New Artical

သူတပါးအလှူကို တားမြစ်လျှင် ကြုံရမည့် အန္တရာယ် (၃)ပါး

 


အလှူမြစ်​တား (၃)ပါးဟု အန္တရာယ်

သူတစ်ပါး ပေးလှူနေတာကို ပုဂ္ဂိုလ်တစ်ယောက်က တားမြစ်တတ်တယ်။ဒကာကြီးတွေက လှူချင်ရင် ဒကာမကြီးတွေက ကန့်ကွက်တယ်။ ဒကာမကြီးတွေက လှူချင်ပြီဆိုရင် ဒကာကြီးက ကန့်ကွက်တယ်။

သားသမီးတွေက လှူချင်ရင် မိဘတွေက ကန့်ကွက်တယ်။ မိဘတွေက လှူချင်ရင် သားသမီးတွေက ကန့်ကွက်တယ်။

သူတစ်ပါး ပေးလှူတော့မယ်ဆိုရင် ထိုပေးလှူနေတဲ့ အလှူဒါနကို လာပြီး တားမြစ်တယ်။ အဲဒီ တားမြစ်တဲ့ပုဂ္ဂိုလ် ဘာလုပ်တာလဲ?

အန္တရာယ် (၃)မျိုး, ဘေးဥပါဒ် (၃)မျိုးကို ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

သူတစ်ပါး ပေးလှူနေတဲ့အလှူဒါနတစ်ခုကို သွားပြီးတားမြစ်ရင် ဒီတားမြစ်တဲ့ ပုဂ္ဂိုလ်သည်

အန္တရာယ် (၃)မျိုးကိုပြုလုပ်နေတာ ဖြစ်တယ်လို့ ဘုရားရှင်က ဟောကြားတော်မူပါတယ်။ အဲဒီ (၃)မျိုးဆိုတာက ဘာတွေလဲ?

၁။ ဒါနကုသိုလ်၏ အန္တရာယ် ဒါနဆိုတာက လှူခဲ့မယ်ဆိုရင် အလှူရှင် ဒါယကာမှာကုသိုလ်တရားတွေ တိုးပွားမယ့် လုပ်ငန်း ဖြစ်တယ်။

အလှူရှင် ဒါယကာက လှူဖွယ်ဝတ္ထု ပစ္စည်းတစ်ခုကို လှူတော့မယ်ကြံရင် မလှူဖို့ရန် ကန့်ကွက်တယ်။

လှူမယ်ဆိုတဲ့ အလှူရှင်အတွက် ကုသိုလ်တရားတွေ ဖြစ်ဦးမလား? မဖြစ်ဘူး။

ကုသိုလ် ခေါ်တဲ့ ပုည -ကောင်းမှုကိုယ်သိုလ်တရားတွေမဖြစ်ပေါ်အောင် အန္တရာယ် ပြုလုပ်နေတဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်။

ဒါက နံပါတ် (၁)နော်။ နံပါတ် (၂)က ဘာလဲ?၂။ လာဘ်လာဘ၏ အန္တရာယ် အလှူခံပုဂ္ဂိုလ်တွေ ရသင့်ရထိုက်တဲ့ လာဘ်လာဘရဲ့အန္တရာယ်ကိုလည်းပြုလုပ်တတ်တယ်။

မဟုတ်ဘူးလား? ဟုတ်နေတယ်နော်။ ဒါက နံပါတ် (၂)။ နံပါတ် (၃)ကျတော့ ဘာလဲ?

၃။ မိမိကိုယ်ကိုမိမိ တူးဖြိုနေသူ အဲဒီလို ကန့်ကွက်နေတဲ့ ပုဂ္ဂိုလ်ကိုလှမ်းကြည့်နော်။ သူဟာ ကျေနပ်လို့ ကန့်ကွက်တာလား?

မကျေနပ်လို့ ကန့်ကွက်တာလား? မကျေနပ်ဘူး။ မကျေနပ်တာမှာ သူ့မှာ လောဘကြောင့်မကျေနပ်တာလည်း ရှိချင်ရှိမယ်၊ ဒေါသကြောင့် မကျေနပ်တာလည်းရှိချင်ရှိမယ်။

ဣဿာ, မစ္ဆရိယတွေ၊ ကိုယ့်ထက်သာမနာလိုတဲ့ စိတ်ထားတွေ၊၀န်တိုတဲ့ စိတ်ထားတွေကြောင့် မကျေနပ်တာလည်း ရှိချင် ရှိမယ်နော်။

လောဘ, ဒေါသ, မောဟ, ဣဿာ မစ္ဆရိယစတဲ့ ဒီအကုသိုလ်တရားတွေ ၀င်ပြီး နှောင့်ယှက်ခံနေရတဲ့ ပုဂ္ဂိုလ်ဟာ

မိမိကိုယ်ကိုမိမိ ရှေးမဆွတည်းက မိမိဂုဏ်သိက္ခာတွေ ကျဆင်းသွားအောင်ကြိုတင်ပြီးတော့ တူးဖြိုနေတာပဲ။

