New Artical

" မြန်မာနိုင်ငံကဘာမြူဒါ (သို့) ပြန်လမ်းမဲ့ရေကန် "

 

မြန်မာနိုင်ငံကဘာမြူဒါ (သို့) ပြန်လမ်းမဲ့ရေကန်


ဘာမြူဒါတြိဂံဆိုတာ ကမ္ဘာပေါ်မှာ အဖြေရှာဖို့ခက်ခဲပြီး လျှို့ဝှက်မှုတွေပြည့်နှက်နေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ဘာမြူဒါတြိဂံလိုပဲ ထူးခြားဆန်းကြယ်ဖြစ်ရပ်ဆန်းတွေနဲ့ ရေကန်တစ်ခုဟာ မြန်မာနိုင်ငံ၊စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂတောင်တန်းဒေသ နန်းယွန်းမြို့နယ်အတွင်း မြန်မာ-အိန္ဒိယ နယ်စပ်အနီးမှာ တည်ရှိနေပါတယ်။ ဒေသခံတွေကတော့ နောင်ယန်း(Nawng Yung)အင်း လို့ခေါ်ကြပေမယ့် ကမ္ဘာပေါ်မှာသိကြတဲ့နာမည်ကတော့ ပြန်လမ်းမဲ့ရေကန်(Lake Of No Return) ဖြစ်ပါတယ်။

နောင်ယန်းအင်းခေါ် "Lake Of No Return" ဟာ ဒုတိယကမ္ဘာစစ်အတွင်း အိန္ဒိယ - မြန်မာ - တရုတ် သုံးနိုင်ငံဖြတ်ဖောက်လုပ်ထားတဲ့ ကမ္ဘာကျော် လီဒိုလမ်းမကြီး(Ledo Road or Stilwell Road)ဘေး၊ ပန်ဆောင်မြို့အနီးမှာ တည်ရှိနေပြီး အလျား  ၂ မိုင်ခန့်နှင့် အကျယ် ၁ မိုင်ခန့်ရှိတဲ့ အင်းတစ်ခုပဲဖြစ်ပါတယ်။



ဒုတိယကမ္ဘာစစ်အတွင်း နောင်ယန်းအင်းပေါ်ကဖြတ်ပြီးပျံသန်းကြတဲ့ မဟာမိတ်လေယာဉ်ပျံတွေဟာ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားကြတယ်လို့ ဆိုပါတယ်။

အမေရိကန်တို့၏ စစ်လေယာဉ်တစ်စီးသည်လည်း ကန်အနီးပျံသန်းနေစဉ် ရုတ်တရက်ပျောက်ဆုံးသွား၏။ ထို့ပြင် လီဒိုလမ်းမကြီး ဖောက်လုပ်စဉ်က အမေရိကန်စစ်သားများသည် လေ့လာစူးစမ်းရန် ကန်ကြီးဆီသို့ သွားကြ၏။ ထိုသို့ သွားရောက်စူးစမ်းခဲ့ကြသည့်တစ်ဖွဲ့လုံး ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။

တဖန် စစ်ရှုံးပြီးပြန်လာတဲ့ ဂျပန်စစ်တပ်နဲ့ စစ်သားတွေဟာ ကန်အနားမှာပဲ ရောဂါဝေဒနာတွေ ခံစားပြီး သေဆုံးကုန်ပါတယ်။ 

အင်္ဂလိပ်စစ်သားတွေလည်း တပ်စွဲထားရင်း  ၎င်းတို့၏ တင့်ကားများ၊ လေယာဉ်များနဲ့အတူ ပျောက်ဆုံး၊ သေဆုံးကုန်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ အင်္ဂလိပ်တို့ဟာ ထိုကဲ့သို့ ထူးခြားဆန်းကြယ်သည့် အတွေ့အကြုံများကြောင့် ကန်ကြီးကို ပြန်လမ်းမဲ့ရေကန်(Lake of No Return) ဟု အမည်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ထိုအကြောင်းတွေကို တယ်လီဂရပ်(Telegraph) သတင်းစာက အခိုင်အမာ ရေးသားဖော်ပြခဲ့ပြီး အမေရိကန်စစ်တပ်ရဲ့မှတ်တမ်းတွေမှာ ယနေ့ထိမှတ်တမ်းတင်ရေးသားထားရှိတယ်လို့ဆိုပါတယ်။ အနောက်နိုင်ငံတွေက နောင်ယန်းအင်းကို 'အိန္ဒိယရဲ့ဘာမြူဒါ' လို့လဲ ခေါ်ဆိုခဲ့ကြပါတယ်။



