New Artical

အချိန်ကို တန်ဖိုးထားခြင်း


 တစ်စက္ကန့်အတွင်းမှာ လက်ဖျစ်တတစ်ဖျစ်အတွင်းမှာ စိတ်ပေါင်း ကုဋေတစ်သိန်းလောက်ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်အတွင်းမှာ ကုသိုလ်စိတ်ဖြစ်လိုက်ရရင် ကုသိုလ်စိတ်ပေါင်းဘယ်လောက်ဖြစ်မလဲ။ ကုဋေနဲ့ချီပြီးဖြစ်သွားပြီနော်။

ဒီတစ်စက္ကန့်လေးကိုတန်ဖိုးထားနိုင်မှ နောက်တစ်စက္ကန့်လေးကိုလည်းတန်ဖိုးထားနိုင်မှာ။ ဒီလို စက္ကန့်တိုင်း စက္ကန့်တိုင်း၊ တစ်ခဏတိုင်း တစ်ခဏတိုင်းကို တန်ဖိုးထားနိုင်မှသာ ဘဝဟာ တန်ဖိုးရှိတဲ့ဘဝ ဖြစ်မှာပါ။ Time is life. အချိန်သည်ပင်လျှင်ဘဝ၊ အချိန်သည်ပင်လျှင်အသက်ပဲ။

ငါးမိနစ်၊ဆယ်မိနစ်အချိန်ဟာ တကယ်တန်ဖိုးရှိရှိအသုံးချတတ်မယ်ဆိုရင် အများကြီးအကျိုးများတယ်၊ ခရီးရောက်တယ်။ တန်ဖိုးရှိရှိအသုံးမချတတ်ရင် ဒီငါးမိနစ်၊ဆယ်မိနစ်ဟာ မသုံးလိုက်ရဘဲကုန်သွားတယ်။

အလုပ်အင်မတန်များကြတဲ့ခေတ်မှာ အချိန်မရဘူးလို့ တော်တော်ပြောကြတယ်။ အဲဒီတော့ အချိန်ရအောင်ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ်ရမလဲဆိုတော့ လျှော့လို့ရတာမှန်သမျှလျှော့ဖို့ပဲ။

အချိန်မရှိဘူး၊ အချိန်မရှိဘူးလို့ပြောကြတယ်။ အချိန်မဖြုန်းရင်အချိန်ရှိပါတယ်။

No time to waste. No time for cheap entertainments.


 

ဖြုန်းစရာအချိန် မရှိဘူး။ အပေါစားဖျော်ဖြေစရာတွေအတွက် အချိန်မရှိဘူး။

စနစ်တကျလုပ်တာ၊ အချိန်မှန်မှန်လုပ်တာ၊ သပ်သပ်ရပ်ရပ်လုပ်တာလည်း discipline ရှိတဲ့သူ၊ စနစ်ရှိတဲ့သူ၊ စည်းကမ်းရှိတဲ့သူ၊ တိကျတဲ့သူ၊ သေချာတဲ့သူပဲ။ လုပ်ချင်တဲ့အခါလုပ်မယ်၊ မလုပ်ချင်တဲ့အခါမလုပ်ဘူးဆိုရင် စည်းကမ်းမရှိဘူး။ စနစ်မရှိဘူး။ discipline မရှိဘူး။ လုပ်စရာတွေများတဲ့သူဆိုရင် အချိန်ဇယားရှိဖို့ပိုတောင်အရေးကြီးတယ်။ စီစဉ်ထားတဲ့အတိုင်းလုပ်ဖြစ်အောင် ကြိုးစားရမယ်။

မနက်စောစောအိပ်ရာထ၊ ဘုရားရှိခိုး၊ ခဏတရားထိုင်ပြီးရင် ဒီနေ့ဘာလုပ်မယ်ဆိုတာကို သေသေချာချာစဉ်းစားပါ။ ကိုယ်က အကျိုးရှိတာကိုလုပ်မယ်လို့စဉ်းစားမထားရင် ဘာဖြစ်မလဲ။ ကြုံရာကိစ္စတွေလုပ်မိမှာပဲ။ အဲဒီကြုံရာကိစ္စတွေကလည်း ပြီးနိုင်တယ်၊ ဆုံးနိုင်တယ်လို့ မရှိဘူး။

