New Artical

သွေးဆုံးချိန်မှာ ကြင်နာပါ

 


သွေးဆုံးချိန်မှာ ကြင်နာပါ

သွေးဆုံးပြီး အမျိုးသမီးတစ်ယောက်ကို ဘာဖြစ်မှာ အကြောက်ဆုံးလဲလို့မေးရင် သူတို့က ရင်သားကင်ဆာ ဒါမှမဟုတ် အဆုတ်ကင်ဆာလို့ ဖြေပါလိမ့်မယ်။ ဒါပေမဲ့ အသက် ၅၀ ကျော် အမျိုးသမီးတွေကို အဓိက ခြိမ်းခြောက်နေတာကတော့ နှလုံးရောဂါပါပဲ။ အများအားဖြင့် ကိုယ့်ကိုယ်ကို အချိန်မရွေး ရုတ်တရက် နှလုံးဖောက်ပြန်တာ- Heart Attack ဖြစ်နိုင်ပါတယ်။ လေဖြတ်နိုင်တယ်ဆိုတာကို သိပ်မတွေးမိကြပါဘူး။ ဒါပေမဲ့ သွေးဆုံးပြီးရင်တော့ ဒီကိစ္စကို ခေါင်းထဲ ထည့်သင့်နေပါပြီ။

အသက် ၄၅ နှစ် မတိုင်ခင်မှာတော့ အမျိုးသမီးတွေက အမျိုးသားတွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေနည်းပါတယ်။ အသက် ၆၅ နှစ် ကျော်လာရင်တော့ အမျိုးသားတွေနဲ့ အတူတူဖြစ်လာပါပြီ။ ဒီရောဂါတွေကြောင့် သေဆုံးနိုင်ခြေကျတော့ အမျိုးသားတွေထက် ပိုများလာပါပြီ။ ဒီလို ဖြစ်ရတာက အမျိုးသားနဲ့ အမျိုးသမီး ခန္ဓာကိုယ်တည်ဆောက်ပုံမတူတာတွေ၊ ဟော်မုန်း အပြောင်းအလဲတွေကြောင့်ပါ။ အောက်မှာ ဆက်ရှင်းပြထားပါတယ်။

လက္ခဏာတွေက ကွာခြားပါတယ်
အမျိုးသမီးတွေမှာ နှလုံးရောဂါဖြစ်ရင် လက္ခဏာတွေက အမျိုးသားတွေနဲ့ မတူပါဘူး။ ဒါကြောင့် သာမန် နေထိုင်မကောင်းဖြစ်တာမျိုး၊ တခြားသွေးဆုံးချိန်လက္ခဏာတွေနဲ့ မှားတတ်ပါတယ်။ တစ်ခါတလေ ဘာလက္ခဏာမှ မပြတတ်ပါဘူး။ တချို့သူတွေမှာ ရင်ဘတ်အောင့်တာမျိုး ဘယ်ဘက်လက်မောင်းကို ပျံ့ပြီး နာတာမျိုး ဖြစ်တတ်ပေမဲ့ လူတိုင်းတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေထက်စာရင် ရင်ဘတ်အောင့်တဲ့ လက္ခဏာမျိုး ဖြစ်တာရှားပါတယ်။ အဲ့ဒီအစား-

  •     နုန်းတာ
  •     အသက်ရှူရခက်တာ
  •     ခေါင်းမူးတာ
  •     ပျို့အန်တာ
  •     စိတ်ရှုပ်လွယ်တာ၊ စိတ်ဆတ်တာ
  •     ချွေးထွက်များတာ
  •     ဇက်ကြော၊ ပုခုံးကြားနဲ့ နောက်ကျောဘက်နာတာ
  •     ရင်ပူတာ၊ ဗိုက်အောင့်တာ စတာတွေနဲ့ လာတတ်ပါတယ်။

ကုသနည်းတွေလည်း ကွာပါတယ်

နှလုံးရောဂါ ဒါမှမဟုတ် ရုတ်တရက်နှလုံးတိုက်ခိုက်ခံရတာ -Heart Attack ဖြစ်မှန်း သိရင်တောင်မှ အမျိုးသမီးတွေကို အမျိုးသားတွေနည်းအတိုင်း ကုသလို့မရပါဘူး။ အကြောင်းက အသိနောက်ကျတာများတဲ့အတွက် ဆေးမတိုးတာမျိုး ဒါမှမဟုတ် တစ်ခါတလေ အကြောင်းအရင်း မည်မည်ရရမရှိဘဲ တချိုးသွေးကျဲဆေးတွေက အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအစွမ်းထက်လို့ပါ။

