New Artical

ကဖိန်းကင်းစင်သောဘဝ


 ကဖိန်းကင်းစင်သောဘဝ

သင့်ကို ကော်ဖီဖြတ်ခိုင်းတာ မဟုတ်တဲ့အတွက် ခေါင်းစဉ်မြင်ပြီး လန့်မသွားပါနဲ့။


အခုဆိုရင် လူတိုင်းနီးပါးက ကော်ဖီသောက်သုံးမှု များလာကြပါတယ်။ ကော်ဖီသောက်ရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို မြန်စေတာကအစ အယ််လ်ဇိုင်းမားရောဂါ မဖြစ်အောင် ကာကွယ်ပေးတာအဆုံး ကောင်းကျိုးတွေလည်း ရှိပါတယ်။

ဒါပေမဲ့ ကဖိန်းဓာတ်ကင်းစင်ရင်ကော ဘာအကျိုကျေးဇူးတွေ ရှိနိုင်လဲ။ ကဖိန်းဓာတ်ကင်းစင်အောင် ဘယ်လို နေထိုင်ကြမလဲ။ ဒီဆောင်းပါးမှာ ကော်ဖီလျှော့သောက်လိုက်လို့ ပိုက်ဆံသက်သာတာအပြင် နောက်ထပ်ရရှိလာမယ့် အကျိုးကျေးဇူး (၁၀) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁) စိုးရိမ်ပူပန်မှု လျော့လာခြင်း

အခုရက်ပိုင်းမှာ စိုးရိမ်ပူပန်မှု များနေပါသလား။ ဒါဆို သင်ဟာ ကော်ဖီအသောက်များပြီး ကဖိန်းဓာတ်တွေ များနေတာ ဖြစ်နိုင်ပါတယ်။ ကဖိန်းဓာတ်ဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ပမာဏထက် ပိုတဲ့စွမ်းအင်တွေကို ထုတ်လုပ်ပေးပါတယ်။ ဒီပိုလျှံနေတဲ့ စွမ်းအင်တွေဟာ စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ရင်တုန်ခြင်း၊ သွေးလန့်ခြင်းစတဲ့ လက္ခဏာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ နဂိုတည်းက စိတ်ဖိစီးမှု များသူတွေအတွက် ကဖိန်းဓာတ်ပါတာစားရင် လက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။ အခန့်မသင့်ရင် စိတ်ကျရောဂါ ခံစားရနိုင်ပါတယ်။ ကဖိန်းဓာတ်နည်းရင် စိုးရိမ်ပူပန်စိတ်လည်း နည်းလာမှာပါ။

၂) အိပ်ပျော်ခြင်း


ကဖိန်းဓာတ်ဟာ အိပ်ချိန်ကို အနှောင့်အယှက်ပေးပါတယ်။ နေ့တိုင်းကော်ဖီသောက်သူတွေဟာ အိပ်ချိန် ပြောင်းလဲနေတဲ့အတွက် ညပိုင်းမှာလန်းနေပြီး နေ့ပိုင်းမှာ နွမ်းနေမှာပါ။ ဒါကြောင့် မအိပ်ခင် ၆ နာရီအတွင်း ကော်ဖီ မသောက်သင့်တော့ပါဘူး။

၃) အာဟာရစုပ်ယူမှု အားကောင်းခြင်း

သင်ဟာ ကော်ဖီသောက်သူ တစ်ယောက် မဟုတ်ဘူးဆိုရင် သင့်ရဲ့အူက သင်စားလိုက်သမျှ အစာအာဟာရတွေ အားလုံးကို စုပ်ယူပေးပါလိမ့်မယ်။ ကဖိန်းမှာပါဝင်တဲ့ တန်နင်စ်- Tannins ဟာ

    ကယ်လ်ဆီယမ်
    Iron (သံဓာတ်)
    ဗီတာမင် ဘီ တို့ စုပ်ယူမှုကို အနှောင့်အယှက် ပေးပါတယ်။ ဒါကြောင့် ကော်ဖီသောက်သုံးတဲ့သူတွေဟာ အာဟာရ မမျှတမှုတွေ ဖြစ်ပွားတတ်ပါတယ်။

၄) သွားများဖြူဖွေး ကြံ့ခိုင်စေခြင်း

ကော်ဖီ၊ လက်ဘက်ရည် စတာတွေက သွားများကိုအရောင်စွဲစေပါတယ်။ ဒီအရည်တွေထဲမှာ tannins များစွာပါဝင်တဲ့အတွက် သွားရဲ့အပေါ်ယံံလွှာမှာ အရောင်တွေ စွဲကျန်ရစ်စေပါတယ်။ ဒါ့အပြင် အရည်မှာပါဝင်တဲ့ အက်ဆစ်ဂုဏ်သတ္တိကြောင့် သွားပိုးလည်း စားစေပါတယ်။ ဒါကြောင့် ကဖိန်းဓာတ်နည်းနေရင် ဒီလိုဆိုးကျိုးတွေကို မခံစားရတော့ပါဘူး။

