငှက်ပျောက်။ အမောတွေ ပျောက်ပြီး ရွှင်လာရသည့် အပြုံးတွေက ကြည်ကြည်လင်လင်။ မောင်ပဉ္ဖင်းက သူ့ကို မမုန်းဘူးဆိုပါလား။

''၀မ်းသာလိုက်တာ မောင်ပဉ္ဖင်းရယ်။ တပည့်တော်မကို မမုန်းဘူးဆိုတာနဲ့ကို တပည့်တော်မ သေပျော်ပါပြီ။ ကျေနပ်ပါပြီဘုရား။ မောင်ပဉ္ဖင်း ပျော်သလောက်သာ သီတင်းသုံးပါတော့။ တပည့်တော်မလည်း အိမ်ကို မပြန်တော့ဘူး။ ကျောင်းမှာပဲ တစ်လ ကိုးသီတင်းနေပြီး မောင်ပဉ္ဖင်းကို စောင့်ရှောက်ပေးတော့မယ်။ အခုကျောင်းတင်ပွဲအတွက် ငှားထားတဲ့ မန္တလေးဇာတ်တစ်ဇာတ်ဖိုးစာ တပည့်တော်မ တာ၀န်ယူပါရစေ"

ရွာသူရွာသားတွေဖက်လှည့်ပြီး အဲဒီလို ပြောမိလိုက်တော့ ဟေးကနဲဆို ထွက်လာတဲ့ အသံက အကျယ်ကြီး။ တစ်ကမ္ဘာလုံးကလူတွေ အကုန်အော်သလား အောက်မေ့ရတယ်။ ရုတ်တရက်ဆိုတော့ လန့်သွားချက်။ နောက်တော့လည်း ကြည်နူးမိပြန်ပါရောလေ။ ဒီသားနဲ့ ဒီအမေ ဘယ်ကွဲနိုင်မှာမို့လဲ။ ကိုယ်တတ်နိုင်သမျှ လုပ်ပေးရမှာပေါ့။

နောက်ပိုင်းမှာ ရွာကလူတွေက သူ့ကို ဝိုင်းပြောကြတယ်။ ဒီဒကာမကြီး ဆိုးချက်တဲ့။

* * *
ဇေဦးယျာ
၂၀၁၇ ဧပြီလ ရွှေအမြုတေမဂ္ဂဇင်း 

No comments