New Artical

မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓ သာသနာတော်ကိုထွန်းလင်းတောက်ပစေခဲ့သော ရှင်အရဟံမထေရ်မြတ် သမုတ်ခဲ့သည့် "သိမ်" များ


 မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓ သာသနာတော်ကိုထွန်းလင်းတောက်ပစေခဲ့သော ရှင်အရဟံမထေရ်မြတ် သမုတ်ခဲ့သည့် "သိမ်" များ

ရှင်အရဟံမထေရ်သည် သာသနာတော်၏ အသက်တစ်ခုဖြစ်သော ယခင်က မရှိဖူးသေးသည့် သိမ်များကို ပုဂံနှင့် အနော်ရထာမင်းကြီး စိုးစံရာဒေသတို့တွင် ကျမ်းဂန် ဒေသနာတော်နှင့် လျော်ညီစွာ သမုတ်တော်မူခဲ့သည်။ အဆိုပါ သိမ်များအနက် (ဝိနယာလင်္ကာရ ဋီကာ အလိုအရ) စံနမူနာ အတိုင်းအတာအဖြစ် စံပြုရမည့် သိမ်မှာ မြင်းကပါရွာ၏ အရှေ့တောင် ကုသိနာရုံဘုရား အနီးရှိ သိမ်တော်ပင် ဖြစ်သည်။ ရှင်အရဟံမထေရ်မြတ် သမုတ်ခဲ့သည့် သိမ်များမှာ (မှတ်တမ်းများအရ) (၂၇) လုံးဖြစ်သည်။ ၎င်းသိမ်တို့မှာ ပုဂံ၏ အရှေ့ဘက်တွင် (၆) လုံး၊ တောင်ဘက်တွင် (၄) လုံး၊ မြောက်ဘက်တွင် (၄) လုံးတို့ဖြစ်သည်။ မိတ္ထီလာမြို့တွင် သိမ် (၉) လုံးနှင့် မန္တလေးမြို့တွင်လည်း (၄) လုံးတို့ ဖြစ်ကြသည်။
▪️ပုဂံ၏ အရှေ့ဘက်သိမ်တို့မှာ_
(၁) ရွှေစည်းခုံ ပရိဝုဏ်အတွင်းရှိ သိမ်ကြီး
(၂) ပုဂံနှင့် တယူဇနာ (၆ တိုင်နှင့် တာ ၄၀၀) ကွာ ငါ့သရောက်သိမ်
(၃) ဇီးကျမ်းရွာသိမ်
(၄) တစိုးမလည်ရွာသိမ်
(၅) နွားထိုးကြီးနှင့် ကျောက်ပန်းတောင်းကြားရှိ သိမ်
(၆) တောင်သာနယ်၊ ကျောက်ဆောင်သိမ်တို့ ဖြစ်သည်။
▪️ပုဂံ၏တောင်ဘက် တယူဇနာအတွင်းရှိ သိမ်တို့မှာ -
(၁) ကွမ်းဖလားသိမ်
(၂) ကျောက်ပန်းတောင်း မြို့အနီး နှစ်ကျပ်ခွဲသိမ်
(၃) ထန်းပေါက်ကုန်းသိမ်
(၄) လယ်ယားသိမ်
▪️ပုဂံမြောက်ဘက် သိမ်တို့မှာ_
(၁) ညောင်ပင်လှ သိမ်
(၂) အိုင်ရေဦးစကန် သိမ်
(၃) ရေကြည် သိမ်
(၄) ကူရွာသိမ်တို့ ဖြစ်သည်။
▪️မိတ္ထီလာမြို့ရှိ သိမ်တို့မှာ ကန်အထက်တွင် (၄ )လုံး၊ ကန်အောက် (၄) လုံး၊ မြို့လယ်တွင် (၁)လုံး တို့ဖြစ်သည်။ ၎င်းတို့မှာ_
(၁) ပဲသီတာ သိမ်
(၂) ကတ်ထုကံ သိမျ
(၃)ဝတ်ကျောက် သိမ်
(၄) ရှင်ပင်ကူ သိမ်
(၅) သားဖန်း သိမ်
(၆) ကလိန်ခြေ သိမ်
(၇) ကူဖြူ သိမ်
(၈) ကုန်းတောင်း သိမ်
(၉)ထီးသုံးဆင့် သိမ်တို့ဖြစ်သည်။
▪️မန္တလေးမြို့နှင့် မန္တလေးမြို့အနီးရှိ သိမ် (၄) လုံးမှာ_
(၁) သန်းခေါင်ယံ သိမ် (ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်၊ ပြည်ကျောင်းတိုက်အတွင်းတွင်ရှိသည်)
(၂) နေဝင်သိမ် (အောင်မြေသာဇံမြို့နယ်၊ ညောင်ကွဲ (၁၁) လမ်းတွင် ရှိသည်)
(၃) နေထွက်သိမ် (ပုသိမ်ကြီးမြို့နယ်၊ အောင်ပင်လယ် ဘိုတက်ကုန်းတွင်ရှိသည်)
(၄) မွန်းတည့်သိမ် (ချမ်းအေးသာဇံ၊ ပြင်ဦးလွင်ကားလမ်း၊ အနောက်ဘက်၊ ကန်ဘောက်ရွာတွင် ရှိသည်) တို့ဖြစ်သည်။
ရဟန်းလောင်းတို့ ဥပသမ္ပဒကံ ဆောင်ရာတွင် သမ္ပတ္တိ ငါးပါးအနက် သီမာသမ္ပတ္တိသည် အရေးကြီးသော အချက်တစ်ခုအဖြစ် ပါဝင်သည်။ ထို့ကြောင့် ရှင်အရဟံမထေရ်သည် မရှိမဖြစ် သိမ်များကို သာသနာတော် စည်ပင်ပြန့်ပွားစေရန် သမုတ်တော်မူ ခဲ့လေသည်။ ပခုက္ကူဆရာတော် ကျမ်းတတ်အကျော် အရှင်နန္ဒဝံသ မထေရ်မြတ်ကလည်း ရှင်အရဟံ မထေရ်မြတ်သည် ရဟန္တာ အစစ်ဖြစ်ကြောင်းကို ရွှေစည်းခုံဘုရား သမိုင်းတွင် မိန့်ကြားခဲ့ပါသည်။

မူရင်း၊ ကိုးကား_
မောင်မွှေးကြိုင် (အရဟံမထေရ် သမုတ်တော်မူခဲ့သည့် သိမ်တော်များ)

1 comment:

  1. ဖုန်းနံပါတ် လေးပေးပါလား

    ReplyDelete