New Artical

သန့်ရှင်းစင်ကြယ်ခြင်း

 သန့်ရှင်းစင်ကြယ်ခြင်း



ရောဂါဖြစ်လာမှ ပျောက်ကင်းချမ်းသာအောင် ကုသ ရခြင်းထက် မဖြစ်မီ ကြိုတင်ကာကွယ်ခြင်းက ပိုမို သက်သာ လွယ်ကူသည်။ ရောဂါဖြစ်လာမှ အချိန်ကုန် ငွေကုန် လူပန်း ခံကာ ကုသခြင်းထက် ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ် ခြင်းမှာ သက်သာလွယ်ကူပေသည်။ ထိုသို့ ကြိုတင်ကာကွယ် ရာ၌ သန့်ရှင်းစင်ကြယ်စွာ နေထိုင်ခြင်းသည် များစွာ အရာ ရောက်၍ အကျိုးရှိသော အကြောင်းတစ်ပါးဖြစ်ပေသည်။


စားသောက်စရာများကို သန့်သန့်ပြန့်ပြန့် ပြုပြင်ထားစေ ကာမူ ယင်းတို့ကို ညစ်ပတ်ပေရေသော လက်များဖြင့် ယူငင် စားသောက်လျှင် ရောဂါပိုးတို့သည် အစာအိမ်ထဲ ရောက်သွား နိုင်သည်။ ထို့ကြောင့် အစားအသောက်များ စားသောက်မည့် အခါများတွင် လက်များကို ကောင်းမွန်သန့်စင်စွာ ဆေးကြော ပြီးမှ စားသောက်သင့်သည်။ လက်သည်းကြားတွင် ချေးများ မရှိစေအောင် လက်များ လက်သည်းများကို ဆပ်ပြာစသည် ဖြင့် စင်ကြယ်အောင် ဆေးကြော၍ သန့်ပြန့်စွာ ရှိစေသင့်သည်။ စားသောက်ပြီးသည့်အခါ ပါးစပ်များကို ပါးလုပ်ကျင်း ပစ်၍ သွားများကို ပွတ်တိုက်ဆေးကြောပစ်နိုင်လျှင် အထူး ကောင်းမွန်သည်။ အဘယ်ကြောင့်ဆိုသော် စားစရာ အစအန များသည် သွားကြိုသွားကြားထဲတွင် ကပ်နေတတ်၍ သွားများ ကို ညစ်ပတ်စေတတ်သည်။


သွားများ ညစ်ပတ်လျှင် ကြည့်၍ အရုပ်ဆိုးသည်သာမက သွားများ ပိုးစားလာ၍ သွားကိုက်သွားနာ ရောဂါများ မကြာမီ ဖြစ်လာတတ်သည်။ သွားပွတ်တံ မပျော့မမာလွန်းသောအနေကို သုံး၍ ယင်းကို သန့် ရှင်းစင်ကြယ်စွာ ရှိစေပြီးလျှင် လေနှင့် နေရောင်ရသောနေရာတွင် ထားသင့်သည်။ နေရောင်မှာ သွားရောဂါပိုးများကို တွန်းလှန်နိုင်သော သတ္တိရှိသည်။ သွားများကို အနည်းဆုံး နံနက်နှင့် ည ၂ ကြိမ် မှန်မှန် တိုက်ပေးသင့်၍ အပေါ်မှအောက်၊ အောက်မှ အပေါ်သို့လည်းကောင်း ကန့်လန့်ထိုးသွင်း၍လည်းကောင်း ခပ်ကြမ်းကြမ်းကလေး ဖိတိုက် ပေးသင့်သည်။ သွားများက ဒုက္ခမပေးသည့်တိုင်အောင် တစ်နှစ်လျှင် ၂ ကြိမ်မျှလောက် သွားစိုက်ဆရာဝန်ထံ ပြသ စမ်းသပ်ကြည့်သင့်သည်။ သို့မှသာလျှင် သွားများအတွက် ဒုက္ခ မတွေ့ရဘဲ နောက်နောင် သွားအတွက်နှင့် ကုန်ကျမည့်ကြေးငွေ ကိုလည်း မကုန်ကျစေရတော့ပေ။


