New Artical

သမိုင်းဝင်မျှောလေးမျှောဘုရားများ


သမိုင်းဝင်မျှောလေးမျှောဘုရားများ


🌿 သမိုင်းဝင်မျှောလေးမျှောဘုရားရုပ်ပွားတော် များသည် အရပ်ဒေသ ​လေးခုသို့ ရောက်ရှိသီတင်းသုံး စံပယ်တော် မူလျှက်ရှိကြပါသည်။
        ဘုရားရှင်ကိုယ်စား ကိုယ်ပွားတော်များ ထုလုပ်၍ ဖောင်လေးစင်းပေါ်သို့ အသီးသီးတင်ကာ ပင်လယ်သို့ မျောလိုက်သော ရုပ်ပွားတော်လေးဆူသည်  ယခုအခါ  လူသိများထင်ရှားလှသည့် တန်ခိုးကြီးဘုရားများ အဖြစ် မြန်မာနိူင်ငံ၏ ​ဒေသလေးခုတွင် ကျိန်းဝပ်လျှက် ရှိကြပါသည်။

🌿ခရစ်သက္ကရာဇ် ၁၄၀၉ ခုတွင် လင်္ကာဒီပကျွန်း၊ သီဟိုဠ်နိူင်ငံ( ယခု သီရိလင်္ကာ ) ၌ ဆဋ္ဌမမြောက် သိရိပရက္ကမဗာဟုမင်း ထီးနန်းစိုးစံအုပ်ချုပ်လျှက်ရှိ လေရာမှ နန်းသက်(၁၀)နှစ်ခန့်အကြာတွင်  ဗုဒ္ဓဘာသာ သာသနာတော်ကို ကြည်ညိုလှသူဖြစ်သဖြင့်  အခြား သော ပင်လယ်ရပ်ခြားဒေသများတွင်ပါ ဗုဒ္ဓသာသနာ ထွန်းကားစေလိုသောဆန္ဒ ဖြစ်ပေါ်လျှက်ရှိပါသည်။

🌿 ထို့ကြောင့် ဗုဒ္ဓပွင့်တော်မူရာ အိန္နိယနိူင်ငံမှ  မဟာ ဗောဓိညောင်ပင်၏ မျိုးကိုယူကာ အနုရာဓမြို့၌ စိုက်ပျိုး ထားသည့်ဗောဓိညောင်ပင်၏ လက်ယာတောင်ကိုင်းကို ဆေးဒန်း၊ မြင်းသီလာနှင့် ရစ်ပြီး အရွက်၊အခက်၊အပွေး
အခေါက်၊အကိုင်းတို့ကို ထုထောင်း အမှုန့်ပြု၍ ~ ကျောက်သား အင်္ဂတေတို့နှင့် ရောစပ်ကာ ဗုဒ္ဓရုပ်ပွားတော် ​လေးဆူထုလုပ်ရာ (၇)ရက်နှင့် ပြီးစီးသွားသဖြင့် မြတ်စွာဘုရား၏ သရီရဓာတ်တော် ဆံတော်တစ်ဆူစီ ထည့်သွင်း ဌာပနာ ထားရှိပါသည်။

🌿 ထို့နောက် ရုပ်ပွားတော်လေးဆူအား...
  🔸 ကျောက်လှည်းဘီးပလ္လင်ခံ၍ တစ်ဆူ
  🔸 ကျွန်းတုံးပလ္လင်ခံ၍ တစ်ဆူ
  🔸 သင်္ကန်းတုံးပလ္လင်ခံ၍ နှစ်ဆူ ပြုလုပ်ကာ  သရီရဓာတ်တော်၊ဆံတော်မြတ်တို့ စံပယ်တော် မူထိုက်သော အရပ်ဌာန၌ သီတင်းသုံးတော်မူ၍ သာသနာနှစ်ငါးထောင်တိုင် နတ်လူတကာတို့ ပူဇော်နိူင်အောင် တည်တံ့ ခိုင်မြဲနိူင်ပါစေသတည်း  ဟူ၍ အဓိဌာန်ပြုလျှက် ဖောင်တခုစီပေါ် ရုပ်ပွားတော် အသီးသီးအား တင်ကာ ဇမ္ဗူလောက သင်္ဘောဆိပ်မှ ပင်လယ်တွင်းသို့ မျှောလိုက်လေတော့သည်။

🌿သီဟိုဋ္ဌ်ကျွန်း(သီရိလင်္ကာ)မှ မျှောလွတ်လိုက်သော ဗုဒ္ဓရုပ်ပွားတော် တစ်ဆူစီ တင်ဆောင်ထားသည့် ဖောင်‌တော် လေးစီးသည် မြန်မာနိူင်ငံသို့ ဆိုက်ရောက် လာခဲ့ပြီး ......