"နောင်ယန်းအင်းနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ ယုံကြည်မှု"


နောင်ယန်းအင်းအနီးက ဒေသခံမြန်မာတိုင်းရင်းသားတွေကတော့ ထိုဒေသနှင့်ထိုအင်းသည် နတ်ကြီးသည်ဟု ယုံကြည်ကြ၏။ ဘီလူးများ ကျက်စားရဒေသဖြစ်သည်ဟု ယုံကြည်ကာ သားငါးရှာဖွေမှုများ မပြုလုပ်ကြပေ။ ဒေသခံတို့က အင်း၏ ရေမျက်နှာပြင်အောက်ခြေတွင် နဂါးများနေထိုင်ရာ နဂါးတိုင်းပြည်ရှိသည်ဟု ယုံကြည်ကြသည်။  

အိန္ဒိယနိုင်ငံသားတို့ကလည်း ထိုရေကန်သည် နတ်ဒေဝါတွေနဲ့ ပတ်သက်သလို နတ်နဂါးစောင့်ရှောက်တယ်လို့ ယုံကြည်ထားပါတယ်။ စောင့်ရှောက်တဲ့ နတ်နဂါးဟာ အဖြူရောင် နတ်နဂါးဖြစ်ပါတယ်တဲ့။ ဒီဒေသအား ထိခိုက်ပျက်စီးအောင် ပြုလုပ်သူများကိုဒုက္ခရောက်အောင် နတ်နဂါးကလုပ်ခြင်းဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အိန္ဒိယသားတွေဟာ သူတို့ယုံကြည်ရာ အတိုင်း တစ်နှစ်တစ်ခါ နတ်နဂါးကြီးရှိရာ နောင်ယန်းအင်းဆီလာပြီး ပူဇော်ပသကြတယ်လို့ ဆိုပါတယ်။ 



ရေအိုင်အနီးတဝိုက်ရွာများမှ အစဉ်အဆက်ယုံကြည်ပြောဆိုခဲ့ကြတဲ့ပါးစပ်ရာဇဝင်ဇာတ်လမ်းတစ်ပုဒ် ရဲ့အဆိုအရ -

ရွာသားတစ်ဦးဟာ တစ်နေ့မှာသာမန်ထက်ကြီးမားသောငါးကြီးတစ်ကောင်ကိုဖမ်းဆီးမိခဲ့ပါတယ်။အဲဒီနေ့မှာပဲသူက တစ်ရွာလုံးကိုဖိတ်ခေါ်ပြီး ငါးကြီးကို ညစာအဖြစ်အတူစားသောက်၍အောင်ပွဲခံခဲ့ကြတာပါပဲ။

သို့သော် ရွာသူအဘွားအိုတစ်ဦးနဲ့မြေးမလေးကိုတော့ ဖိတ်ကြားဖို့မေ့လျော့ချန်လှပ်ခဲ့ပါတယ်။

နောက်တစ်နေ့မှာတော့ ကန်စောင့်နတ်တွေက ထိုမြေးအဘွား ၂ ဦးကိုသာ သတိပေး၍အဝေးသို့တိမ်းရှောင်စေခဲ့ပြီး တစ်ရွာလုံးကိုရေအိုင်အတွင်း

နှစ်မြှုတ်သတ်ဖြတ်ခဲ့တယ် လို့ဆိုပါတယ်။

အဘွားအိုဟာ ရွာကိုစွန့်ခွာမပြေးမီ နေရာမှတ်မိရန်အတွက် ဝါးလုံးတိုင်တစ်တိုင်ကို ရေအိုင်အတွင်းစိုက်ထူထားခဲ့ပြီး ဒီတိုင်ဟာ ယနေ့အထိ ရေအိုင်အတွင်းမှာရှင်သန်ကြီးထွားလျက်ရှိနေတယ်လို့သိရတာပါပဲ။

