New Artical

ဒေါက်တာခင်ခင်ကြီးရဲ့ ကိုဗစ်ကာကွယ်ဆေးထိုး အတွေ့အကြုံ

မြန်မာနိုင်ငံမှာ ခုချိန်ထိ ကိုဗစ်ကာကွယ်ဆေး ထိုးထားသူတွေထဲ ဓာတ်မတည့်သူ မရှိသလို ဆေးရုံတင်ရတဲ့ အခြေအနေထိ ရောက်သူလည်း မရှိဘူးလို့ ကိုယ်တိုင် ကာကွယ်ဆေးထိုးခံခဲ့သူ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေကို ပြောပါတယ်။ ဒေါက်တာခင်ခင်ကြီးကို ဗွီအိုအေသတင်းထောက် မစုစု ဆက်သွယ်မေးမြန်းထားပါတယ်။

မစုစု - မနေ့ကဆိုရင် မြန်မာနိုင်ငံမှာ ပထမဆုံး ကာကွယ်ဆေးထိုးတဲ့ ဒုတိယရက်လို့ ပြောရမှာပေါ့။ ဒုတိယရက်မှာ ဆရာမက ကာကွယ်ဆေး ထိုးခဲ့တယ်ဆိုတော့ ဆရာမရဲ့ အတွေ့အကြုံနဲ့ စိတ်ခံစားချက်ကို ပြောပြပေးပါ။

ဒေါက်တာခင်ခင်ကြီး - “ဟုတ်ပါတယ်၊ မနေ့က ဒုတိယရက်မှာ ကျမတို့ ပြည်သူ့ကျန်းမာရေးက ဝန်ထမ်းတချို့နဲ့အတူ ကာကွယ်ဆေး သွားအထိုးခံခဲ့ပါတယ်။ ပထမနေ့မှာတော့ ဦးစားပေးက ကုသရေးပိုင်းက တာဝန်ရှိတဲ့သူတွေက ဦးစားပေးအနေနဲ့ ထိုးတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ရောဂါကူးစက်ဖြစ်ပွားမှုကို တိုက်ရိုက်ကိုင်တွယ်ပြီး အလုပ်လုပ်နေရတဲ့လူတွေ ဖြစ်ပါတယ်။ ပြီးရင် မနေ့ကတော့ ကျမတို့ ထိုးပါတယ်။ ကျမထိုးတဲ့အချိန်မှာတော့ မနေ့က ၃ နာရီထိုးဖို့ ၂ မိနစ်လိုတဲ့အချိန်မှာ ကျမ ကာကွယ်ဆေး ထိုးပြီးပါတယ်။

