New Artical

"အုတ်ခဲပုံကြီးကို ရှိခိုးဦးချနေခြင်းမဟုတ်"


 

"အုတ်ခဲပုံကြီးကို ရှိခိုးဦးချနေခြင်းမဟုတ်"

#တစ်ခုချင်းစီ၏ #အဓိပ္ပါယ်အကျဉ်းများမှာ
(၁) တံခွန်တိုင် = မာန ( ရတနာတော်မြတ် ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)
(၂) ပန်းတင်ခုံ = ပတ္ထနာ - နိဗ္ဗာန်ရောက်ကြောင်း ဆုတောင်းရန်
(၃) ရှစ်မြှောင့် = မွေးခြင်း(၄)မျိုး+ သေခြင်း(၄) မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်
(၄) ကြီဝင်း-၅ခု = ဂတိ-၅ပါးမှ လွတ်အောင် ကြိုးစားကြရန်
(၅) ခါးစည်း = သီလ/သမာဓိ/ပညာ ဟူသော အဓိသိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်
(၆) ခေါင်းလောင်း = မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တဝါများသို့ မျှဝေပေးရန်
(၇) ဖောင်းရစ်-ရရစ် = ၀ိသုဒ္ဓိ ရပါး(စင်ကြယ်ခြင်း ရမျိုး)ပြည့်စုံအောင်ကြိုးစားကြရန်
(၈) သပိတ်မှောက် = တဏှာ/မာန/ဒိဌိ(အယူမှား) ဟူသော သံသရာနယ်ချဲ့တတ်သည့်ပပဥ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန့်ကျင်တော်လှန််ကြရန်
(၉) ဘီလူးပန်းဆွဲ-၁၆ခု = ဉာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်
(၁၀) ကြာမှောက်/ကြာလှန်= ကြာပန်းသည် ဗုဒ္ဓမြတ်စွာဘုရား၏သင်္ကေတ
(၁၁) ထီးတော်ဘုံ ရဆင့် = အေးငြိမ်းသည့် အရိယာသူတော်စင်တို့ ရရှိခံစားရသည့်မဂ်(၄)တန်+ ဖိုလ်(၄)တန်(သောတာပတ္တိမဂ်အပါအဝင်)
(၁၂) ငှက်မြတ်နား = ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ  စာရေး စာချ တရားဟော တရားပြ/သာသနာပြုသူတော်မြတ်အလုပ်များဖြင့် ခေတ္တနားခိုရာ
(၁၃) စိန်ဖူးတော် = စိန်တွင် အညစ်အကြေးပါဝင်မှု ကင်းစင်သလို ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊ စိ်တ်အညစ်အကြေး
(ကိလေသာ) အားလုံး ကင်းစင်သည့် နိဗ္မာန်တရားတော်မြတ်
သူတော်ကောင်းတရား လွှမ်းပတ်ကမ္ဘာတည်ပါစေ…
ယုတ်မာညစ်ဆိုး ဒုစရိုက်မျိုးကို
သူတော်လက်နက် တရားစက်ဖြင့်
ဖြိုဖျက်နိုင်ကြပါစေ…
အလောင်းအလျာ ဖြည့်ကောင်းရာသည့်
သုံးဖျာဆယ်လီ ပါရမီတော်တို့ကို
မလင့်ပုံသေ ဖြည့်ကျင့်နိုင်ကြပါစေကုန်သတည်း…။
 


စေတီပုထိုးစေတိယ
စေတိယ-သဒ္ဒါသည် အမြတ်တနိုး ကိုးကွယ်ရာဟူသော အနက်အဓိပ္ပါယ်ကို ဟောဆိုပါသည်။ စေတီ, ပုထိုး ဟူသည် ဘုရားစေတီ၊ ဘုရားပုထိုး၊ လူ, နတ်, ဗြဟ္မာသတ္တဝါတို့ဖြင့် မြင့်မြင့်မောက်မောက် တည်ဆောက်ပြုလုပ်သော အရာပင်ဖြစ်၏။
ယင်းစေတီကို ပါဠိလို - စေတိယ၊ ထူပ၊
သက္ကတလို - စဲတျသ္တုပ၊
ကိုရီးယားလို - ထပ်ပဲ၊
သီဟိုဠ်လို - စဲတျ၊ စယ်ယသ္တုပ၊
အင်္ဂလိပ်လို - Pagoda, Dagoba, Shrine အသီးသီး ခေါ်ဝေါ်ကြသည်။
ဗုဒ္ဓဘာသာဝင်များက ရုပ်ပွားဆင်းတုတော်၊ သစ္စာလေးပါး သိမြင်တော်မူရာ ဗောဓိပင်နှင့်
မြတ်စွာဘုရား၏ သရီရဓာတ်တော်များကို ဌာပနာသွင်း၍ တည်ထားသည့် မြင့်မြင့်မောက်မောက် အဆောက်အအုံကို စေတိယ-စေတီ (သို့) ထူပ-စေတီပုထိုး-ဟု ခေါ်ကြသည်။
လူ, နတ်, ဗြဟ္မာ သတ္တဝါတို့ ကောင်းစွာမြတ်နိုး ဆင့်ဆင့်တိုး၍ ကိုးကွယ်ရာစေတီတော်သည်-
၁။ ပရိဘောဂ စေတီ၊
၂။ ဓာတု စေတီ၊
၃။ ဓမ္မ စေတီ -ဟူ၍ သုံးမျိုးရှိသည်။
မြတ်စွာဘုရား၏ အသုံးအဆောင်ဖြစ်သော ရေစစ်၊ ခါးပန်း၊ သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ စသည်တို့ကို ထည့်သွင်းဌာပနာအပ်သော စေတီတော်ကို ပရိဘောဂစေတီဟုခေါ်သည်။
သရီရဓာတ်တော်များကို ထည့်သွင်းဌာပနာ၍ တည်ထားကိုးကွယ်အပ်သော စေတီကို ဓာတုစေတီဟုခေါ်ဆိုသည်။
ပဋိစ္စသမုပ္ပါဒ် အစရှိသော တရားဒေသနာတော်များ ရေးသားသည့် ပေစာ၊ ဓမ္မက္ခန္ဓာ တို့ကို ထည့်သွင်းဌာပနာ၍ တည်ထားအပ်သောစေတီကို ဓမ္မစေတီဟုခေါ်သည်။
တနည်းအားဖြင့် စေတီတော်သည်---
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿ စေတီ၊
၃။ ဓာတု စေတီ (သာရီရိကစေတီ)ဟူ၍ သုံးမျိုးပြား၏။
ထိုတွင် ဘုရားရှင်အသုံးပြုနေထိုင်ရာ ဗောဓိပင်ကို ပရိဘောဂစေတီဟုခေါ်ရ၏။
ဘုရားရှင်ကိုယ်စား ရုပ်ပွားဆင်းတုတော်ကို ဥဒ္ဒိဿစေတီဟု ခေါ်ရ၏။
သဗ္ဗညု ရှင်တော်ဘုရား၏ ဓာတ်သားမွေသရီတော်တို့ကို ထည့်သွင်းဌာပနာရာစေတီကို ဓာတုစေတီဟု ခေါ်ဆိုရသည်။
ယခုခေတ်၌ ဖော်ပြပါ (၂)နည်းကိုပေါင်းစပ်၍-
၁။ ပရိဘောဂ စေတီ၊
၂။ ဥဒ္ဒိဿ စေတီ၊
၃။ ဓာတု စေတီ၊
၄။ ဓမ္မ စေတီ-ဟု ၄-မျိုး ခေါ်ဝေါ်သုံးစွဲကြကုန်၏။
ဘုရားရှင်သည် ပုဂ္ဂိုလ်တိုင်း၏ အရိုးဓာတ် စသည်တို့ကို ဌာပနာ၍ စေတီတည်ရန် ခွင့်ပြုတော် မမူပါချေ။
* သဗ္ဗညုဘုရားရှင်၏ ဓာတ်တော် စသည်များ၊
* ပစ္စေကဗုဒ္ဓ၏ သရီရဓာတ်တော်များ၊
* ရဟန္တာပုဂ္ဂိုလ်၏ သရီရဓာတ်တော်များ၊
* စကြာမင်း၏ အရိုးဓာတ်တို့ကိုသာ စေတီတည်ထိုက်၊ တည်ကောင်းတည်ရမည်ဖြစ်ကြောင်း မိန့်တော်မူသည်ကို သုတ်မဟာဝါပါဠိတော်, အင်္ဂုတ္တိုရ်ပါဠိတော်တို့၌ တွေ့နိုင်လေသည်။