ဒေသခံတွေဟာဒီဇာတ်လမ်းကိုမျိုးဆက်ပေါင်းများစွာတိုင်အောင်အစဉ်အဆက်လက်ဆင့်ကမ်းပြောဆိုရင်း ရေအိုင်ကြီးအတွင်းက ငါးအပါအဝင်မည်သည့်ရေသတ္တဝါကိုမှ သတ်ဖြတ်ဖမ်းဆီးခြင်းမပြုဝံ့ကြတော့ပဲ ဘေးမဲ့ပေးထားခဲ့ကြပါတယ်။




ယနေ့အချိန်မှာတော့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းပါဝင်နေတဲ့ ဒီဒေသဟာ အိန္ဒိယနှင့် မြန်မာနိုင်ငံအတွင်းမှ အလည်အပတ်လာရောက်သူ အများအပြားရှိပြီး စည်စည်ကားကားနဲ့ ပျော်ရွှင်စရာအရပ်ဒေသတစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။ 

နောင်ယန်းအင်းသွားရောက်ရာ တစ်ခုတည်းသောလမ်းမှာလည်း လီဒိုလမ်းမကြီးပင်ဖြစ်၏။ မြန်မာနိုင်ငံဘက်ကနေ သွားလာရအနည်းငယ်ခက်ခဲပြီး ပွင့်လင်းရာသီရောက်မှ မြစ်ကြီးနားမှတစ်ဆင့် တနိုင်း၊ နန်းယွန်း၊ ပန်ဆောင်အထိ နှစ်ရက်ကြာ ကားတစ်တန် ဆိုင်ကယ်တစ်တန်ဖြင့် သွားကြရ၏။ ဒါကြောင့်နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားတို့ဟာ အိန္ဒိယနိုင်ငံဘက်မှတဆင့် ရေကန်ကြီးဆီသို့ လာရောက်လေ့လာကြပါတယ်။ အိန္ဒိယနိုင်ငံဘက်မှ ဒေသခံများကလည်း ပြန်လမ်းမဲ့ရေကန်ကို စိတ်ဝင်စားပြီး လာရောက် လည်ပတ်လေ့ရှိသည်ဟု သိရသည်။


အထူးသဖြင့် နှစ်စဉ်ဇန်နဝါရီ ၂ဝ မှ ၂၃ ရက်အထိကျင်းပတဲ့ အိန္ဒိယနိုင်ငံ 

နန်ပေါင်(Nampong)ဆောင်းရာသီပွဲတော်ချိန်နဲ့ ပန်ဆောင် ၁၀ ရက်တစ်ဈေး၊ ဈေးဖွင့်ရက်တွေဆိုရင် အိန္ဒိယဘက်က ဧည့်သည်တွေအလာပိုများပါတယ်။ အိန္ဒိယဘက်က ပြန်လမ်းမဲ့ရေကန်ဆီ လာတဲ့သူတွေကို ဗီဇာနဲ့မဟုတ်ပဲ၊ ယာယီလည်ပတ်ခွင့်ဆိုပြီးတော့ အချိန်အကန့်အသတ်နဲ့ လည်ပတ်ရပါတယ်။ အိန္ဒိယဘက်က ဒီအင်းကိုလာဖို့ဆိုပြီး လက်မှတ်ယူလာရပါတယ်။ လက်မှတ်ကိုမြန်မာဘက်ပြ၊ အဲဒါကို ဘယ်နေရာအထိဆိုပြီး ခွင့်ပြုပေးပါတယ်။


တစ်ချိန်က ဘယ်လိုပင်နာမည်ဆိုးနဲ့ကျော်ကြားစေခဲ့ပါမူ နောင်ယန်းအင်းခေါ် 'ပြန်လမ်းမဲ့ရေကန်'ဟာ ဒီအချိန်မှာတော့ ပွင့်လင်းရာသီဆိုရင် တစ်နှစ်ထက်တစ်နှစ် လူစည်ကားတဲ့ အင်းတစ်ခု ဖြစ်လာနေခဲ့ပါပြီ။

ဒါ့ကြောင့်အင်းကို တိမ်ကောမသွားအောင်၊ သဘာဝပတ်ဝန်းကျင် မပျက်စီးသွားရအောင် အစိုးရနဲ့ ဒေသခံတွေက ထိန်းသိမ်းသွားကြဖို့ လိုအပ်ပါတယ်။


ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။မူရင်းရေးသားသူအားလေးစားစွာ

Crd ပေးပါသည်။🙏🙏🙏

No comments