ဒီနေ့တစ်နေ့တာလုံး ငါဘာလုပ်မယ်ဆိုတာကို သေသေချာချာစဉ်းစားတဲ့အကျင့်မရှိတဲ့သူဟာ ကိုယ့်ဘဝကိုကိုယ် ဘယ်လိုနေချင်တယ်ဆိုတာကို ဘယ်လိုမှအဖြေရှာလို့ရမှာ မဟုတ်ဘူး။ ကြုံရာကိစ္စတွေကိုလုပ်ရင်းနဲ့ပဲ တစ်နေ့ကုန်သွားမယ်။ အဲဒီ တစ်နေ့တစ်နေ့တွေပေါင်းလိုက်တော့ တစ်ဘဝဖြစ်သွားတယ်။

တရားအားထုတ်မယ်လို့ ရည်ရွယ်ချက်ထားလိုက်တဲ့လူဟာ အလုပ်တစ်ခုကိုလုပ်တိုင်း လုပ်တိုင်း ဒီအလုပ်အတွက် ငါပေးလိုက်ရတဲ့အချိန်နဲ့ ငါအပင်ပန်းခံလိုက်ရတာနဲ့ ငါရတဲ့အကျိုးဟာ တွက်ခြေကိုက်ရဲ့လား။ ဒီအလုပ်ကိုငါလျှော့ရင် ဖြစ်သလားလို့ ကိုယ့်ကိုယ်ကိုကိုယ်မေးရမယ်။

သတိနဲ့ဉာဏ်နဲ့ယှဉ်ပြီးတော့ လုပ်သင့်တာတွေကို မလစ်ဟင်းအောင်လုပ်လို့ရှိရင်တော့ ကိုယ့်အချိန်တွေကို ကိုယ်အကောင်းဆုံးသုံးလိုက်နိုင်တယ်။ ကိုယ့်ရဲ့ငွေဆိုလည်းပဲ အကောင်းဆုံးနေရာမှာသုံးပါ။ ကိုယ့်ရဲ့အင်အားကိုလည်းပဲ အကောင်းဆုံးနေရာမှာသုံးပါ။ ကိုယ့်ရဲ့စဉ်းစားနိုင်တဲ့၊တွေးခေါ်နိုင်တဲ့အရည်အချင်း၊ အသိဉာဏ်ကိုလည်း ကောင်းတဲ့အတွေးတွေတွေးပြီးတော့ ကောင်းတဲ့အတွေးအခေါ် အယူအဆလေးတွေကို ဖြစ်အောင်လုပ်ပါ။

ကိုယ့်ဘဝကိုတကယ်တိုးတက်ပြီး ကျေကျေနပ်နပ်နေချင်တယ်ဆိုရင် လုပ်သင့်တဲ့ကိစ္စဟာ ရိုးရိုးလေးလွယ်လွယ်လေးပါပဲ။ သိပ်မခက်ပါဘူး။ ဘယ်အလုပ်ပဲလုပ်လုပ်၊ ဒါဟာတကယ်အကျိုးရှိရဲ့လား။ ဒီထက်ပိုကောင်းတာလုပ်ရင်ရောဖြစ်သေးသလား။ ငါ့အချိန်တွေကို အကောင်းဆုံးဘယ်လိုသုံးရမလဲ၊ အဲဒါကို အမြဲတမ်းဆင်ခြင်ရမယ် စဉ်းစားရမယ်နော်။

လူတွေဟာ ဉာဏ်ရှိတဲ့သတ္တဝါဖြစ်တာတော့မှန်တယ်။ ဒါပေမယ့် စိတ်အလိုလိုက်၊လောဘအလိုလိုက်ပြီးတော့ အကျိုးမရှိတာတွေအများကြီးလုပ်တယ်။ အဲဒါကြောင့် တရားအားထုတ်မည့်သူ၊ ဘဝရဲ့ အရည်အသွေးနဲ့အဆင့်အတန်းမြင့်မားမှုကို လိုလားတဲ့လူဆိုရင် ဘယ်အလုပ်လုပ်လုပ် အကျိုးရှိမရှိဆိုတာကို လေးလေးနက်နက်စဉ်းစားရမယ်နော်။

