New Artical

ဒါယကာ ဧတဒဂ်ဆုဘွဲ့ခံ အနာထပိဏ်

အနာထပိဏ်သူဋ္ဌေးကြီး နှင့် တံခါးစောင့်နတ် - MYO TAW 

သာဝတ္ထိပြည်သား ကုန်သည်တစ်ဦးဖြစ်သူ အနာထပိဏ် သည် အလှူအတန်းအရာ၌ ဧတဒဂ်ရခဲ့သူ သောတာပန်တစ်ဦးဖြစ်၏။ အမည်အရင်းမှာ သုဒတ္တ ဖြစ်သည်။

သုဒတ္ထသည် မြတ်စွာဘုရားနှင့် မတွေ့ဆုံမီကပင် အလှူအတန်းတို့၌ ရက်ရော၏။ သူတပါးတို့အပေါ်၌ ကြင်နာတတ်သူလည်း ဖြစ်၏။ ချို့ငဲ့သူများကိုလည်း ပေးကမ်းစွန့်ကြဲ၏။ ထို့ကြောင့် သူ၏အမည် အရင်းဖြစ်သည့် သုဒတ္တ ပျောက်ကာ အနာထပိဏ္ဍိက ဟု အမည်တွင်သည်။ အနာထပိဏ္ဍိက သည် 'ကိုးကွယ်ရာမဲ့တို့အား စွန့်ကြဲပေးကမ်းသူ' ဟု အဓိပ္ပါယ်ရသည်။ 
 
အနာထပိဏ်သည် သာဝတ္ထိမှ ရာဇဂြိုဟ်သို့ ကူးသန်းရောင်းဝယ်ရေးအတွက် လှည်းပေါင်းငါးရာဖြင့် ယောက်ဖတော်စပ်သူ ရာဇဂြိုဟ်သူဌေး၏ အိမ်သို့ လာခဲ့သည်။ ထို့နောက် ရာဇဂြိုဟ်သူဌေး၏ အိမ်တွင် တည်းခိုလေသည်။ ထိုအချိန်တွင် ရာဇဂြိုဟ်သူဌေးကြီးသည် မြတ်စွာဘုရားနှင့် သံဃာတော်တို့အား ဆွမ်းစားပင့်ထားသဖြင့် အလုပ်များ ရှုပ်လျက်ရှိသဖြင့် အနာထပိဏ်အား ဧည့်ခံ၍ စကားမပြောနိုင်အောင် ဖြစ်လျက်ပင် ရှိသည်။ မြတ်စွာဘုရား ပွင့်တော်မူသည်မှာ တစ်နှစ်ကျော် ကာလပင် ရှိပြီ ဖြစ်သော်လည်း အနာထပိဏ်သူဌေးကြီးမသိရှာပေ။ ယခုမှ ဘုရားပွင့်တော်မူကြောင်း သိလေ၏။ ထိုအကြောင်းကို ကြားသိသော် အနာထပိဏ်သည် မြတ်စွာဘုရားအား သွားရောက်ဖူးမြော်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာသည်။ ယောက်ဖ ဖြစ်သူက မနက်ဖြန် ဆွမ်းစားကြွလာမှသာ ဖူးမြော်ရန် ပြောလေသည်။ အချိန်မှာလည်း ညဉ့်အချိန် ဖြစ်သောကြောင့် သွားရန် မသင့်တော်တော့ပေ။ အိပ်၍မျှပင် မပျော်ဘဲ မိုးလင်းခဲ့လေသည်။ အနာထပိဏ်သည် ဆွမ်းစားကြွလာသည်အထိ မစောင့်နိုင်တော့ပေ။ ထို့ကြောင့် နံနက်စောစောအချိန်ထကာ မြတ်စွာဘုရားရှိရာ ရာဇဂြိုဟ်ပြည် သုသာန်အနီး သီတဝန တောအုပ်သို့ သွားသည်။
 
အနာထပိဏ်သည် မြတ်စွာဘုရားထံသွားနေစဉ် ဤသို့ စိတ်အကြံ ဖြစ်၏။ "လောကတွင် ဘုရားအမည်ခံသူများ ပေါများ၏။ ငါသည် ဘုရားကို မမြင်ဘူးပေ။ ထို့ကြာင့် မည်သူ့ဆီသွားရမည် မသိပေ။ အကယ်၍ ဘုရားသည် ငါ၏ ငယ်အမည် သုဒတ္တ ကို သိပြီး ငါ့ကို အမည်ခေါ်၍ နှုတ်ဆက်လျှင် ကောင်းမည်။ ထိုမှသာ မြတ်စွာဘုရားအား ဆည်းကပ်ရလွယ်နိုင်သည်။ မြတ်စွာဘုရားသည်လည်း အစစ်ဖြစ်နိုင်ပေလိမ့်မည်" ဟု အကြံဖြစ်လေသည်။ မြတ်စွာဘုရားလည်း ထိုအကြံကို သိတော်မူ၏။ ထိုအချိန်တွင် မြတ်စွာဘုရားသည် စင်္ကြံလျှောက်နေလေသည်။ သူဌေးကြီးကို မြင်သောအခါ မြတ်စွာဘုရားသည် မြတ်စွာဘုရား၏ နေရာ၌ ထိုင်၏။ ထို့နောက် `လာ သုဒတ္တ´ ဟု နှုတ်ဆက်စကား ဆိုလေသည်။ ထိုအခါ မင်းကြီးသည် သူ၏ ငယ်အမည်ကို တရင်းတနှီးခေါ်သဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ၏။
 
သူဌေးကြီးသည် မြတ်စွာဘုရား လွင်တီးခေါင်ပြင်၌ စင်္ကြံလျှောက်နေသည်ကို လာကတည်းကပင် မြင်၏။ ထို့ကြောင့် မြတ်စွာဘုရားအား "ချမ်းသာစွာ ကျိန်းစက်တော်မူရပါရဲ့လား" ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် "ကာမဂုဏ် တို့၌ မလိမ်းကျံသော၊ ဝဋ်ဒုက္ခမှ ကင်းဝေးပြီးဖြစ်၍ ငြိမ်းအေးသော၊ ကိလေသာကင်းကွာ ချုပ်ငြိမ်းပြီးသူတို့သည် ချမ်းသာစွာ အိပ်ရ၏။ အာရုံငါးပါး၌ တပ်မက်တတ်သော တဏှာကို ပယ်ပြီးဖြစ်၍၊ ကိလေသာအပူကို ငြိမ်းပြီး၍၊ နိဗ္ဗာန်သို့ အရဟတ္တဖိုလ်ဖြင့် ရောက်ပြီး၍ ငြိမ်းချမ်းမှုကို ရပြီးသူသည် ချမ်းသာစွာ အိပ်ရ၏" ဟု မိန့်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် သစ္စာလေးပါးတရားကို အစဉ်အတိုင်း ဟောကြား၏။ ထိုအခါ သမာဓိဉာဏ်ကို ရ၏။ ထို့နောက် နာမရူပပရိစ္ဆေဒဉာဏ်၊ ပစ္စယ ပရိဂ္ဂဟဉာဏ်၊ ဝိပဿနာဉာဏ်တို့ကို ရလေသည်။ ထို့နောက် မဂ်ဉာဏ်ကို ရလေသည်။ အနာထပိဏ်သည် ပဒုမုတ္တရဘုရားလက်ထက်က ပန်ခဲ့သည် ဒါယကာ ဧတဒဂ်ဆုကို ရလေသည်။

ကိုးကား_ ဦး​ရွှေအောင် (ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့)စာအုပ်မှ

No comments