ညစ်ပတ်ပေရေသော လက်များကို ဆေးကြောရန် လိုအပ် သကဲ့သို့ ကိုယ်ခန္ဓာတစ်ခုလုံးကိုလည်း နေ့စဉ် ရေမှန်မှန် ချိုးပေး၍ သန့်ရှင်းစင်ကြယ်စွာ ထားရှိသင့်သည်။ သို့မှသာ အသားအရေ စိုပြည်ကြည်လင်လျက် ကျန်းမာရွှင်လန်းနေပေ လိမ့်မည်။ အသားအရေပေါ်တွင် ချွေးနှင့် ဖုံတို့ကြောင့် စေးထန်းညစ်ပတ် နေတတ်လေရာ သန့်ရှင်းအောင် ရေ ဆပ်ပြာ တို့ဖြင့် ရေမချိုးလျှင် မကောင်းသောအနံ့အသက်များ ထွက် တတ်သည့်ပြင် ကျန်းမာရေးအတွက်လည်း မသင့်ချေ။ အရေပြားတွင်ရှိသော ချွေးပေါက်များကို ဖုံချေးတို့ဖြင့် ပိတ်ဆို့ မနေစေရန် ကိုယ်ခန္ဓာတစ်ခုလုံးကို ကောင်းမွန်စွာ တိုက်ချွတ် ဆေးကြော သန့်ရှင်းစေရာသည်။


နံနက်စောစော ရေမိုးချိုး၍ မျက်နှာသုတ်ပုဝါဖြင့် ရေစင် အောင် ခပ်ကြမ်းကြမ်း ပွတ်တိုက်ပေးလိုက်လျှင် အသားအရေ မှာ ပူနွေးလာကာ သွေးရောင်များ သန်းလာ၍ လူများလည်း ဖျတ်လတ်သွက်လက် ရွှင်လန်းလာ ပေလိမ့်မည်။ ထိုသို့ မှန်မှန် ပြုလုပ်ပေးနိုင်လျှင် အအေးမိခြင်းကိုလည်း ကာကွယ်နိုင်၍ ရာသီဥတု အပြောင်း အလဲဒဏ်ကိုလည်း ခံနိုင်သည်။ ဦးခေါင်းမှ ဆံပင်များကို အနည်းဆုံး တစ်လ ၂ ကြိမ် လျှော်ပေးသင့်သည်။ ခေါင်းလျှော်ဆပ်ပြာ စသည်ဖြင့် လျှော်သည်ဖြစ်စေ၊ တရော်ကင်ပွန်းတို့ဖြင့် လျှော်သည်ဖြစ်စေ၊ ပွတ်လျှော်ပြီးနောက် ရေဖြင့် အထပ်ထပ် စင်ကြယ်အောင် ဆေးပစ်ပြီးလျှင် လေသလပ်ခံရမည်။ ခေါင်းဖြီးသည့်ဘီးနှင့် ဝက်မှင်ဘီးများကိုလည်း ရေထဲတွင် ဇဝက်သာ အနည်းငယ် ထည့်၍ ဆေးကြောစေနိုင်သည်။ ထို့နောက် နေဖြင့် ခြောက်သွေ့စေရာ၏။


ကိုယ်ခန္ဓာကို ကျမ်းမာသန့်ရှင်းစွာ ရှိစေရန် အထက် ဖော်ပြပါနည်းများနှင့် လျော်ညီစွာ နေထိုင်ပြုမူကြရမည့်အပြင် နေအိမ်စသည့် ပတ်ဝန်းကျင်များ သန့်ရှင်းစွာ ရှိရန်လည်း အထူးလိုအပ်ပေသည်။ အိပ်ရာနေရာ စသည်တို့မှာ အမှိုက် သရိုက်များမှ စင်ကြယ်သန့်ရှင်း၍ လေဝင်လေထွက် ကောင်းမွန် စေပြီးလျှင် နေရောင်ခြည် ကောင်းစွာရရှိစေရမည်။ တတ်နိုင် လျှင် အိမ်များကို တစ်နှစ်လျှင် ၂ ကြိမ်မျှ ရေဖြင့် ဆေးကြော ပေးသင့်သည်။ ခန်းဆီးလိုက်ကာများမှာ ရေလျှော်ခံသော အထည်မျိုးကို သုံးသင့်သည်။ အိမ်လှည်းကျင်းသည့်အခါ တံမြက်စည်း ကြက်မွေး စသည်တို့သည် ဖုံများလွင့်စင်ထွက် သဖြင့် လျှပ်စစ်ဓာတ်အား ပေါသည့် နိုင်ငံများရှိ ခေတ်မှီနေအိမ် များတွင် ကျန်းမာရေးနှင့် ညီညွတ်သော ဓာတ်တံမြက်စည်း များကို အသုံးပြု၍ သန့်ရှင်းစေကြသည်။