ငယ်ငယ်တုန်းကအချိန်နဲ့ အသက်ကြီးတဲ့အချိန်နဲ့ အချိန်ချင်းတူသော်လည်း အချိန်ကိုအသုံးချတဲ့ အရည်အသွေးချင်း မတူတော့ဘူး။ ဒါ့ကြောင့် အခုလိုကျန်းမာနေတဲ့အချိန်၊ လုပ်နိုင်ကိုင်နိုင်တဲ့အချိန်မှာ ကိုယ့်အချိန်ကို ပိုပြီးတော့တန်ဖိုးထားရမယ်။

အသက်ကြီးလို့အိုမင်းသွားတဲ့အချိန်မှာ သတိတွေ မေ့လျော့ချွတ်ချော်ပြီးနေတယ်။ တစ်နေ့တာရသော်လည်းပဲ သူ့တစ်နေ့တာအချိန်ဟာ ဘယ်လိုကုန်သွားမှန်းမသိတော့ဘူး။ မောဟနဲ့နေတာ များသွားပြီကိုး။ ဒါကြောင့် မိမိအခုရရှိထားတဲ့ပစ္စုပ္ပန်အချိန်ကို အများဆုံးတန်ဖိုးထားစေချင်တယ်။

ပစ္စုပ္ပန်မှာရသလောက်ကို နည်းနည်းဖြစ်ဖြစ်လုပ်တဲ့လူဟာ အနာဂတ်မှာအခြေအနေပေးလာလို့ရှိရင် ပိုပြီးလုပ်နိုင်ပါလိမ့်မယ်။ ပစ္စုပ္ပန်မှာရသမျှအချိန် ငါးမိနစ်၊ဆယ်မိနစ်ကအစ တန်ဖိုးရှိရှိအသုံးမချနိုင်ရင် သူစိတ်ကူးယဉ်မျှော်မှန်းထားပေမယ့် အဲဒီအနာဂတ်ဆိုတာကိုရောက်လာတဲ့အခါမှာ သူ့မှာ အကြောင်းပြစရာတွေအများကြီးနဲ့ မအားဘူးလို့ပဲပြောဦးမှာပဲ။

ပစ္စုပ္ပန်ဟာတန်ဖိုးအရှိဆုံးပါ။ အနာဂတ်ကိုမျှော်ပြီး ပစ္စုပ္ပန်ကိုမဖြုန်းသင့်ဘူး။ သင်မျှော်လင့်နေတဲ့အနာဂတ်ဟာပစ္စုပ္ပန်ဖြစ်လာတဲ့အခါ သင့်မှာ အဲဒီပစ္စုပ္ပန်ထက်ပိုကောင်းတယ်လို့ထင်ရတဲ့ နောက်ထပ် အနာဂတ်တစ်ခုရဦးမှာပဲ။ မျှော်လင့်နေတာက ဆုံးမှာမဟုတ်တော့ဘူး။ လက်ရှိကိုအကောင်းမထင်တတ်တာ လူ့သဘာဝပါပဲ။

အသက်ရှည်ရှည်တော့နေချင်တယ်။ ဒါပေမယ့် နေရတဲ့အချိန်တွေကိုဖြုန်းနေရင် အသက်ရှည်တာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။ အကျိုးရှိတာတွေလုပ်ပြီး ဘဝကိုကျေကျေနပ်နပ် တန်ဖိုးရှိရှိနေမှသာ အသက်ရှည်တာ အဓိပ္ပါယ်ရှိတော့မှာပေါ့နော်။ နေတတ်ရင် တစ်ဘဝထဲမှာ နှစ်ဘဝစာလောက်လုပ်လို့ရတယ်။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)


No comments