🔸သင်္ကန်းတုံးပလ္လင်ခံနှင့်ဉာဏ်တော် ၂ပေခန့်ရှိသော  ရုပ်ပွားတော် တင်ဆောင်လာသည့်ဖောင်တော်သည် (ယခုအခေါ်)ထားဝယ်မြို့၊ ရှင်မုတ္ထီး ကမ်းခြေသို့ ဆိုက်ရောက်တော်မူသဖြင့် ပင့်ဆောင်ပူဇော်ကြရာ ယခုအခါ ရှင်မုတ္ထီးဘုရားဟု လူသိများထင်ရှားနေပါသည်။

🔸သင်္ကန်းတုံး ပလ္လင်ခံနှင့် ဉာဏ်တော် ၃ပေရှိသော ရုပ်ပွားတော်တင်ဆောင်လာသည့် ဖောင်တော်သည် (ယခုအခေါ်) ကျိုက္ခမီကမ်းခြေသို့ ဆိုက်ရောက်တော် မူသဖြင့် ပင့်ဆောင်ပူဇော်ကြရာ ယခုအခါ ကျိုက္ခမီ ရေလယ်ဘုရားဟု လူသိများထင်ရှားနေပါသည်။

🔸ကျောက်လှည်းဘီပလ္လင်ခံနှင့် ဉာဏ်တော် ၃ပေခွဲ ရှိသောရုပ်ပွားတော် တင်ဆောင်လာသည့်ဖောင်တော်သည် (ယခုအခေါ်) ကျိုက်ထိုမြို့၊ဆိပ်ကမ်းတခုသို့ ဆိုက်ရောက်တော်မူသဖြင့် ပင့်ဆောင်ပူဇော်ကြရာ ယခုအခါ ကျိုက်ပေါလောမှဲ့ရှင်ဘုရားဟု လူသိများ ထင်ရှားနေပါသည်။

🔸ကျွန်းတုံးပလ္လင်ခံနှင့် ဉာဏ်တော် ၃ပေခွဲရှိသော ရုပ်ပွားတော် တင်ဆောင်လာသည့် ဖောင်တော်သည် ငပုတောမြို့ အပိုင်၊ ကျောက်ကလပ်ရွာ(ယခင်ပုသိမ်ဒေသ)ပင်လယ်ကမ်းစပ်အနီး ကျောက်ကလပ်ကြီး ပေါ်တွင် တင်ရှိနေသဖြင့် ထိုရွာမှပင့်ဆောင်ပူဇော်ကြပြီး ဘုန်းတော်ပြည့်ဘုရားဟူ၍ ထင်ရှားလာသော်ဘုရား အနီးရှိ တံငါတဲအိမ်စုလေးများမှာလည်း ဘုန်းတော်ပြည့်ရွာ ဖြစ်လာလေ‌တော့သည်။

ခရစ်သက္ကရာဇ် ၁၄၅၂ ခုတွင် ဟံသာဝတီ၌ ထီးနန်းစိုးစံနေသော ဘုရင်မကြီးရှင်စောပုမှ ဘုန်းတော် ပြည့်ဘုရားအား ဆိပ်ကမ်းမြို့ကြီးအဖြစ် စည်ကားနေသော ပုသိမ်မြို့၏ ​ရွှေမုဋ္ဌောဘုရားဆီသို့ ပင့်ဆောင်ပူဇော်ထားရှိသဖြင့် ယခုအခါ သီဟိုဋ္ဌ်ရှင်တန်ဆောင်း ၌ ကျိန်းဝပ်စံပယ်တော်မူလျှက် ရှိပါသည်။

🌿 ရုပ်ပွားတော်မြတ်များသည် မတူညီသောအရပ်ဒေသအသီးသီးသို့ ရောက်ရှိ၍ ပူဇော်ခံလျှက်ရှိနေ ကြသော်လည်း အလွန်ထူးခြားလှသည့် တူညီသော အချက်မှာ သီရိလင်္ကာကျွန်းရှိရာအနောက်တောင် အရပ်သို့ မျက်နှာမူလျှက်ရှိကြခြင်းပင်ဖြစ်ပါသည်။ အခြားဘက်သို့ မျက်နှာတော် လှည့်ထားမိလျှင် သူ့အလိုလို မူလနေရာသို့ ပြန်လှည့်သွားကြသည်ဟု မှတ်တမ်းများအရ သိရှိရပါသည်။

🌿 ကြည်ညိုဖွယ်ရာ၏ ဓမ္မမိတ်ဆွေ အပေါင်းတို့လည်း ထူးခြားလှသည့် မျှောလေးမျှော ရုပ်ပွားတော်မြတ်များ က်ိန်းဝပ်စံပယ်လျှက်ရှိသော ဒေသအသီးသီးသို့ တခါတခေါက် ​ရောက်ရှိခဲ့ပါလျှင် သွားရောက်ဖူးမျှော် ကြည်ညိုနိူင်ကြပါရန် အကျိုးမျှော်နှိုးဆော်‌တင်ပြ အပ်ပါသည်

No comments