သာမန်စစ်ဆေးရုံနဲ့လည်း ရောဂါမတွေ့နိုင်ပါဘူး

နှလုံးရောဂါကို ပုံမှန်စစ်ဆေးနေကြ နည်းလမ်းတွေဖြစ်တဲ့ Treadmill Stress Test (ပြေးစက်ပေါ်ပြေးပြီးမှ နှလုံးကို စစ်ဆေးခြင်း) နဲ့ ဗngiography (နှလုံးသွေးကြောစစ်ဆေးခြင်း) က သွေးဆုံးပြီး အမျိုးသမီးတွေမှာ နှလုံးရောဂါကို စစ်ဆေးတာအတွက်တော့ သိပ်အသုံးမဝင်လှပါဘူး။ ဥပမာ နှလုံးသွေးကြောစစ်ဆေးတဲ့နေရာမှာ သွေးကြောထဲမှာ အဆီခဲလေးကပ်နေပေမယ့်လည်း သွေးကြောထဲကို သိသိသာသာထွက်နေတာ မဟုတ်တဲ့အတွက် စစ်ဆေးလိုက်တဲ့အခါမှာ ဘာမှတွေ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် အတွင်းမှာ ရောဂါရှိနေရင်တောင် စစ်ဆေးလိုက်တဲ့အခါ ဘာမှမတွေ့တာမျိုး ဖြစ်နိုင်ပါတယ်။

အမျိုးသမီးတွေက ခံနိုင်ရည်လည်း ပိုရှိကြတယ်

အမျိုးသမီးတွေက တော်ရုံရင်ဘတ်အောင့်တာကိုတော့ ခံနိုင်ရည် ရှိကြပါတယ်။ ဒါကြောင့် တကယ်ကုသမှုစတဲ့အခါ နောက်ကျနေတာပါ။ နောက်ပြီး လက္ခဏာတွေက သာမန်နုံးတာ ရင်ပူတာနဲ့ တူနေတာကြောင့် သိ်ပ်ဂရုစိုက်တတ်ကြပါဘူး။ အမျိုးသားနဲ့ အမျိုးသမီး ရင်ဘတ်အောင့်တာချင်း တူရင်တောင် အမျိုးသမီးတွေက ခံနိုင်ရည်ပိုရှိနေတာကြောင့် ထိထိရောက်ရောက် ကုသမှု ခံယူဖို့ နောက်ကျတတ်ပါတယ်။

ရောဂါဖြစ်လာရင်လည်း အမျိုးသမီးတွေက ပိုခံရပါတယ်

နှလုံးရောဂါက ဘယ်သူမှာဖြစ်ဖြစ်ဆိုးတာမှန်ပေမဲ့ အမျိုးသမီးတွေမှာဖြစ်ရင် ပိုဆိုးပါတယ်။ အကြောင်းကတော့ အမျိုးသမီးတွေမှာ ဆီးချိုရောဂါ၊ ကိုလက်စရောများတာ၊ စိတ်ကျရောဂါနဲ့ တခြား ဇီဝဖြစ်စဉ်ရောဂါတွေ အဖြစ်များလို့ပါပဲ။ ဆေးလိပ်သောက်တာချင်းတူရင်တောင်မှ အမျိုးသမီးတွေက အမျိုးသားတွေထက် ရောဂါဖြစ်နိုင်ချေပိုများပါတယ်။


ဘယ်လို ကာကွယ်ကြမလဲ

သွေးဆုံးချိန်မှာ နှလုံးရောဂါ အဖြစ်နည်းအောင် သင် ကိုယ်တိုင်ကာကွယ်လို့ ရပါတယ်။ သင့်အနေနဲ့ မျိုးးရိုးရာဇဝင်၊ အသက်နဲ့ အမျိုးသမီးဖြစ်နေခြင်းကို ပြောင်းလဲလို့ မရပေမဲ့ တခြားသင့်ရဲ့ စားသောက်မှုပုံစံ၊ နေထိုင်မှုပုံစံ၊ အမူအကျင့်တွေကို ပြောင်းလဲလို့ရပါတယ်။