သိပ်လောဘကြီးတာပဲ၊ သိပ်ဒေါသကြီးတာပဲ၊ သိပ်မောဟထူပြောတာပဲ၊သိပ်ပြီးတော့ ဣဿာ, မစ္ဆရိယတွေများပြားတာပဲ စသည်ဖြင့်ဘေးပုဂ္ဂိုလ်တွေက ဝေဖန်ကြတော့မယ်။

မိမိမှာ ရှိရင်းစွဲဖြစ်တဲ့ သီလ, သမာဓိ, ပညာ ဂုဏ်သိက္ခာတွေအားလုံး ကျဆင်းသွားတာပဲ။

ဒီကိလေသာ လက်နက်တွေနဲ့ မိမိကိုယ်ကိုမိမိ တူးဖြိုနေပြန်တယ်။ ဘယ်လို တူးဖြိုတာလဲ? တူးတယ် ဖြိုတယ်ဆိုတာ ဒကာကြီးတွေ ကြည့်စမ်းကြည့်။

တူးလို့ရှိရင် ဘာဖြစ်သွားလဲ? တွင်းက ဘာဖြစ်သွားလဲ?တူးလေ နက်လေပဲ။ မိမိ နက်တဲ့နေရာကို ဆင်းသွားဖို့ရန်အတွက် ကိုယ့်ကိုယ်ကို တူးဖြိုနေတာပဲ။

လက်နဲ့ယက်ပြီးတော့အောက်ကိုဆင်းနေတဲ့ ပုံစံပဲနော်။ဒီတော့ သူတစ်ပါး ကောင်းမှုကုသိုလ်ကို ကန့်ကွက်ရုံလေးနဲ့ပဲ ဘာကြောင့် ဒီလို လက်နဲ့ယက်ပြီးအောက်ကိုဆင်းရမလဲလို့ဒီလိုတော့ မေးစရာ ရှိတယ်။

မေးစရာရှိတဲ့ အခါကျတော့အဖြေကတော့သူတစ်ပါးတို့ရဲ့ကောင်းမှုကုသိုလ်ကိုကန့်ကွက်တားမြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာလောဘ, ဒေါသ, မောဟ စတဲ့ အကုသိုလ်တရားတွေကနည်းပါးလို့ ကန့်ကွက်တာလား,

များပြားလို့ ကန့်ကွက်တာလားလို့ မေးရင် များပြားတဲ့ ထုထည်တွေ ရှိတယ်နော်။

အလှူခံပုဂ္ဂိုလ်အပေါ်မှာ မကျေနပ်လို့ ဒေါသဖြစ်လို့၊ ဒေါသကိုအခြေခံပြီးတော့ (သို့မဟုတ်) လှူဖွယ်ဝတ္ထုအပေါ်မှာ တွယ်တာတပ်မက်တဲ့ လောဘဖြစ်နေလို့၊လောဘကိုအခြေခံပြီးတော့ ကန့်ကွက်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။

အလှူခံပုဂ္ဂိုလ်, အလှူပေးတဲ့ပုဂ္ဂိုလ်နှစ်ဖက်လုံးအပေါ်မှာ မကျေနပ်လို့ ကန့်ကွက်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။

နောက်တစ်ခုကတော့ ဣဿာ- မလိုမုန်းထားတဲ့စိတ်ထား၊မစ္ဆရိယ- ၀န်တိုတဲ့စိတ်ထားတွေကြောင့်ကန့်ကွက်နေတာတွေလည်း မဖြစ်နိုင်ဘူးလား? ဖြစ်နိုင်ပါတယ်။

မာန- ကိုယ့်ထက် သာသွားမှာစိုးလို့။အလှူရှင်က ဒီလိုလှူလိုက်လို့ရှိရင် ကိုယ်က နည်းနည်းလှူနိုင်တယ်။ သူက များများလှူနိုင်တော့ ကိုယ့်ထက်သာ မနာလိုလို့ မကျေနပ်လို့ ကန့်ကွက်တာတွေလည်းမရှိနိုင်ဘူးလား? ရှိနိုင်တယ်။

အဲဒီလို လောဘ, ဒေါသ, မောဟ, ဣဿာ, မစ္ဆရိယ တရားတွေကို တိုးပွားအောင် ဖြည့်ကျင့်ဆည်းပူးနေတဲ့ပုဂ္ဂိုလ်သည် မိမိကိုယ်ကိုမိမိ တူးဖြိုနေတဲ့ပုဂ္ဂိုလ်။

မိမိကိုယ်ကိုမိမိညှဉ်းပန်းနှိပ်စက်နေတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီလို တူးဖြိုနေတဲ့ ပုဂ္ဂိုလ်ရဲ့ လားရာဂတိသည် ကောင်းတဲ့ဂတိ ဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူးပေ့ါ။

ဖားအောက်တောရဆရာတော်

ဓမ္မဒါန

No comments