New Artical

သိုက်ဆိုတာ ညှိယူလို့ရပါတယ်…


သိုက်ဆိုတာ ညှိယူလို့ရပါတယ်…

သိုက်ကလာလို့ အိမ်ထောင်မပြုရဘူး ဆိုတာမျိုးကလည်း မဟုတ်ပါဘူး။ သိုက်နဲ့ညှိနှိုင်းပြီး အဆင်ပြေအောင် လုပ်ရင် အိမ်ထောင်ပြုလို့ လည်းရနိုင်ပါတယ်။

 သိုက်ဆိုတာကို ပယောဂကုသမှု နှစ်လေးဆယ်လောက်မှာ တော်တော်လေး သိလာရပါတယ်။ သိုက်နဲ့ပါတ်သက်ပြီး အယူအဆအမျိုးမျိုး ဖြစ်နေတတ်ကြပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်းတွေ အများကြီးပါ။ ဒီလိုဖြစ်နေကြတာကိုက လွဲနေတာပါ။ ကျွန်ုပ် ရေးခဲ့ဖူးပါတယ်…၊ ရန်ကုန်မှာဆို “သိုက်ဆက်ရှိတယ် မြနန်းနွယ်ပွဲသွားပေးလိုက်”လို့ လွယ်လွယ် ပြောလွှတ်တတ်ကြပါတယ်။ မန်းမှာဆိုရင်တော့ “ရွှေစာရံကိုသွား အစ်မတော် စောမွန်လှ ကို ပွဲသွားပေးလိုက်” ဆိုတာမျိုးနဲ့ ပြည်ဘက်မှာဆိုရင်တော့ “အစ်မတော် မမြစိမ်းကို ပွဲသွားပေးလိုက်”လို့ ပြောလေ့ရှိကြတဲ့အကြောင်းကိုပါ။

အမှန်တော့ ဒါတွေဟာ အရမ်းကို မှားနေပါတယ်။ ကာယကံရှင်ဟာ တခြား သိုက်တစ်ခုခုက ဖြစ်နေတာကို မြနန်းနွယ်လှူမိရင် ကိုယ်လှူတာကို ကိုယ့်သိုက်က မရနိုင်တာကြောင့် ကိုယ့်သိုက်နန်းရှင်က မကျေမနပ်ဖြစ်နိုင်ပါတယ်။ မြနန်းနွယ်ကတော့ ပွဲရမှာပေါ့။ ကိုယ့်သိုက်ကပွဲမရလို့ မကျေနပ်ဘူးဆိုရင် ကိုယ့်ကို ပြဿနာရှာတတ်ပါတယ်။ စီးပွားရေးမှာလာဘ်ပိတ်တာတို့ ရှာမရတဲ့ ရောဂါမျိုး ဖြစ်တာတို့ စသဖြင့်ဖြစ်တတ်ပါတယ်။

သိုက်ကနှောက်လို့ ဖြစ်တဲ့ရောဂါတွေမှာ နှုတ်ပိတ်ခံလိုက်ရတဲ့ အဖြစ်မျိုး ကျွန်ုပ်ဆီရောက်လာတာ သုံးလေးဦး ရှိပါပြီ။ တစ်ဦးက အညာကဖြစ်ပြီး ဒုတိယနှစ်ကျောင်းသူဖြစ်ပါတယ်။ သူ့အဖြစ်က တော်တော်လေးဆန်းတော့ မိဘတွေလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်ကာ ရန်ကုန်ကို ဆေးကုသခံယူဖို့ ရောက်လာကြရင်း ကျွန်ုပ်ဆီ ရောက်လာခဲ့တာပါ။