စေတီတော်များ၏ ပုံသဏ္ဌာန်များမှာ ခေါင်းလောင်းပုံ၊ စပါးရိုးပုံ၊ ကောက်ရိုးပုံသဏ္ဌာန်၊ရေမြှုပ်ပုံ၊
မြင်းမိုရ်တောင်ပုံ၊ လခြမ်းထက်ဝက်ပုံ၊ ပဒုမ္မာကြာပန်းပုံ စသည်ဖြင့် တိုင်းပြည်၏ ယဉ်ကျေးမှုအလိုက် အမျိုးမျိုး တည်ဆောက်ကြ၏။
စေတီ, ပုထိုး တည်ထားကိုးကွယ်သော အလေ့အထမှာ ဘုရားပွင့်ရာကမ္ဘာတိုင်း အလွန်ရှေးကျလှပြီဖြစ်သော ကမ္ဘာအဆက်ဆက်ကပင် ရှိခဲ့ဖူးကြောင်း ဗုဒ္ဓဝံသပါဠိ၊ ဗုဒ္ဓဝံသဋ္ဌကထာ စသည့်ကျမ်းဂန်တို့၏ အဆိုအမိန့်ဖြင့် သိနိုင်လေသည်။
ဂေါတမဘုရားရှင်လက်ထက်တွင် ဘုရားရှင်ကိုယ်စား စေတီ, ပုထိုးများနှင့် သာဝကတို့၏ ဓာတ်တော်များ ဌာပနာသော စေတီ, ပုထိုးအများအပြား တည်ရှိခဲ့သည်။ ထိုစေတီတော်များအနက် တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီသည် ဂေါတမဘုရားလက်ထက်တွင် အစဆုံးစေတီဖြစ်သည်။
အလောင်းတော်သည် ကပိလနန်းမြို့တော်မှ တောထွက်ခဲ့ရာ ယူဇနာ (၃၀) ကွာလှမ်းသည့် အနော်မာမြစ်တဖက် သဲသောင်ပေါ်တွင် ဥသျှောင်တော်(ဆံတော်ကို) သံလျက်ဖြင့် ဖြတ်တော်မူ၍ ဘုရားဖြစ်မည်မှန်လျှင် ကောင်းကင်၌ တည်စေသတည်းဟု ဓိဋ္ဌာန်၍ ပစ်မြှောက်တော်မူလိုက်၏။ အလောင်းတော်၏ ဥသျှောင်တော်သည် တစ်ယူဇနာကွာသောကောင်းကင်၌ ပန်းဆိုင်းပမာ တည်နေလေသည်။
သိကြားမင်းသည် ဥသျှောင်တော်မြတ်ကို ရတနာကလာပ်ဖြင့် ပင့်ယူကာ တာဝတိံသာနတ်ပြည်၌ (၃)ယူဇနာအမြင့်ရှိသော စေတီတည်လျက် ဌာပနာကိုးကွယ်ခဲ့သည်။ ယင်းစေတီ၌ စွယ်တော်၊ လက်ယာညှပ်ရိုးတော်တို့ ကိန်းဝပ်တော်မူခဲ့သည်။
တဖန် အလောင်းတော်သည် မိမိဝတ်ဆင်ထားသည့် ကာသိတိုင်းဖြစ် ပုဆိုးအဝတ်တော်၌ ဤကာသိတိုင်းဖြစ် အယတ်တော်သည် ကောင်းလွန်းလှသည်။ အဖိုးတန်လွန်းလှသည်။ ချောမွေ့လွန်းလှသည်။ လှပလွန်းလှသည်။ အရောင်တလျှမ်းလျှမ်းဖြင့်လည်း ရဟန်းတို့အား မသင့်လျော်ပါချေ-ဟု ကြံစည်စဉ်းစားစဉ် မိတ်ဆွေ ဃဋိကာရဗြဟ္မာသည် ပရိက္ခရာ ၈-ပါးကို ယူဆောင်ခဲ့၍ အလောင်းတော်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။
အလောင်းတော်သည် ဃဋိကာရဗြဟ္မာ လှူဒါန်းသော သင်္ကန်းဖြင့် ရဟန်းအသွင်ယူကာ ပုဆိုးအစုံကို ကောင်းကင်သို့ ပစ်မြှောက်တော်မူပြန်သည်။ မဟာဗြဟ္မာသည် ပုဆိုးအစုံကို ပင့်ယူ၍ ဗြဟ္မာပြည်၌ ရတနာအမျိုးမျိုးတို့ဖြင့်ပြီးသော (၁၂)ယူဇနာ အမြင့် စေတီတည်၍ ဝတ်လဲတော်ကို ဌာပနာကာ ကိုးကွယ်ခဲ့လေသည်။ ထိုစေတီသည် ဗြဟ္မာ့ပြည်မှ ဒုဿစေတီဖြစ်လေသည်။ လက်ဝဲညှပ်ရိုးတော်ဓာတ်လည်း  ဗြဟ္မာ့ပြည်၌ ကိန်းဝပ်ကြောင်း ဗြဟ္မလောကေစဝါမကံ-ဟူသော ဗုဒ္ဓဝံသပါဠိဖြင့် သိသာသည်။