“ကာကွယ်ဆေး မထိုးခင်မှာ ကျမတို့ ဝင်သွားကတည်းက သူတို့ ခရီးဦးကြိုပါတယ်။ ပြီးရင် ကျမတို့ကို ထိုင်ခုံမှာ ထိုင်ခိုင်းပါတယ်။ ထိုင်ခိုင်းပြီး ကျမတို့ကို Pressure တိုင်းပါတယ်။ သွေးပေါင်ချိန် ဘယ်လောက်ရှိသလဲ၊ တကယ်လို့ သွေးပေါင်ချိန် တက်နေရင် ချက်ချင်းထိုးလို့မရပါဘူး။ ခန နားရပါမယ်။ နားပြီးမှ ပြန်တိုင်းပြီးမှ စိတ်ချရမှ။ ဘာဖြစ်လို့လဲဆိုတော့ လှုပ်ရှားမှုလုပ်ရင် သွေးပေါင်က အနည်းနဲ့အများ တက်လာတတ်တော့ သွေးပေါင် ပုံမှန်ရှိမရှိ တိုင်းပါတယ်။ Pressure Normal ရှိမရှိ တိုင်းပါတယ်။ Oxygen Situation Normal ရှိမရှိ တိုင်းပါတယ်။ ကျမကတော့ Oxygen Situation ၉၉၊ Pressure ကတော့ ၁၃၀/၇၅ ပေါ့၊ ဒါလည်း ကျမ ပုံမှန်အားဖြင့် ၁၂၀ လောက်ပဲ ရှိရာကနေ နည်းနည်းလေး Exertion ဖြစ်တဲ့အတွက်ကြောင့်ပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ Exertion ဖြစ်တယ်ဆိုတာ စိုးရိမ်လို့ ကြောက်လို့တော့ မဟုတ်ပါဘူး။ ဝမ်းသာလို့။ တကယ့်ကို ဒီလိုမျိုး ကပ်ရောဂါအတွက် ကာကွယ်တဲ့ဆေး ကိုယ့်နိုင်ငံမှာ ထိုးနိုင်တယ်ဆိုတာ ဒါကိုလည်း ပီတိိဖြစ်တယ်၊ ဝမ်းမြောက်တယ်ပေါ့။ ဒါကြောင့်လည်း ကျမ ၁၃၀ လောက်အထိ တက်သွားတယ်။ Temperature လည်း ကျမ Normal။ အဲဒါပြီးရင် ကျမရဲ့စာရွက်မှာ ရေးသွင်းတာတွေလုပ်တယ်။ ကျမက Married လား၊ Single လား မေးပါတယ်။ ပြီးရင် ကလေးရှိလား၊ ကလေးနို့တိုက်နေလား၊ ကိုယ်ဝန်ရှိနေသလား စသဖြင့် သေချာမေးပါတယ်။ အဲဒီလိုမျိုး သေချာ လုပ်ပြီးတော့မှ ထိုးမယ့်ဆီကို ကျမတို့ကို သွားခိုင်းပါတယ်။ ကျမတို့ထိုးမယ့်နေရာကတော့ အငြိမ်းစားဝန်ထမ်းဆေးရုံ နေပြည်တော် ကုတင် ၃၀၀ ဆေးရုံဖြစ်ပါတယ်။ အဲဒီဆေးရုံမှာ ထိုးမယ့်နေရာ ၅ ခုလောက် ထားထားပါတယ်။ Manage လုပ်တဲ့လူက ဒီနေရာသွားပါဆို အဲဒီမှာမှ ကိုယ်က ကာကွယ်ဆေးကို ထိုးမယ်၊ အခုထိုးတာကတော့ Covishield ကာကွယ်ဆေးဖြစ်တယ်၊ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးရင် ဖျားတာ၊ ရောင်တာ၊ နီတာ၊ နာတာ ဒါမျိုးတွေ ဖြစ်နိုင်တယ်လို့ ရှင်းပြတယ်။ ကာကွယ်ဆေးကို ထိုးပေးတဲ့သူကတော့ PPE Level 2 ဝတ်ဆင်ပါတယ်။ Mask ရယ်၊ Faceshield ရယ်၊ Apron ရယ် ဝတ်ဆင်ပါတယ်။ အခု ကျမတို့က အသားထဲထိုးရတဲ့ ကာကွယ်ဆေး ဖြစ်တဲ့အတွက်ကြောင့် ၉၀ ဒီဂရီ၊ ကိုယ့်ရဲ့ Alignment ပေ့ါ ကိုယ့်လက်မောင်းနဲ့ တန်းတန်းလေးထိုးပါတယ်။ ဒီဟာကတော့ တချို့တွေကပြောတယ်၊ ဟာ ဒီကာကွယ်ဆေးက အပ်တဆုံးထိုးတယ်၊ အပ်တဆုံးထိုးတာ မဟုတ်ပါဘူး။ အားလုံးလည်း မေးခိုင်ကာကွယ်ဆေးတွေ ထိုးဖူးကြတယ်။ ကိုယ်ဝန်ဆောင်တွေဆိုရင် ကိုယ်ဝန်တခါဆောင်ရင် မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ် သုံးကြိမ် ဒါမျိုးတွေ ထိုးဖူးကြတယ်။ ဒီသဘောပါပဲ၊ ဒါကို စိုးရိမ်စရာ မလိုပါဘူး။ နာလို့နာမှန်းတောင် မသိဘူး၊ ထိုးလို့ ထိုးမှန်းတောင် မသိဘူး။ ကျမ တကယ်ကို တော်တော် ကျေနပ်သွားပါတယ်။

