New Artical

အလွယ်တကူ ပြင်ဆင်နိုင်တဲ့ အသင့်စားခေါက်ဆွဲ ထမင်းကြော်

 

အသင့်စားခေါက်ဆွဲ ထမင်းကြော်

အသင့်စား ခေါက်ဆွဲခြောက်ကို ဒီအတိုင်း စားရတာ ရိုးနေပြီဆိုရင် အရသာ အသစ်အဆန်းဖြစ်မယ့် နည်းလေးကို ဝေမျှပေးချင်ပါတယ်။ Food Blogger တွေကြားမှာပါ ခေတ်စားနေတဲ့ ဒီ Recipe ကို အိမ်မှာ လုပ်စားကြည့်ဖို့ မခက်ခဲပါဘူး။ ကြက်ဥ၊ ခေါက်ဆွဲဘူး၊ ထမင်း ရှိရုံနဲ့ အရသာရှိတဲ့ အသင့်စားခေါက်ဆွဲ ထမင်းကြော် လုပ်စားကြည့်လို့ ရပါတယ်။

လိုအပ်တဲ့ပစ္စည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

နှစ်သက်ရာ အသင့်စားခေါက်ဆွဲဘူး
ထမင်း
ကြက်ဥ
ကြက်သွန်မြိတ်
ဆီ အနည်းငယ် လိုအပ်ပါတယ်။

 

အရင်ဆုံး ကိုယ်နှစ်သက်ရာ ခေါက်ဆွဲဘူးကို ဖောက်ပြီး အထဲက ခေါက်ဆွဲခြောက်တွေကို ဘူးထဲကထုတ် အရသာမှုန့်ဖြူး၊ Zipper အိတ်လေးထဲထည့်ပြီး ကြေသွားအောင် ချေမွလိုက်ပါ။ အရသာမှုန့်ထည့်ပြီး ချေမွထားတဲ့ ခေါက်ဆွဲတွေကို ဘူးထဲပြန်ထည့်ပြီး ရေနွေးမြှုပ်ရုံလောက်ထည့် ခဏအုပ်ထားပါ။

ထမင်းကြော်ထဲ ထည့်ဖို့ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။ ဒယ်အိုးပြားကို ယူပြီး မီးဖိုးပေါ်တင်ပါ။ ဆီပူလာရင် ကြက်သွန်မြိတ်ကို ဆီသတ်ပြီး ကြက်ဥထည့် မွှေကြော်ပါ။ ပြီးရင် ထမင်းထည့်မွှေပါ။ ခုနက ရေနွေးနည်းနည်း ထည့်ပြီး ပျော့သွားအောင် ပြုတ်ထားတဲ့ ခေါက်ဆွဲတွေကိုပါ ဒယ်အိုးထဲ ထည့်ကြော်ပါ။ ထမင်းနဲ့ ခေါက်ဆွဲတွေ နည်းနည်းခြောက်သွားတဲ့ထိ ကြော်ပေးဖို့ လိုပါတယ်။

အစပ်ကြိုက်ရင် ငရုတ်သီးစိမ်း ပါးပါးလှီးထည့်ပါ။ ထမင်းနဲ့ ခေါက်ဆွဲသားတွေ အနေတော် စားလို့ရပြီဆိုရင် ခေါက်ဆွဲဘူးထဲကို ပြန်ထည့်လိုက်ပြီး ဖိသိပ်လိုက်ပါ။ နောက်ဆုံး စားမယ့် ပန်းကန်ပြားပေါ် မှောက်ပြီး တင်လိုက်မယ်ဆိုရင် ခွက်ပုံစံလေးနဲ့ တမျိုးအရသာဆန်းနေမယ့် အသင့်စား ခေါက်ဆွဲခြောက်ထမင်းကြော် ရပါပြီ။

ပဲခေါက်ဆွဲကြိုက်တဲ့သူဆိုလည်း ပဲခေါက်ဆွဲအနှစ်အရသာ ထမင်းကြော်ကလည်း ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းပါတယ်။ ကြက်ဥကို ထမင်းကြော်တဲ့ထဲ မထည့်ဘဲ နောက်ဆုံးမှ ထမင်းကြော်ပေါ် အုပ်လိုက်တဲ့ Omurice ပုံစံလေး သဘောကျတယ်ဆိုရင် လုပ်စားကြည့်နိုင်ပါတယ်။

Ref: Serious Eats

No comments