New Artical

“ဖဲကြိုးနီ လှုပ်ရှားမှု”ကို ထောက်ခံကြောင်း ပြသခဲ့တဲ့ နီနီခင်ဇော်

 


စစ်အာဏာရှင်များကို ဆန့်ကျင်တဲ့ အနေနဲ့ မြန်မာနိုင်ငံ အရပ်ရပ်ရှိ ဆေးရုံ၊ ဆေးခန်းများမှာ ကျန်းမာရေးဝန်ထမ်းများက “Red Ribbon Campaign” (ဖဲကြိုးနီ လှုပ်ရှားမှု) ကို ယနေ့ စတင် ပြုလုပ်နေပြီး၊ အဆိုပါ ကမ်ပိန်းကတော့ စစ်အစိုးရ လက်အောက်ရှိ အလုပ်တာဝန်များကို လုပ်ဆောင်ခြင်း မပြုဘဲ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) အနေနဲ့ ပြသခြင်း ဖြစ်ပါတယ်။

အဆိုပါ Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ဆေးဝန်ထမ်းများ၊ အင်ဂျင်နီယာများ၊ အစိုးရ ဝန်ထမ်းများ၊ ပြည်သူများအပြင် အနုပညာရှင်များလည်း ပါဝင်နေကြပြီး အဆိုတော် နီနီခင်ဇော်ကလည်း “ဖဲကြိုးနီ ကမ်ပိန်း” နဲ့ “Civil Disobedience ကမ်ပိန်းများ” ကို ထောက်ခံကြောင်း သူ့ရဲ့ ဆိုရှယ် မီဒီယာကတဆင့် ပြောပြခဲ့ပါတယ်။

“ကျမဟာ ကျောင်းပြီးကကတည်းက အနုပညာအလုပ်ကို ရွေးချယ်ခဲ့ပြီး ဆေးကုသခွင့် လိုင်စင် မရှိတဲ့သူပါ။ သို့ပေမယ့် ယခုဦးစွာ လှုပ်ရှားနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်း၊ Red Ribbon ကမ်ပိန်းနှင့် Civil Disobedience ကမ်ပိန်းများကို အပြည့်အဝ ထောက်ခံပါတယ်”လို့ အဆိုတော် နီနီခင်ဇော်က ပြောပါတယ်။

ဆက်လက်ပြီး နီနီခင်ဇော်က Civil Disobedience ကမ်ပိန်း လုပ်ဆောင်နေကြသော ကျန်းမာရေး ဝန်ထမ်းများနဲ့ သူ့ရဲ့ သူငယ်ချင်းများကိုလည်း ဂုဏ်ပြုကြောင်း ဆိုပါတယ်။

“စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့အနေနဲ့ Civil Disobedience Campaign လုပ်ဆောင်နေကြသော ကျန်းမာရေး ဝန်ထမ်းများ၊ ကျမရဲ့ သူငယ်ချင်းများ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများကို ချီးကျူးဂုဏ်ပြုပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိ ဆေးရုံ၊ ဆေးခန်းများမှာ ကျန်ရစ်နေပြီး အပြစ်မဲ့ လူနာများအား ဆက်လက် ကုသပေးနေသော ဆေးဝန်ထမ်းများကိုလည်း လေးစားတယ်လို့ ဆိုပါတယ်။

“ယခု ဆေးရုံများတွင် ကျန်ရစ်ပြီး အထက်အာဏာများ၊ စစ်အာဏာများကို ဆန့်ကျင်ကာ “အပြစ်မဲ့ ပြည်သူ လူနာများ” အတွက်သာ ကျန်နေရစ်ပြီး ကုသပေးပြီး၊ စစ်အာဏာရှင်အား ဆန့်ကျင်သော ဖဲကြိုးနီ ဝတ်ဆင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူများကို များစွာ လေးစားပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

အခုလို ကိုဗစ်ကာလဟာ ကျန်းမာရေးဌာနတွေမှာ ဆရာဝန်တွေ ပိုလိုအပ်နေပြီး၊ နီနီခင်ဇော် အနေနဲ့လည်း သူ တတ်သိတဲ့ ပညာနဲ့ လိုအပ်တဲ့ နေရာတွေမှာ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

“အခုလို Covid ကာလမှာလည်း ဆရာဝန်တွေဟာ ပြည်သူအတွက် ပိုလို့တောင် လိုအပ်ပါတယ်။ ကျမလည်း တတ်သိတဲ့ပညာနဲ့ လိုအပ်သော နေရာများတွင် ပါဝင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အခြားသော နယ်ပယ်မှ သူများလည်း ပါဝင်စေလိုကြောင်း ဆန္ဒပြုပါတယ်”လို့ နီနီခင်ဇော်က ဆိုပါတယ်။

Ref : irrawaddy

No comments