မဇ္ဈိမဒေသ၊ ဂယာမြို့မှ (၇)မိုင်အကွာ၌ တည်ရှိသော ဗောဓိပင်သည်လည်း ဘုရားရှင်နှင့်အတူ ဖွားမြင်ခဲ့သော ဖွားဖက်တော် ကိုးကွယ်ရာ ပရိဘောဂစေတီဖြစ်ပြီး ပလ္လင်တော်မှာ ဘုရားဖြစ်ခါနီးတွင် ဖြစ်ပေါ်လာသော ပရိဘောဂစေတီပင် ဖြစ်လေသည်။
မြတ်စွာဘုရား၏ ဓာတ်တော်များမှာ ဘုရားဖြစ်စကပင် လောကအတွင်း ပျံ့နှံ့ကိန်းဝပ် တည်ရှိတော်မူကုန်၏။ ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင်အနီး၌ ခုနစ်သတ္တာဟ (၄၉)ရက် သီတင်းသုံးတော်မူခိုက် မြန်မာပြည် အောက်ပိုင်း ရာမညတိုင်း၊ ဥက္ကလာပဇနပုဒ် (အသိတဥ္ဇနမြို့)မှ လှည်းငါးရာဖြင့်လာသော တပုဿ နှင့် ဘလ္လိက ကုန်သည်ညီနောင်တို့သည် ပျားမုန့်ဆုပ်နှင့် မုန့်ကြွက်ကျစ်တို့ကို လှူဒါန်း၍ သရဏဂုံဆောက်တည်ပြီး ကိုးကွယ်ရာတောင်းသောအခါ ဘုရားရှင်က ဆံတော်ရှစ်ဆူ ပေးသနားတော်မူ၏။
မိမိတို့ဇနပုဒ်သို့ရောက်၍  အဆိုပါ ဆံတော်ရှစ်ဆူကို ဌာပနာ၍ စေတီတည်ကြလေသည်။ ထိုစေတီကား ယခုအခါ ရန်ကုန်မြို့ရှိ ရွှေတောင်ကြီးတမျှ ခမ်းနားလှသည့် ရွှေတိဂုံ စေတီတော်ကြီးပင် ဖြစ်၏။
ဘုရားရှင်သည် ဘုရားဖြစ်တော်မူ၍ ၉-လမြောက် ပြာသိုလ်ပြည့်နေ့တွင် သီဟိုဠ်ကျွန်းသို့ ကြါတော်မူ၍ ဘီလူးတို့အား တရားဟော၍ ကျွတ်တန်းဝင်စေတော်မူခဲ့သည်။ မဟာသုမနနတ်မင်း၏လျှောက်ထားချက်အရ ဆံတော်တစ်ဆုပ် ချီးမြှင့်တော်မူသည်။ ယင်းကို ဌာပနာ၍ စေတီတည်ခဲ့ကြရာ ယင်းစေတီသည် မဟီယင်္ဂဏစေတီ-ဟု ယနေပတိုင် သာသနာတွင် ထင်ရှားလေသည်။
၅-ဝါမြောက်တွင်လည်း သီဟိုဠ်နာဂဒီပသို့ ကြွရောက်၍ ပတ္တမြားပလ္လင်အတွက် စစ်ဖြစ်ကြသည့် စူဠောဒရ၊ မဟာဒရ နဂါး တူအရီးတို့အား ချေချွတ်တော်မူခဲ့သည်။ ပတ္တမြားပလ္လင်ကို အလှူခ့၍ သီတင်းသုံးတော်မူခဲ့သည်။ နဂါးတို့သည် ပတ္တမြားပလ္လင်ကို ဌာပနာ၍ စေတီတည်ခဲ့ရာ ယင်းစေတီတော်သည် နာဂဒီပစေတီဟု ထင်ရှားလေသည်။
မဟာသက္ကရာဇ် (၁၄၈)ခုနှစ် ကဆုန်လပြည့်၊ အင်္ဂါနေ့တွင် ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ပါသည်။ အလောင်းတော်ကို မီးသဂြိုဟ်ပြီး မီးများငြိမ်းသွား၍ ရွှေတလားကြီးဖွင့်လိုက်သောအခါ ပြိုးပြိုးပြက်ပြက် အရောင်များ ထွက်နေသော ဓာတ်တော် (၁)တင်းသား ကျန်ပါသည်။
၁။ သွေးကဖြစ်လာသော ဓာတ်တော်ဆိုလျှင် အနီရောင် ဖြစ်ပါသည်။
၂။ အရိုးကဖြစ်သော ဓာတ်တော်ဆိုလျှင် အဖြူရောင် ဖြစ်ပါသည်။