၅) အမျိုးသမီးများအတွက် ဟော်မုန်းဓာတ်ညီမျှစေခြင်း

ကဖိန်းဓာတ်ကင်းစင်ခြင်းဟာ အမျိုးသမီးတွေအတွက် အကျိုးကျေးဇူး များစွာ ရရှိစေပါတယ်။ ကဖိန်းပါဝင်တဲ့ကော်ဖီ၊ လက်ဘက်ရည်၊ ဆိုဒါတွေက မ,ဟော်မုန်း အဆင့်ကို ပြောင်းလဲစေပါတယ်။ တစ်နေ့ကို ကော်ဖီနှစ်ခွက်ထက် ပိုသောက်ရင် မ,ဟော်မုန်း အဆင့်ကို တက်စေပါတယ်။ မ,ဟော်မုန်း အဆင့် ပြောင်းလဲတာကြောင့် အရိုးပွရောဂါ၊ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာတွေ ဖြစ်ပွားတတ်ပါတယ်။ ဒါ့အပြင် ကဖိန်းဓာတ်များနေရင် သွေးဆုံးကိုင်ဝေဒနာတွေကို ပိုဆိုးစေနိုင်ပါတယ်။

၆) သွေးတိုးကျခြင်း

ကဖိန်းဓာတ်ဟာ အာရုံကြောအဖွဲ့အစည်းကို လှုံ့ဆော်တဲ့အတွက် သွေးတိုးစေပါတယ်။ တစ်နေ့ကို ကော်ဖီ ၃ ခွက် ကနေ ၅ ခွက်အထိ သောက်သုံးရင် နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။

၇) ဦးနှောက်၏ ဓာတုပမာဏကို မျှတစေခြင်း

ကဖိန်းဓာတ်ဟာ ကိုကင်းလိုပဲ ဦးနှောက်ရဲ့ ဓာတုပမာဏကို ပြောင်းလဲစေပါတယ်။ ဒါကြောင့် မသောက်ရရင် မနေနိုင်တဲ့ လက္ခဏာတွေ ပေါ်လာတာပါ။ ရုတ်တရက် ကော်ဖီမသောက်ဘဲ ဖြတ်ချလိုက်ရင် အရက်ဖြတ်သလို လက္ခဏာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

၈) ခေါင်းကိုက် သက်သာစေခြင်း

ကော်ဖီဖြတ်လိုက်လို့ ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေက အလွန်ဆိုးရွားပါတယ်။ ဒီထဲကမှ တစ်ခုက ခေါင်းကိုက်တာပါပဲ။ မနက်ပိုင်း အလုပ်ရှုပ်နေလို့ ကော်ဖီမသောက်မိရင် ခေါင်းကိုက်တတ်တာကို သင်သတိထားမိပါသလား။ ခေါင်းကိုက်တာအပြင် –

    ပင်ပန်းနွမ်းနယ်ခြင်း
    အာရုံစူးစိုက်မှုအားနည်းခြင်း
    ဂဏှာမငြိမ်ဖြစ်ခြင်း
    ဦးနှောက်ခြောက်ခြင်းများ ဖြစ်တတ်ပါတယ်။

၉) အစာကြေ ရင်ချောင်ခြင်း

ကဖိန်းဓာတ်က အစာခြေခြင်းကို အနှောင့်အယှက်ပေးပါတယ်။ ဒါ့အပြင် ဝမ်းလျှောစေတဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ ရင်ပူရင်ဆာလည်း ဖြစ်နိုင်ပါတယ်။

၁၀) အရွယ်တင်နုပျိုစေခြင်း

သင်ဟာ အရွယ်တင်နုပျိုတဲ့သူ တစ်ယောက်ဖြစ်ချင်ရင် ကဖိန်းပါဝင်တဲ့အရည်တွေ မသောက်ပါနဲ့။ ကဖိန်းဓာတ်ဟာ ကော်လာဂျင်- Collagen ထုတ်လုပ်မှုကို တားဆီးတဲ့အတွက် အိုမင််းရင့်ရော်စေပါတယ်။ မနက်ပိုင်း ကော်ဖီမသောက်တာက နဖူးတွန့်တာကို ကာကွယ်ပေးတယ်နော်။

ဘယ်သူတွေက ကဖိန်းဓာတ်ပါတဲ့ အစားတွေကို ရှောင်သင့်လဲ။

    ကိုယ်ဝန်ဆောင်အမျိုးသမီးများ
    စိုးရိမ်ပူပန်စိတ်များသူများ
    ဆီးချိုရောဂါ၊ ဂေါက်ရောဂါ၊ ရင်ပူရင်ဆာရောဂါရှိသူများ
    ပိုးသတ်ဆေး၊ ပန်းနာရင်ကြပ်ပျောက်ဆေး၊ စိတ်ရောဂါကုဆေးများ သောက်သုံးသူဖြစ်ပါက ကဖိန်းဓာတ်ပါသော အစာများကို ရှောင်သင့်သည်။

အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ။

No comments