New Artical

ဖနောင့်အတက် ထွက်ခြင်းအကြောင်း သိကောင်းစရာ

 
ဖနောင့်အတက် ထွက်ခြင်း

ဖနောင့်အတက်ထွက်တယ်ဆိုတာ ဖနောင့်အရိုးမှာ ကယ်လ်စီယမ် အနည်ထိုင်လို့ ဖြစ်ရတယ်။ အမှန်တော့ ပျက်စီးမှုကို ပြုပြင်ဖို့ ခန္ဓာကိုယ်က ကယ်လ်စီယမ်တွေထုတ်ပေးရတာပါ။ ဖနောင့်ရိုး(calcaneus)မှာ ကယ်လ်စီယမ်တွေ စုပုံရာကနေ သေးငယ်တဲ့ အရိုးအတက်ဖြစ်လာပါတယ်။ အဲလိုအရိုးအတက်ကို Heel spurs(သို့)osteophytesလို့ ခေါ်ပါတယ်။ 

လူအများစုမှာ ဖြစ်နိုင်ပေမယ့် လက္ခဏာရပ်မပြလို့ မသိကြသူက များတယ်။ အကယ်၍ ဖနောင့်ရိုး(calcaneus)နဲ့ ခြေဖဝါးရိုး(metatarsal bones)ကို ဆက်သွယ်ထားတဲ့ plantar fascia အရွတ်ရောင်တဲ့အခါ ဖနောင့်နေရာကနေ စတင်နာကျင်လာပါတယ်။ တချို့က အရိုးအတက်ကြောင့်လို့ ထင်မှတ်မှားကြတယ်။ အမှန်က အရွတ်ရောင်ခြင်းကြောင့် တွယ်ဆက်ထားတ့ဲ့ ဖနောင့်နေရာက နာကျင် လာတာ ဖြစ်ပါတယ်။ ဒီလိုအရွတ်ရောင်တာမျိုးကို plantar fasciitis လို့ ခေါ်ပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တဲ့အခါ အတက်ထွက်တာ ရှိနိုင်ပေမယ့် ခြေဖနောင့်ကတော့ နာကောင်းမှနာလိမ့်မယ်။


ဘယ်သူတွေ ဖြစ်သလဲ

ဖနောင့်အတက်ထွက်တာဟာ အသက်အရွယ်၊ အချိန်မရွေးဖြစ်နိုင်တယ်။ ဝတဲ့သူတွေ၊ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ တောင်ပေါ်ဒေသနေထိုင်သူ၊ ဒေါက်မြင့်ဖိနပ်စီးသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း အဖြစ်များကြတယ်။ အားကစားသမားတွေ၊အကြောမလျှော့မိပဲ လေ့ကျင့်ခန်းလုပ်တဲ့သူတွေမှာ ဖြစ်ကြတယ်။ အမှန်တော့ ခြေထောက်မှာသာမက ကုတ်၊ကျော၊ခါး စတဲ့နေရာတွေမှာလည်း အတက်ထွက်နိုင်ပါတယ်။ ခြေထောက်ရိုးက နေ့စဉ် ပွတ်တိုက်ပါများလာတဲ့အခါ အရိုးတွေစားလာပြီး ခန္ဓာကိုယ်က ပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ရပါတယ်။ 

ဒီလိုနဲ့ ထိခိုက်တဲ့အရိုးနေရာကို ကယ်လ်စီယမ်တွေ စုပုံလာပြီး အရိုးအတက်(osteoblasts) ထွက်လာပါတယ်။ လူတော်တော်များများကတော့ အရေပြားကို ဖနောင့်အတက်က သွားဖိလို့နာတာမျိုးလို့ ထင်ကြပါတယ်။ အမှန်က ခြေဖဝါး ပတ်ဝန်းကျင်တစ်ရှူးတွေ ရောင်ရမ်းမှုကြောင့် ဖနောင့်နေရာကစတင် နာကျင်လာတာ ဖြစ်ပါတယ်။ နောက်တခုက ဖနောင့်အတက်နေရာမှာ တွယ်ဆက်တစ်ရှူးသစ်(new fibrous tissue)တွေက အာရုံကြောတွေကို သွားဖိလို့လည်း ဖြစ်နိုင်ပါတယ်။


လက္ခဏာရပ်များ

ဖနောင့်အတက်ထွက်သူတိုင်း လက္ခဏာတွေ မပြကြပါဘူး။ အများစုဟာ လမ်းလျှောက်တဲ့အခါ ဖနောင့်နာတဲ့လက္ခဏာကို စတင်ခံစားရတယ်။ ခြေဖဝါးကြွက်သားတွေ အချိန်ကြာငြိမ်နေရာက စတင် လှုပ်ရှားတာနဲ့ နာကျင်လာတယ်။ ဖနောင့်နေရာက လမ်းစလျှောက်တဲ့အချိန်မှာ ခပ်စူးစူးနာတယ်။ နီတယ်။ ရောင်တယ်။ ဒီလိုဖြစ်ရင် ဖနောင့်အတက်ထွက်လို့ဖြစ်နိုင်တယ်။ သေချာအောင် ဆရာဝန်က ခြေထောက် ဓာတ်မှန်ရိုက်ခိုင်းမယ်။ ဖနောင့်အတက်ထွက်ရင် ဆရာဝန်နဲ့ ပြပြီး လိုအပ်တဲ့ ကုသမှုမျိုး ပြုလုပ်ရတယ်။ 


ကုသနည်းများ

ခြေဖနောင့်အတက်ထွက်တဲ့အခါ အလွယ်ဆုံးနည်းက ရေခဲကပ်ပေးတာ ဖြစ်တယ်။ အတက်ထွက်တဲ့ ခြေဖနောင့်ကို ရေခဲဝတ် တင်ပေးနိုင်တယ်။ တခါလုပ်ရင် ၁၅မိနစ် တနေ့(၃)ကြိမ် ပြုလုပ်ပေးပါ။ plantar fascia အရွတ်ကြောရောင်ရမ်းတဲ့အခါမျိုးမှာ ရေခဲရေပုလင်းကို ခြေဖဝါးအောက်ထားပြီး လှိမ့်ပေးရင် သိသိသာသာ သက်သာလာပါတယ်။ သိပ်မသက်သာရင် အကိုက်အခဲပျောက်ဆေး တမျိုးမျိုး(ibuprofen or naproxen) သောက်ပေးပါ။ လိုအပ်ရင် plantar fascia ရောင်ရမ်းတာအတွက် စတီးရွိုက်ဆေးထိုးပေးနိုင်ပါတယ်။တချို့က ထုံဆေးပါရောထိုးပေးရတယ်။ အကြောလျှော့အောင် Botox ကိုလည်း ထိုးကြတယ်။ဒါမှမရသေးရင် နောက်ဆုံးအနေနဲ့ ခွဲစိတ်ပြုပြင်ရတယ်။ 


ကာကွယ်ခြင်း

အဝမလွန်အောင် ဝိတ်ထိန်းပါ။ အပေါ့စားလေ့ကျင့်ခန်း နေ့စဉ်ပြုလုပ်ပါ။ လေ့ကျင့်ခန်းမလုပ်ခင် အကြောလျှော့ပါ။ အိပ်ရာထ လမ်းလျှောက်ခင် ခြေဖဝါးကို အပေါ်လှန်တဲ့ ခြေဖနောင့်လေ့ကျင့်ခန်း အရင်လုပ်ပါ။ ဖိနပ်စီးတဲ့အခါ ကိုယ်နဲ့သင့်တော်မယ့် ဖိနပ်မျိုး ရွေးစီးပါ။ ကြိုးသိုင်းဖိနပ်၊canvasဖိနပ်မျိုး မစီးပါနဲ့။ မြေကြီးနဲ့ တိုက်ရိုက်မထိအောင် ခြေခုံမြင့်တာမျိုးကို ရွေးစီးသင့်တယ်။ 

ခြေထောက်အရွယ်အစားနဲ့ ကိုက်ညီတဲ့ဖိနပ်ဖြစ်ဖို့လည်း လိုတယ်။ ညဖက်အိပ်တဲ့အခါ ကျပ်စီးတဲ့စရာ ပစ္စည်း(Night splint)တခုခု ဝတ်ဆင်ပြီးမှ အိပ်စက်ပါ။ ဥပမာ-L ပုံစံ ဖိုက်ဘာ ဖနောင့်အခံကို ဝတ်ပြီး အိပ်သင့်တယ်။ ပြီးရင် ပတ်တီးတခုခုနဲ့ ကျပ်စီးပါ။ 