၃။ အသား၊ အသည်း၊ အဆုတ်၊ နှလုံးကဖြစ်သော ဓာတ်တော်ဆိုလျှင် အညိုရောင်ဖြစ်ပါသည်။
လွန်ခဲ့သော အနှစ်နှစ်ထောင့်ငါးရာ ခေတ်အခါက ကုသိနာရုံအရပ်မှာ တစ်စိတ်ဆိုလျှင် နှစ်ပြည်ပဲ ရှိပါသည်။ မြန်မာနိုင်ငံမှာကဲ့သို့ လေးပြည်တစ်စိတ် မခေါ်ပါ။ နှစ်ပြည်ကို တစ်စိတ်ဟု ခေါ်ပါသည်။ ထိုဓာတ်တော် (၈)စိတ်တို့ကို ဒေါဏပုဏ္ဏားသည် အသီးသီးဝေငှလေသည်။
ဓာတ်တော်ဝေစုရသော မင်းတို့သည် အသီးသီး စေတီတည်ကြသည်မှာ (၁၀)ဆူ အရေအတွက်ရှိသည်။
၄င်းတို့မှာ---
၁။ ရာဇဂြိုဟ်ပြည်၌ ၁-ဆူ
၂။ ဝေသာလီပြည်၌ ၁-ဆူ
၃။ ကပလဝတ်ပြည်၌ ၁-ဆူ
၄။ အလ္လကပ္ပပြည်၌ ၁-ဆူ
၅။ ရာမရွာ၌ ၁-ဆူ
၆။ ဝေဌဒီပကတိုင်း၌ ၁-ဆူ
၇။ ပါဝေယျကတိုင်း၌ ၁-ဆူ
၈။ ကုသိနာရုံ၌ ၁-ဆူ
(ယင်း စေတီ ၈-ဆူကို ဓာတ်တော် တစ်စိတ်သားစီ  ဌာပနာသည်)။
၉။ ပိပ္ပလိတိုင်း၌ မီးသွေးဌာပနာ ၁-ဆူ
၁၀။ ဒေါဏပုဏ္ဏား ဓာတ်တော်ခြင်သည့် ပြည်တောင်း ဌာပနာ၍ တည်သောစေတီ ၁-ဆူ အားဖြင့် ၁၀-ဆယ်တို့ ဖြစ်ကုန်၏။
မီးမလောင်ဘဲနဲ့ ကျန်နေသော ဓာတ်(၇)ပါး ရှိပါသည်။
နဖူးသင်းကျစ်ရိုး ၁-ခု
ညှပ်ရိုး ၂-ချောင်း
စွယ်တော် ၄-ဆူ ဤ (၇)ခုတို့သည် မပျက်မစီး တစ်သားတည်း တည်ရှိနေပါသည်။ ပါဠိလို အသမ္ဘိန္ဒဓာတု-ဟုခေါ်ပါသည်။ ပင်ကို သရီရကာယဖြစ်သော အသွေး၊ အသား၊ အရိုးတော်များသည် အလုံးကလေး (ဓာတ်တော်) ဖြစ်သွားခဲ့၍ ပါဠိဘာသာအားဖြင့် သမ္ဘိန္ဒဓာတု-ဟုခေါ်သည်။
* သိကြားမင်းသည် ဒေါဏပုဏ္ဏား၏ ခေါင်းပေါင်းထဲ ညှပ်ထားသော လက်ယာအထက် စွယ်တော်တစ်ဆူကို ယူ၍ တာဝတိံသာနတ်ပြည်မှ စူဠာမဏိစေတီ၌ ဌာပနာ၍ ကိုးကွယ်သည်။
* ဇေယျသေန နဂါးမင်းသည် ပြာနှင့်ဖုံးထားသော လက်ယာအောက် စွယ်တော်ကို တန်ခိုးဖြင့်ပင့်ယူ၍ ကြီးကျယ်ခမ်းနားစွာ ကိုးကွယ်လေသည်။ ယင်းစွယ်တော်သည် နောက်-သီဟိုဠ်ကျွန်း၊ ပုလတ္ထိပုရမြို့ သောမာယတီ၌ ကိန်းဝပ်သည်ဟု အဆိုရှိသည်။
* ဂန္ဓာရတိုင်း၌နေဖူးသော ဗျာဒိတ်တော်ရ ရဟန်းတော်တပါးသည် ဒေါပုဏ္ဏား ခါးပိုက်ထဲထည့်ထားသည့် လက်ဝဲအထက် စွယ်တော်တဆူကို ကုသိုလ်စိတ်ဖြင့် ပင့်ယူ၍ ဂန္ဓာရတိုင်း၊ စေတိယတောအုပ်၌ စေတီတည်ထား ကိုးကွယ်ခဲ့လေသည်။ ဂန္ဓာရတိုင်းသို့ ရောက်သွားသော စွယ်တော်သည် ဂန္ဓာရတိုင်း သာသနာပျက်သောအခါ တရုတ်ပြည်မှ ဘုန်းကြီးများ လာပင့်သွားသည်။
* အရှင်သာရိပုတ္တရာ၏တပည့် ခေမာမည်သော ရဟန္တာအရှင်မြတ်သည် ခေါင်းတလားကို မဖွင့်ခင်ကပင် လက်ဝဲအောက်စွယ်တော်ကို တန်ခိုးဖြင့်ပင့်၍ ဗြဟ္မဒတ်မင်းသို့ အပ်နှင်းခဲ့သည်။