“ထိုးပြီးရင် အဲဒါကို ဂွမ်းလေးနဲ့၊ မခြေရပါဘူး ကာကွယ်ဆေးထိုးပြီးရင်၊ ဂွမ်းလေးနဲ့ အသာလေးပဲ အဲဒီနေရာလေးကို ထိထားလိုက်ရင် ရပါပြီ။ ပြီးရင်တော့ သူက ပြောပါတယ်။ ကျမရဲ့ ကာကွယ်ဆေးထိုးကတ်မှာ အမည်၊ အသက်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ အလုပ်အကိုင်၊ အလုပ်အကိုင်ကတော့ ကျန်းမာရေးဝန်ထမ်းဆိုတော့ Category 3 ထဲမှာ ပါပါတယ်။ အဲဒါက Automatic တခါတည်း ဖြည့်ပြီးသားဖြစ်ပါတယ်။ ဘာမှ လက်ရေးနဲ့ဖြည့်တာ မဟုတ်ပါဘူး။ သူက Electronic စနစ်နဲ့လုပ်တာ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးသည် သာမန်ကာကွယ်ဆေးတွေလို မဟုတ်ပါဘူး။ ကမ္ဘာ့ကပ်ရောကို ရပ်တန့်နိုင်တဲ့ လက်နက်တခု ဖြစ်တဲ့အတွက် Electronically သေသေချာချာ မှတ်တမ်းတင်ပါတယ်။ မှတ်တမ်းတင်ပြီး ကျမထိုးတာသည် ၂ နာရီ ၅၈ ဖြစ်ပါတယ်ဆိုပြီး တခါတည်း ရေးပေးလိုက်ပါတယ်။ အဲဒီ ထိုးတဲ့အခါမှာ နောက်တကြိမ် ဘယ်တော့လာထိုးရမလဲ၊ နောက်လေးပတ်အကြာထိုးဖို့ ရက်ပါ တခါတည်း ပေးပါတယ်။ ကျမကို ကာကွယ်ဆေးထိုးပေးတဲ့ သူနာပြုရဲ့နာမည်၊ အခု ကာကွယ်ဆေးထိုးတာ ဘယ်မှာထိုးတာလဲ၊ စုရပ် တခါတည်း ရေးထားလိုက်ခြင်းအားဖြင့် ပြည့်ပြည့်စုုံစုံ Information တွေ ရှိပြီးသားဖြစ်ပါတယ်။

“အခု ကျမကိုထိုးပေးတဲ့ ကာကွယ်ဆေးသည် ဘယ် Log နံပါတ်၊ ဘယ်အဆိုင်း ဘယ်အသုတ်က ကာကွယ်ဆေးလဲဆိုတာ တခါတည်း ရေးထားပြီးသားဖြစ်လို့ အကြောင်းတစုံတရာအရ တခုခုဖြစ်တယ်ဆိုရင် ဒီကာကွယ်ဆေးနဲ့ ပတ်သက်လို့ ပြဿနာ ဘာရှိသလဲ ဆိုတာကိုပါ စုံစမ်းစစ်ဆေးနိုင်ဖို့ ကိစ္စတွေကအစ အသေးစိတ် လုပ်ပါတယ်။ အဲဒီမှာ ကျမတို့ နာရီဝက် စောင့်ရပါတယ်။ စောင့်ဖို့ ထိုင်ဖို့ ခုံလေးတွေလည်း ပေးထားပါတယ်။ ဒီနေရာမှာတော့ ကြားထဲမှာ မိမိမှာ မူးတာ ဝေတာ ဘာပြဿနာရှိလဲ၊ ဒါလေးတွေ ပြန်ပြောပေါ့။ အများစုကတော့ ကျမသွားထိုးတဲ့ တလျှောက်လုံးမှာလည်း ဘာမှပြဿနာ မရှိပါဘူး။ ဆေးကြောင့် တခုခုဖြစ်တယ်ဆိုရင် ဆေးထိုးပြီး ၁၅ မိနစ်ဝန်းကျင်မှာ ဖြစ်တဲ့အတွက်ကြောင့် နာရီဝက် စောင့်ကြည့်ခြင်းဟာ အန္တရာယ် ကင်းပါတယ်။ စိတ်ချရပါတယ်။

“ဒီနေရာမှာ ကာကွယ်ဆေးနဲ့ ပတ်သက်ရင် ၁၀ ရာခိုင်နှုန်းဝန်းကျင်၊ ၁၀ ရာခိုင်နှုန်းကျော်ကျော်ကတော့ သာမန် ဆေးထိုးတဲ့နေရာမှာ နာတာ၊ နီတာ၊ ရောင်တာ၊ ခေါင်းကိုက်တာ၊ ပျို့အန်ချင်တာ၊ မစားချင် မသောက်ချင်ဖြစ်တာ ဒါမျိုးလေးတွေတော့ ရှိပါတယ်။ ဒီနေရာမှာ လူ ၁၀၀ မှာ ၁ ရာခိုင်နှုန်းလောက်ကတော့ သာမန်လက္ခဏာအနေနဲ့ နည်းနည်းလေးပို ပြင်းထန်ပါတယ်။ ဒါကတော့ ကျမတို့ MOHS ဝက်ဆိုက်ကလည်း သေသေချာချာ ဖော်ပြထားတဲ့အတွက် ဒီဟာတွေနဲ့ ပတ်သက်ရင် သေချာဖတ်ပါ။”

Ref : VOA

No comments