New Artical

ချိုချိုစပ်စပ် အရသာနဲ့ ထိုင်းစတိုင် ပန်းရောင်ခေါက်ဆွဲဟင်းရည်

 


ထိုင်းနိုင်ငံရဲ့ “ပန်းရောင်ခေါက်ဆွဲဟင်း”လို့ ခေါ်ကြတဲ့ Yen Ta Fo (Pink Noodle Soup) လုပ်နည်း မျှဝေပေးချင်ပါတယ်။ ချိုချိုစပ်စပ် အနံ့အရသာ ခပ်ပြင်းပြင်းနဲ့ ထိထိမိမိ စားချင်သူတွေအတွက် ကွက်တိဖြစ်စေမယ့် လူကြိုက်များတဲ့ အစားအစာပါ။ Street food ဆိုင်တွေမှာ မြည်းစမ်းကြည့်နိုင်သလို၊ ကိုယ်တိုင်လည်း အိမ်လုပ်ခေါက်ဆွဲဟင်းရည်ကို အလွယ်တကူ ချက်ပြုတ်နိုင်ပါတယ်။

“ပန်းရောင်ခေါက်ဆွဲဟင်း” လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ပင်လယ်စာ အသားလုံး
တရုတ်ဆီတို့ဖူး အနီရောင်
Sriracha hot sauce (အစပ်မစားနိုင်ရင် ketchup တမျိုးပဲ သုံးလို့ ရပါတယ်)
ကြက်ပြုတ်ရည်
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း
ငါးငံပြာရည်
ခရုဆီ
ငရုတ်ကောင်းမှုန့်
ပဲပြား
ကန်စွန်းရွက်တို့ လိုအပ်ပါတယ်။

အရင်ဆုံး ခေါက်ဆွဲခြောက်ကို ပျော့သွားတဲ့ထိ ရေအရင်စိမ်ထားပါ။ ခေါက်ဆွဲနဲ့စားဖို့ ထိုင်းလူမျိုးတွေကတော့ ပုစွန်လုံး၊ ငါးအသားလုံး၊ ကင်းမွန်လုံး၊ ဂဏန်းချောင်းတွေ သုံးကြပါတယ်။ အဲ့လို မဟုတ်ဘဲ ပင်လယ်စာ လတ်လတ်ဆတ်ဆတ် ထည့်မယ်ဆိုရင် ပိုကောင်းပါတယ်။ ထည့်မယ့် ပင်လယ်စာတွေကို ဆေးကြော သန့်စင်ထားပါ။

ဆော့စ်အတွက် ဆီတို့ဖူး၊ Sriracha hot sauce၊ ketchup၊ ဆားအနည်းငယ်၊ ခရုဆီ၊ ငရုတ်သီးစိမ်းနဲ့ သကြားတို့ကို ထည့်ပြီး ကြိတ်ပါ။ ကြိတ်ထားတဲ့ အနှစ်တွေကို လက်ကိုင်ပါ ဒယ်အိုးထဲမှာ မီးနည်းနည်းနဲ့ ပွက်ပွက် ဆူလာအောင် တည်ပါ။ ဆူလာရင် ခဏဖယ်ထားပါ။

အိုးတလုံးထဲကို ကြက်ပြုတ်ရည်ထည့်ပြီး အရသာမြည်းကြည့်ကာ ပွက်ပွက်ဆူအောင် တည်ထားပါ။ နောက်ထပ် အိုးတလုံးထဲမှာ ပင်လယ်စာ၊ ခေါက်ဆွဲပြားနဲ့ ကန်စွန်းရွက်ကို ထည့်ပြုတ်ပါ။ ပဲပြားကိုလည်း ကြော်ထားပါ။

အားလုံးပြင်ဆင်ပြီးပြီဆိုရင် ပန်းကန်လုံးတလုံးထဲမှာ တယောက်စာ ပြင်ပါမယ်။ ခေါက်ဆွဲပြား၊ ပင်လယ်စာ အနည်းငယ်နဲ့ ကန်စွန်းရွက်၊ ပဲပြားကြော် (သို့) ပဲသွေး ထည့်ပြီး ဆော့စ်စမ်းလိုက်ပါ။

နောက်ဆုံးမှာ ပွက်ပွက်ဆူအောင် တည်ထားတဲ့ ကြက်သားပြုတ်ရည် လောင်းထည့်လိုက်ပြီး ငရုတ်ကောင်းမှုန့် ဖြူးလိုက်ရင် အရသာရှိတဲ့ ပန်းရောင်ခေါက်ဆွဲဟင်းရည် ရပါပြီ။

Ref: Cooking Thai Recipes

No comments