အစားအသောက်တွေထဲမှာ အသီးအရွက်များများစားပါ။ လက်ဖက်စိမ်းရည်ကို နေစဉ် ပုံမှန်သောက်ပေးပါ။ Alfalfa leavesက ရောင်ရမ်းမှုကိုကျဆင်းစေပြီး ခုခံအားတက်စေတယ်။ နေ့စဉ်သောက်သုံးခြင်းဖြင့် ခြေဖနောင့်အတက် မဖြစ်ပွားအောင် ကာကွယ်ပေးသတဲ့။ အိုမီဂါ သရီးပါဝင်တဲ့ ငါးကြီးဆီ အားဆေးတွေက ရောင်ရမ်းမှုနဲ့ နာကျင်ခြင်းကို သိသိသာသာသက်သာစေတယ်။ တနေ့၂-၃ကြိမ်ထိ သောက်နိုင်တယ်။ vitamin B12 ချို့တဲ့ခြင်းက အရိုးရောဂါ တွေကို ဖြစ်ပေါ်စေတယ်။ ဖနောင့်အတက်သက်သာစေဖို့ ငါး၊အသည်းနဲ့ ဗီတာမင်ဘီတွဲအားဆေးကို ဖြည့်ဆည်းသင့်ပါတယ်။ 


သဘာဝနည်းလမ်းများ

  • သဘာဝဆေးနည်းက နနွင်းနဲ့ ဂျင်းကို အသုံးချရတာဖြစ်ပါတယ်။ အရောင်ကျစေတဲ့ အာနိသင်ရှိတယ်။ ဖြစ်တဲ့ခြေဖနောင့်ကို သေချာပွတ်လိမ်းပေးပါ။ ဂျင်းဆေးပြား 500mg တနေသုံးကြိမ်(သို့) နနွင်းဆေး400mg နေ့စဉ် တိုက်ကျွေးနိုင်ပါတယ်။
  • အုန်းဆီ(သို့) သံလွင်ဆီ(သို့)နှမ်းကြတ်ဆီကို အပူအနည်းငယ်ပေး၍ ခြေဖနောင့်ပေါ်တွင် နှိပ်နယ်ပေးပါ။ ကြွက်သားတွေ ပြေလျှော့စေပြီး ရောင်ရမ်း နာကျင်မှုကို သက်သာစေတာ တွေ့ရတယ်။ 
  • ဂေါ်ဖီရွက်ကို ရေနွေးနဲ့ပြုတ်ပြီး အဖတ်ကို အဝတ်စည်း၊ခြေဖနောင့်ကို ဖိအုံပေးပါ။ မုန့်ညှင်းစေ့ကို ထောင်းပြီးလည်း အုံပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ် အနှစ်ကိုသုံးပြီး နှိပ်ပေးနိုင်တယ်။ ရောင်ရမ်းမှု သက်သာအောင် ခြေဖနောင့်ကို ညင်သာစွာ နှိပ်နယ်ပေးပါ။
  • ရေခပ်နွေးနွေးထဲကို Epsom salt(magnesium sulfate) တဇွန်းခန့်ထည့်ပြီး ရေချိုးပါ။ ရောင်ရမ်းခြင်းကို သက်သာစေမယ်။တင်လဲရည်ထဲကို ဆိုဒါမှုန့်နဲ့ apple cider vinegarထည့်ပြီး ရောပေးရင် အလွှာပါးတခု ဖြစ်လာတယ်။ အဲဒီအလွှာပါးကို ဖုံးပေးရင် ခြေဖနောင့်အတက်ထွက်သူတွေမှာ အကျိုးများတယ်။
  •  Borax solution ဆိုတာလည်း သုံးတယ်။ ကလိုရင်းခပ်ထားတဲ့ရေကို boraxနဲ့ ရောစပ်ပေးရပါတယ်။ ရလာတဲ့ Borax solutionကို ရေနွေးနဲ့ရောပြီး ခြေဖဝါးကို စိမ်ပေးပါ။ မကြာခင် သက်သာလာတာ တွေ့ရပါလိမ့်မယ်။ 

Credit : Dr. Aye Min Htoo

No comments