သူဒုတိယနှစ်ကျောင်းသူဖြစ်တော့ ချစ်သူရည်းစားထားလိုက်မိတယ်။ အဲဒိမှာ သိုက်က မကျေနပ်လို့ စကားမပြောအောင် လုပ်လိုက်တာဖြစ်ပါတယ်။ ဘယ်သူမေးမေး ဘာမှမပြော၊ ဘာမေးမေး မပြောဖြစ်နေတာပါ။ မိန်းကလေးနဲ့ပတ်သက်ပြီး ဘာကြောင့် ခုလို ဖြစ်တယ်ဆိုတာကို စစ်ဆေးကြည့်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းကလေးကို အောက်လမ်း ပညာစက်နဲ့ မှားတိုက်ခိုက်ထားသလား သိဖို့ပါ။ ဒါပေမဲ့ မိန်းကလေးမှာ သူများ အတိုက်မရှိဘဲ သိုက်ဆက်တစ်ခုပဲ တွေ့ရပါတယ်။ သိုက်နန်းရှင်က သူတို့ သဘောမကျတဲ့သူနဲ့ ပတ်သက်လိုက်လို့ ခုလို လုပ်လိုက်တာဖြစ်ကြောင်း ပြောပါတယ်။ ဒါကြောင့် သူတို့လုပ်ထားတဲ့ သိုက်ပညာစက်ကို သိမ်းခိုင်းလိုက်ပြီး အဆင်ပြေအောင် ညှိပေးလိုက်တာကြောင့် မိန်းကလေးဟာ သူ့မြို့ပြန်ရောက်ပြီး တစ်ပတ်အကြာမှာ စကားပြန်ပြောသွားပါတယ်။

နောက်တစ်ယောက်ကလည်း အညာကပါပဲ။ သူကတော့ ရှစ်တန်းကျောင်းသားလောက် ကတည်းက စကားမပြောတော့တာ ကျွန်ုပ်ဆီ ရောက်လာချိန်မှာ အသက်နှစ်ဆယ်ကျော် ရှိနေပါပြီ။ သူတို့က စကားမပြောဘူးလို့ ပြောပေမယ့် ကျွန်ုပ် မေးတဲ့ မေးခွန်းတွေကို ကောင်းကောင်းမွန်မွန် ပြောဆိုပါတယ်။ ဖြေကြားပါတယ်။ မိဘတွေတောင် တော်တော် အံ့ဩသွားကြပါတယ်။

တစ်ရွာလုံး၊ တစ်မိသားစုလုံး ဘယ်သူနဲ့မှ စကားမပြောတဲ့သူက ကျွန်ုပ်နဲ့ လေပေးဖြောင့်နေတာကြောင့် ဘာပြောရမှန်း မသိတွေ ဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ သူ့ကိုစစ်ဆေးကြည့်လိုက်တော့ သိုက်ဆက်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ သိုက်နန်းရှင်နဲ့ ညှိပြီး ပြန်ခိုင်းလိုက်ပါတယ်။ သူက အလုံးစုံ စကားပြန်မပြောပေမယ့် သူတို့မြို့က ဆရာတော်ကြီးကိုတော့ စကားပြောကြောင်း သိရပါတယ်။

နောက်တစ်ယောက်ကတော့ မကြာမတင်ကမှ ရောက်လာခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ သူမကလည်း စကားမပြောတော့လို့ ရောက်လာတာပါ။ အိမ်ထောင်သည် တစ်ယောက်ဖြစ်ပြီး အမျိုးသားဘက်က သစ္စာဖောက်ခံခဲ့ရတာကြောင့် သူမ ကိုယ်တိုင်က စိတ်ဓာတ်ကျဆင်း နေချိန်မှာ သိုက်နန်းရှင်က သူတို့သိုက်ကလာသူ အငယ်ဆုံးညီမကို လူ့ပြည် မှာ မထားလိုတော့တာကြောင့် ပြန်ခေါ်ဖို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိလိုက်ရပါတယ်။ သိုက်နန်းရှင်တွေရဲ့သဘောကတော့ သူတို့လူ သာသာယာယာ ရှိနေရင် ပြဿနာမရှာဘဲ၊ သူတို့လူ အဆင်မပြေတာတွေ၊ သူတို့လူကို အဆင်မပြေအောင် တစ်စုံတစ်ယောက်က လုပ်နေတာတွေ ဖြစ်လာပြီဆိုရင် သူတို့လူကိုမထားလိုတာကြောင့် ပြန်ခေါ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ခုလည်း မိန်းကလေးမှာ ကျန်းမာရေးကလည်း မကောင်းစကား ကလည်း မပြောဖြစ်နေရှာသူပါ။ မိခင်တစ်ယောက် ဖြစ်ပေမယ့် သူ့ကလေးကိုပါ စကားမပြောဘဲ နေတတ်ပါတယ်။ အထူးသဖြင့် တစ်ယောက်တည်းနေတတ်ပြီး အမြဲတမ်းမျက်နှာမသာမယာဖြစ်နေတတ်ပါတယ်။