* ကလိင်္ဂတိုင်းမှာ စစ်ဖြစ်၍ စေတီ, ပုထိုးများ အကုန်လုံး အဖျက်ဆီးခံရသောအချိန်မှာ မင်းသမီးတပါးက ဆံထုံးထဲထည့်ပြီး ပင်လယ်ထဲ သင်္ဘောနှင့်ထွက်ပြေးကာ သီဟိုဠ်သို့ ပို့လိုက်သည်။ ယခုအခါ သီဟိုဠ်ကျွန်း ကန္နီအမည်ရှိသောမြို့၌ ကိန်းဝပ်တော်မူလျက် ရှိပါသည်။
ဗုဒ္ဓဘာသာတရားကို ရိုသေကိုင်းရှိုင်းသော ဘုရင်များသည် နိုင်ငံအရပ်ရပ်၌ စေတီတည်ပြီး ငြိမ်းအေးသော ဗုဒ္ဓဓာတ်တော်ကို ဌာပနာတည်ထားကိုးကွယ်ကြသည်။
အသောကမင်းလက်ထက် ရောက်သောအခါ ဓာတုစေတီ (၈)ဆူသည် နှစ်(၂၀၀)ကြာပြီဖြစ်သောကြောင့်
ဆွေးပြီးပြိုကျခဲ့ပါသည်။ ချ့ုထဲ၊ တောထဲ ရောက်ကုန်ပါသည်။ အသောကဘုရင်သည် နေ့စဉ် အိန္ဒိယပြည်ကို သွားပြီး စေတီတော်များကို ရှာပါသည်။ အသောကဘုရင်နှင့် မြတ်စါာဘုရား ပရိနိဗ္ဗာန်စံပြီးကြားမှာ နှစ်ပေါင်း (၂၀၀)ကြာပါသည်။ ဓာတ်တော်များကို ပြန်တူးရာ တစ်တင်းသား အကုန်လုံး ပြန်ရပါသည်။
ရှစ်ဆူသောစေတီတော်များထဲမှ ဓာတ်တော်တစ်တင်းကို (၈၄၀၀၀)ပုံပြီးအသီးသီးဖြန့်ပြီး ဌာပနာတို်က်မှာ ထားသောအခါ ကမ္ဘာမြေကြီးပေါ်မှာ ဘုရားဓာတ်တော်များ ပြန့်သွားပါသည်။ စေတီပေါင်း (၈၄၀၀၀)တည်ဆောက်ခဲ့ရာ ယခုတိုင် ဖူးမြင်နိုင်ပါသေးသည်။
ယခုမြန်မာပြည်တွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် စေတီအဆောက်အဦးတို့ကို အတင့်အတယ်၊ အလှအပများဖြင့် ပြုလုပ်၍ ကိုးကွယ်ခြင်းနည်းလမ်းများမှာ အဘယ်ကဆင်းသက်လာသောနည်းများဖြစ်ပါသနည်းဟုဆိုရသော်၊ ရှေးမာဂဓလူမျိုးများကပင် ဆင်းသက်လာသောနည်းများပင်ဖြစ်လေသည်။ အဘယ်အရာကိုထောက်၍ ရှေးအစဉ်အဆက်က စေတီရှိကြောင်းကို သိရသနည်းဆိုလျှင် ရှင်ဂေါတမရှိစဉ်အခါကပင် ဝေသာလီပြည်၏ မြို့ထောင့်တွင်၊ စပလေစေတီရှိသည်။ ရှေးမာဂဓ အဘယ်အရာကို အထိမ်းအမှတ်ပြု၍ စေတီပြုလုပ်ပါသနည်းဆိုသော် မာဂဓလူမျိုးတို့သည် မိမိတို့မြို့သည် စည်ပင်ဖွံ့ဖြိုး၍ လူနေအခြွေအရံ အုတ်အုတ်သောင်းသောင်း မရှိစေခြင်းငှါ၎င်း၊  ၎င်းမြို့၏ အဆက်မပျက်မစီး ရှည်စေခြင်းငှါ၎င်း မြို့ရိုးပြင်ဘက်၊ မြို့ထောင့်တို့၌ စေတီအဆောက်အဦးကိုပြုလုပ်တတ်ကြလေသည်။ ၎င်းစေတီအတွင်း၌ အဘယ်အရာကို ဌာပနာပြုလုပ်ကြပါသနည်းဆိုသော်၊ ဗေဒင်ကျမ်းလာ နက္ခတ်တို့လာသည့်အတိုင်း အချိန်၊ အခါ၊ ကာလ၊ စသည်တို့ကို ရွေးချယ်၍ ယဇ်နတ်ပူဇော်ရန် ရေတွင်းမျှလောက်၊ အကျယ်အဝန်း၊ အနက်ရှိသော တွင်းကြီးထဲသို့ ဘောဇဉ်ခဲဘွယ်နှင့်တကွ အစားအသောက်အပြည့်အစုံတို့ကို ပြင်ဆင်ပြီးလျှင်၊ ၎င်းတွင်းပေါ်က အုတ်ဖြင့်စီမံ၍ စပါးပုံသဏ္ဍာန်ဖြစ်စေ၊ ချည်ဝင်ပုံသဏ္ဍာန်ဖြစ်စေ အင်္ဂတေသရွက်တို့ဖြင့် မွမ်းမံပြီးလျှင် အတင့်အတယ် အဘွယ်အရာပြုလုပ်ထားတတ်ကြလေသည်။ ၎င်းအရာကို မြို့စတေးသည်ဟူ၍လည်းခေါ်ကြသည်။ စေတီဟူ၍လည်းခေါ်ကြသည်။ ထူပါရုံဟုလည်းခေါ်သည်။ ပါသာဒဟူ၍လည်းခေါ်သည်။ ကူဟူ၍လည်းခေါ်သည်။
၎င်းအကြောင်းကို သာ၍ထင်ရှားစေခြင်းငှါ သက်သေခံကျမ်းဂန်ပါဠိတို့နှင့်ပြပေဦးမည်။ ၎င်းရှေးအထက်က မာဂဓလူမျိုးတို့ အသုံးအစွဲပြုသော နာမပညတ်၊ ဝေါဟာရ အရပ်ရပ်တို့ကို ဓါတ်ပစ္စည်းနည်းနှင့်တကွ မောဂ္ဂလာန်မဂဓသဒ္ဒါကျမ်း၌ ထိုသို့သောမြို့ကို အကြောင်းပြု၍။ ။ယုထုကူနံဒီဃောစ၊ ဟူ၍သဒ္ဒါကျမ်း၌ လေ့လာသောအခါ နောင်လာနောက်သားတို့ လိမ္မာကျွမ်းကျင်စေရန် ဥဒါဟရုဏ် ထုတ်ဆောင်၍ သုတ်တင်ပြလေသည်မှာ။ ။ထုအဘိတ္တဝေ။ ကုသဒ္ဒေ။ ။ဧတေဟိပေါဟောတိ။ ဧတေသံဒီဃောစ။ ဒီဃဝိဓါနသာမတ္တိယာသြတ္တဘာဝေါ။ ။စေတီယံ။ ။ကပန္တိနဒန္တိဧတ္ထာတိကူပေါ။ ။ဥဒါပနံ။ ဤကား ယုထုကူနံဒီဃောစ၊ ဟူ၍ပါဠိလာရှိသည်နှင့်အညီ သုတ်၏ အရာအတိတ်ကိုထုတ်ဆောင်၍ အစိတ်ပြသော ဥဒါဟရုဏ်သုတ်၏ အစဉ်ပါဠိများဖြစ်သတည်း။ ၎င်းအရာတွင် သိသာရုံမျသာ။ မြန်မာလို ပြန်ဆို၍ပြပါမည်။
ဧတ္ထ ဤမြို့၌။ ယုမိဿနော၊ အခြွေအရံများစေခြင်းငှါ၎င်း။ ထုအဘိတ္တဝေ၊ တင့်တယ်ဘွယ်ရာ အသရေရှိစေခြင်းငှါ၎င်း။ ကုသဒ္ဒေ၊ အသံမစဲစေခြင်းငှါ၎င်း။ ဒီဃဝိဓါနသာမတ္တိယာ၊ အရှည်သဖြင့် အစီအရင်နှင့်ပြည့်စုံ၍။ သြတ္တဘာဝေါ၊ စိုးရိမ်ကြောက်ရွှံ့ဘွယ် မရှိစေခြင်းငှါ၎င်း။ ဧတ္ထတိ၊ ဤမြို့၌။ ယုဝန္တိသဟာဝတ္တန္တိ၊ တပြိုင်နက်တည်းနှင့်တကွစီရင်သော။ ယူပေါ၊ လူယောကျင်္ား၏။ ယညယဌိ၊ ယဇ်ပူဇော်သောဌာနကို။ ပါသာဒေါ၊ ပြဿဒ်ဟူ၍၎င်း။ ထဝိယတီတိ၊ ထိုသို့တည်ထားရာအရပ်ကို။ ထူပေါ၊ ထူပါရုံဟူ၍၎င်း။ စေတိယံ စေတီဟူ၍၎င်း။  ဧတ္ထတိ၊ ဤအရပ်၌။ ကပန္တိနဒန္တိ၊ ငိုကြွေးမြည်တမ်းခြင်းကြောင့်လည်း။ ကူပေါ၊ ကူ (ဂူ)လည်းမည်ကုန်၏။ ဥဒပါနံ၊ ရေတွင်းလည်းရ၏။ ဧတေဟိ၊ ထိုအလုံးစုံတို့ကို။ ပေါ၊ ပစ္စည်းသက်သည်။ ဟောတိ၊ ဖြစ်၏။
ပေါ၊ ပစ္စည်းသက်၏ ဟူ၍ပြဆိုသော သဒ္ဒါ၏ပရိယာယ်အဓိပ္ပါယ်မှာ၊ မြို့ရွာစီရင်ခြင်း၊ အသရေရှိစေခြင်း၊ ဘေးရန်ကင်းစေခြင်း အကျိုးကိုရခြင်းသည်၊ မြို့စတေးခံရသော ( ပေါသော) ယောကျင်္ား၏ အကြောင်းခံကြောင့်ဖြစ်သတည်းဟု ဆိုလ်ိုသတည်း။ ၎င်းပြင်လည်း ထူပါရုံ၊ စေတီ၊ ကူ (ဂူ) ဟူ၍ အစရှိသော နာမည်တို့သည်လည်း ၎င်းအစရှိသော နာမည်ကိုအစွဲပြု၍ခေါ်ဆိုလေသတည်း။ မဂဓခေါ် ပါသဒဟူသောအရာ၏အမည်ကို မြန်မာပြဿဒ်ဟူသောအမည်နှင့် နှိုင်းယှဉ်၍ခေါ်သည်။ ထူပေါ ဆိုသော အမည်ကို မြန်မာ၌နှိုင်းယှဉ်စရာမရှိသောကြောင့် ၎င်းမာဂဓအမည်ကိုပင် ကြောင်းတူသံကွဲ၊ ထူပါရုံဟူ၍၎င်း မည့်ခေါ်လေသည်။ စေတီ၊ ကူ (ဂူ) ဆိုသောအရာ၏ အမည်မျှားသည် မြန်မာ၌ နှိုင်းယှဉ်စရာ မရှိသောကြောင့် အထက်ပါနည်းအတိုင်း ကြောင်းတူသံကွဲအသံစွဲကာ မည့်ခေါ်သောအမည်များပင်ဖြစ်လေသည်။ ၎င်းမြန်မာအခေါ် အမည်နာမ စကားအချို့တို့သည် မာဂဓပါဠိပျက်စကားဖြစ်ကုန်၏။
ထို့ကြောင့် မြန်မာပြည်၌ ပြဿဒ်၊ စေတီ၊ ထူပါရုံ၊ ကူ (ဂူ) ဟူ၍ခေါ်ပြီးသမုတ်ကြလေသည်။ ၎င်းအရပ်ဌာန အမည်တို့သည် မာဂဓ လူမျိုးတို့က ဆင်းသက်ကြောင်းကို ထင်ရှားစေသည်ကို အကြောင်းပြု၍ မည့်ခေါ်ကြခြင်းပင်ဖြစ်သည်။  ၎င်းကို မောဂ္ဂလံမာဂဓသဒ္ဒါကျမ်းကပြဆိုသည့်အတိုင်းသိရလေသည်။  မြန်မာပြည်မှာလည်း ရှေးအထက်က ကျန်စစ်မင်းသည်၊ အာနန္ဒာစေတီကို တည်လုပ်စဉ်အခါက မောင်ညိုသား မောင်ဖြူကို၊ ဌာပနာတိုက်သွင်းကြောင်းကို နတ်ရာဇဝင်ဟောင်တစ်စောင်တွင် တွေ့ရလေသည်။ သထုံရှင်ဘုရင် မနူဟာမင်းလက်ထက်တွင်လည်း လူစွမ်းကောင်း ကုလား ဗျတ်ဝိကို ဖမ်းဆီး၍ သတ်ပြီးလျှင် လက်နှစ်ဖက်၊ ခြေနှစ်ဖက်တို့ကို မြို့ထောင့်လေးထောင့်မှာ စတေးပြီးလျှင် ဥက္ခောင်းကို မြို့တံခါးဝမှာ မြုပ်၍ ကိုယ်အသွေးအသားတို့ကို မြို့ရိုးပတ်လည်မှာလှည့်စေ၍ လိမ်းကျန်သည်ဟု ရာမညရာဇဝင် စာတန်းဟောင်းတစ်စောင်တွင် တွေ့ဘူးလေသည်။ ဤကား စေတီ၏ မူလပြုလုပ်ခြင်း အကြောင်းအရာတို့ကို စစ်ဆေး၍ပြသလိုက်ခြင်းပင်ဖြစ်လေသည်။
သက်တော်ထင်ရှား ဘုရားရှင်နှင့်မခြား စေတီတော်၌ ကြည်ညိုစိတ်ထားပါလျှင် တူညီသောအကျိုးများ ရရှိနိုင်ကြောင်း ဝိမာနဝတ္ထုပါဠိတော်တို့၌ လာရှိပါသည်။
ထို့ကြောင့် မြောက်မြားလှစွာသော ကမ္ဘာအရပ်ရပ်ရှိ စေတီ, ပုထိုး တို့ကို ဘုရားတပည့်တော်တို့သည် အရပ်ဌာနအားလုံးတို့၌ တည်ရှိသော အလုံးစုံသော ဓာတ်တော်ကိန်းအောင် စေတီတော်အပေါင်းကို၄င်း၊ သာရီရိကမွေတော်နှင့် မဟာဗောဓိပင်အပေါင်းကို၄င်း၊ အလုံးစုံသော ဆင်းတုတော်ဟူ အဆူဟူသမျှကို၄င်း နေ့,ညဉ့်မပြတ် အခါခပ်သိမ်း ဆယ်လက်မြှောက်မိုး ရှိခိုးဦးချ ကန်တော့ကြပါကုန်စို့-ဟူ၍ အကြံပြုလျက်...။
သမိုင်းအကြောင်း 

 

No comments