မီးဖိုဆောင် ရေချိုးခန်း အိမ်သာများကိုလည်း တစ်ပတ် လျှင် တစ်ခါမျှ တိုက်ချွတ်ဆေးကြောပေးသင့်သည်။ သို့မဟုတ် လျှင် အညစ်အကြေးများစု၍ မကောင်းသောအနံ့အသက်များ ထွက်တတ်သည်။ အမှိုက်သရိုက်များကို နေ့စဉ် မီးရှို့ပစ်နိုင် လျှင် ကောင်းသည်။ ဤသို့မပြုလုပ်နိုင်လျှင် အဖုံးရှိသော ပုံးတစ်လုံးတွင် စု၍ ထည့်ထားပြီးနောက် သွားရောက် စွန့်ပစ် နိုင်သည်။ အိမ်တွင်း၌ ယင်ကောင်များ ကြွက်များ မလာနိုင် စေရန် စားစရာများကို စည်းကမ်းမဲ့ မထားသင့်ပေ။


ယင်ကောင်များ ကြွက်များမှာ ရောဂါပိုးများ သယ်ဆောင်လာ တတ်ကြသဖြင့် စားစရာများကို ဖုံးအုပ်ထားသင့်သည်။ ထို့ပြင် သန့်ပြန့်သော ပန်းကန်ခွက်ယောက်များဖြင့် စားစရာများကို လတ်ဆတ်ပူနွေးစွာ စားသောက်သုံးဆောင်သင့်ပေသည်။ နေအိမ်များတွင် သောက်ရေမှာ အရေးကြီးသဖြင့် သန့်ရှင်း စင်ကြယ်၍ အန္တရာယ်မဖြစ်ဟု သိရှိနိုင်မှသာ သောက်သုံးသင့် ပေသည်။ အဝီစိတွင်းရေများမှာ သောက်ရေအတွက် သင့်လျော် ၍ မြို့ကြီးများမှာ ရေလှောင်ကန်ကြီးများမှ ပိုက်များဖြင့် ပေးပို့ သောရေကို သုံးကြသည်။ ထိုရေလှောင်ကန်များမှ ပေးသွင်း သည့် ရေများကို ရောဂါပိုးများ မပါစေရန် ကလိုရိုက်အော့ လိုင်းခေါ်ဆေးနှင့် အခြားဓါတုဗေဒဆေးများကို ထည့်ပေးသည်။ သို့ရာတွင် သောက်ရေအဖြစ် အသုံးပြုခါနီးတွင် ရေကိုစစ်၍ သော်၎င်း ချက်၍သော်၎င်း သောက်သုံးသင့်သည်။ ချက်၍ သောက်သော ရေကျက်အေးမှာ ပေါ့ပျက်ပျက်နေရာ သောက်၍ အားမရ ဖြစ်တတ်သဖြင့် ရေကို ကျိုချက်ပြီး အအေးခံသော အခါ ခွက်တစ်ခုမှ တစ်ခုသို့ ကြိမ်ဖန်များစွာ ကူးပြောင်း အအေးခံပြီးမှ သောက်လျှင် ကောင်းမွန်သည်။


နေအိမ်များကား သပ်ရပ်သန့်ရှင်းစွာ ရှိသင့်သည့်ပြင် တိတ်ဆိတ်ငြိမ်သက်စွာလည်း ရှိသင့်ပေသည်။ ဆူညံသော အသံ များသည် စိတ်အာရုံကြောများကို အနှောင့်အယှက်ဖြစ်ကာ ထိခိုက်စေတတ်သည်။ အရိုး၊ ကြွက်သား၊ ဦးနှောက် စသည်တို့ ကဲ့သို့ အာရုံကြောတို့သည်လည်း ရပ်နားငြိမ်ဆိမ်မှုကို အလိုရှိ ကြသည်။ နေအိမ်များကား တိတ်ဆိတ်ငြိမ်သက်ကာ ကိုယ်စိတ် နှစ်ပါး အနားယူရာ နေရာဖြစ်သဖြင့် ပြုဖွယ်ကိစ္စတို့ကို ညင်သာစွာ ပြုလုပ်သင့်ပေသည်။ ဆူဆူညံညံ ဝုန်းဝုန်းဒိုင်းဒိုင်း အသံများကြောင့် အာရုံကြောများကို ထိခိုက်၍ ဖြစ်ပေါ်သော ရောဂါဝေဒနာများသည် ကုသရန် ခဲယဉ်းသည်။


သပ်ရပ်သန့်ရှင်းစွာနှင့် အေးအေးလူလူ ဆိတ်ငြိမ်ရာတွင် နေထိုင်ရခြင်းမှာ ကျန်းမာရေးအတွက်သာလျှင် ကောင်းမြတ် သည်မဟုတ်ဘဲ စိတ်၏ သာယာချမ်းမြေ့ခြင်းကိုလည်း ဖြစ်စေ သည်။


ကိုးကား - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

ကိုဖြိုး (ဧရာမြေ)

No comments