သူ့ သိုက်နန်းရှင်ကို ခေါ်တွေ့လိုက်တဲ့အခါ အစ်မကြီးဖြစ်သူ ရောက်လာပြီး မောင်နှမလေးယောက်ရှိကြောင်းနဲ့ သက်တမ်းသတ်မှတ်ချက်(—)ထားရှိကြောင်း ပြောပါတယ်။ သူတို့သိုက်နန်းနေရာကိုလည်း ဒေသအားဖြင့်ပြောခဲ့ပါတယ်။ သက်တမ်း သတ်မှတ်ချက်ကို ပါယ်ဖျက်ပြီး ကံအလျှောက် လူ့ဘဝသက်တမ်းစေ့ တောင်းပေးဖို့က လိုအပ်လာပါပြီ။ ဒါကြောင့် ကျွန်ုပ် လုပ်ထုံးအတိုင်း သိုက်နန်းရှင်ကို သစ္စာဆိုခိုင်းပြီး သက်တမ်းအလှူခံထားလိုက်ပါတယ်။ သိုက်နန်းရှင်အစ်မကြီးက မိန်းကလေး စကားပြန်ပြောဖို့ကို ငါးရက်အတွင်းလို့ ကတိပေးခဲ့ပါတယ်။ ငါးရက်စောင့်ကြည့်ပြီး စကားပြန်ပြောလာရင် သိုက်နန်းရှင်ဒါနပွဲ လှူဒါန်းပေးဖို့ မိန်းကလေးဘက်က ကတိပေးလိုက်ရပါတယ်။

ထူးခြားချက်တစ်ခုကတော့ ဒီမိန်းကလေးဟာ ဘယ်သူနဲ့မှ စကားမပြောဘူးဆိုပေမယ့် ကျွန်ုပ် မေးမြန်တဲ့အခါ စကားပြန်ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် သိုက်ဆက်မှန်နေရင်တော့ သတိထား နေထိုင်ဖို့လိုအပ်ပါတယ်။ ဘာတွေ သတိထားရမလဲဆိုတော့ မိမိသိုက်ဆက် ဟုတ်/ မဟုတ် စစ်ဆေးကြည့်ဖို့ပါ။ စစ်ဆေးကြည့်လိုက်လို့ မိမိသိုက်ဆက်ဖြစ်နေရင်တော့ သိုက်နန်းရှင်နဲ့ အဆင်ပြေအောင် နဂါးစာချတာတို့၊ သိုက်နန်းရှင် ဒါနပွဲလှူတာတို့ လုပ်ပေးလိုက်ရင် အဆင်ပြေသွားတတ်ပါတယ်။

သိုက်ကလာလို့ အိမ်ထောင်မပြုရဘူး ဆိုတာမျိုးကလည်း မဟုတ်ပါဘူး။ သိုက်နဲ့ညှိနှိုင်းပြီး အဆင်ပြေအောင် လုပ်ရင် အိမ်ထောင်ပြုလို့ လည်းရနိုင်ပါတယ်။ မိမိသိုက်ဆက်ဆိုရင် မပေါ့ကြနဲ့ …။

စိန္တာမယဆရာပိုင်

Credit:

No comments