ဒါတွေကတော့-

၁။ ကျန်းမာရေးကို ဦးစားပေးပါ

ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ခံယူပါ။ နာတာရှည်ရောဂါတွေဖြစ်တဲ့ ဆီးချို သွေးတိုးတွေ ရှိနေရင်လည်း စောစောစီးစီး ကုသမှုခံယူပါ။

၂။ ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်က ဘယ်သူ့အတွက်မှ မကောင်းပါဘူး။ အမျိုးသမီးတွေမှာ ပိုဆိုးပါတယ်။ ဆေးလိပ်စွဲနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပါ။ ဆေးလိပ်ဆက်သောက်မယ်ဆိုရင် မသောက်တဲ့သူထက် နှလုံးရောဂါ မြန်မြန်ဖြစ်မှာ အသေချာပါပဲ။

၃။ အစားအသောက် ပြောင်းပြီး လေ့ကျင့်ခန်းလည်း လုပ်ပါ

ဒါက မလွယ်မှန်း သိပါတယ်။ ဒီလောက်လွယ်မှဖြင့် ပိန်ပိန်သွယ်သွယ်နဲ့ လှနေပြီပေါ့။ ဒါပေမဲ့ ခုလောက်ကစပြီးပဲဖြစ်ဖြစ် အဆီလျှော့စားကြည့်ပါလား။ နှလုံးရောဂါအပြင် တခြားရောဂါတွေကိုပါ ကာကွယ်နိုင်လို့ အသက်ပိုရှည်မှာပါ။

၄။ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ

စိတ်ဖိစီးမှုရော စိတ်ကျတာရောက နှလုံးအတွက် မကောင်းပါဘူး။ ဒါကြောင့် တရားထိုင်တာ၊ ယောဂလေ့ကျင့်တာတွေက စိတ်ကို တည်ငြိမ်စေပြီး နှလုံးရောဂါကို ကာကွယ်ဖို့ ကူညီပေးပါတယ်။

၅။ Aspirin (သွေးကျဲဆေး) သောက်ပါ

အသက် ၆၀ ကျော်ရင် ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးကြဲဆေးသောက်ဖို့ သင့် မသင့်ဆွေးနွေးပါ။ ဒါက သွေးခဲပိတ်တာကြောင့်ဖြစ်တဲ့ လေဖြတ်တာကို ကာကွယ်ပေးပါတယ်။ အရေးကြီးတာက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဖို့ပါပဲ။


၆။ မိသားစုရောဂါရာဇဝင်ကို သိပါစေ

မိသားစုထဲမှာ နှလုံးရောဂါဖြစ်တဲ့ ရောဂါရာဇဝင်ရှိတယ်ဆိုရင် သင်လည်း ရှိနေနိုင်တယ်ဆိုတာ သိထားပါ။ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးတာ၊ စားသောက်နေထိုင်မှုပုံစံ ပြောင်းတာတွေ လုပ်ပြီး တတ်နိုင်သလောက် ကြိုတင်ကာကွယ်ပါ။

၇။ မိတ်ဆွေတွေကိုလည်း မျှဝေပေးပါ

သွေးဆုံးပြီးနောက် ဖြစ်လာနို်င်တဲ့ ရောဂါတွေအကြောင်း လေ့လာပါ။ မိတ်ဆွေတွေနဲ့မျှဝေပါ။ ဒါမှ အသိပညာလည်း တိုးတဲ့အပြင် အထီးကျန်တာလည်း ဖြစ်မှာမဟုတ်ပါဘူး။

သင်ကအစားထိုးမရတဲ့သူဆိုတာ ယုံကြည်လိုက်ပါ။ သင်ဟာ တစ်စုံတယောက်ရဲ့ မိခင်၊ ဇနီး၊ အဘွား၊ အရေးပါသူ ဖြစ်နေတဲ့အတွက် သင့်နေရာကို အစားထိုးလို့ မရပါဘူး။ သင်က အရေးပါသူတစ်ယောက်ဖြစ်ပြီး နောက်ထပ်လည်း နှစ်တွေ အများကြီး ရှင်သန်ရဦးမှာပါ။ ဒါကြောင့် သင့်နှလုံးကို ဂရုစိုက်ပါ။ လုပ်နိုင်တာတွေ အကုန်လုပ်ပြီး သင့်နှလုံးကို ကာကွယ်ပါ။ မိသားစုနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားပါ။

 ဒေါက်တာ ထက်ထက်ဇော်ဝင်း

1 comment: