New Artical

“ မြန်မာနိုင်ငံ၏ ပထမဆုံး ရှမ်းအမျိုးသမီးလေယာဉ်မှူး နန်းရွှန်းအိ ”


 “ မြန်မာနိုင်ငံ၏ ပထမဆုံး ရှမ်းအမျိုးသမီးလေယာဉ်မှူး နန်းရွှန်းအိ ”

မြန်မာ့လေကြောင်းလောကမှာ လေယာဉ်မှူးတွေအများစုဟာ အမျိုးသားတွေဖြစ်ပြီး မိန်းကလေးလေယာဉ်မှူးကတော့ အနည်းအကျဉ်းသာရှိပါတယ်။ အဲဒီအနည်းငယ်ထဲမှာမှ အသက် ၂၁ နှစ်ရွယ်ကစပြီး လေယာဉ်မောင်းနှင်ခဲ့တဲ့ နန်းရွှန်းအိဟာ ရှမ်းတိုင်းရင်းသူတွေထဲမှာတော့

ထူးထူးခြားခြားတစ်ဦးတည်းသော ပထမဆုံးလေယာဉ်မှူး ဖြစ်ပါတယ်။သူ့ဘဝ၊ သူ့ရည်မှန်းချက် လေယာဉ်မှူးတစ်ယောက် ဖြစ်လာရပုံအကြောင်း တစေ့တစောင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်း ထားပါတယ်။



မေး – မင်္ဂလာပါ။ ပထမဆုံးအနေနဲ့ မေးလိုတာက နန်းအနေနဲ့ လေယာဉ်မောင်းချင်တဲ့ ဝါသနာက ဘယ်ကနေစတာပါလဲ။ ဘယ်လိုအကြောင်းက လေယာဉ်မှူးတစ်ယောက်ဖြစ်လာအောင် စေ့ဆော်ပေးခဲ့တာပါလဲ။

ဖြေ – ဟုတ်ကဲ့ အသက် ၁၀ နှစ်ကျော်လောက်မှာ ဖေဖေနိုင်ငံခြားသွားပြီး လေယာဉ်ကွင်းလိုက်ပို့ရင် ဖေဖေ့နောက်လိုက်သွားချင်တယ်။ လေယာဉ်ပျံမောင်းချင်တယ်။ လေယာဉ်စီးတဲ့ခါကျတော့လည်း မောင်းချင်တဲ့စိတ်တွေ ဖြစ်လာတယ်။ ငယ်သေးတော့ ဖြစ်နိုင်လားမဖြစ်နိုင်လားတော့ မသိဘူး ပေါ့လေ။ သူများကမေးတော့ ဆရာဝန်ဖြစ်ချင်လား၊ အင်ဂျင်နီယာဖြစ်ချင်လားပေါ့။ အဲဒါတွေတော့ မဖြစ်ချင်ဘူး ၊ ဝါသနာမပါတော့လေ။

မေး – နန်းဖြစ်ချင်တဲ့ လေယာဉ်မောင်းဖို့ကို ဘယ်အချိန်လောက်မှ ခြေလှမ်းစခဲ့ပါသလဲ။
ဖြေ – ဆယ်တန်းပြီးရင်တော့ လေယာဉ်မောင်းသင်တန်းသွားမယ်ပေါ့ စဉ်းစားထားတာပေါ့။ ဆယ်တန်းပြီးတော့ အိမ်ကမသွားစေချင်ဘူး။ ငယ်သေးတယ် အဲတုန်းက ၁၆ နှစ်ပေါ့နော် ဘွဲ့တစ်ခုခုအရင်တက်ပြီးမှသွားတက်ဆိုတော့

UFL ( University Of Foreign Languages ) မှာ ပြင်သစ်ဘာသာ အဓိကနဲ့ ကျောင်းတက်လိုက်တယ်။ ၃ နှစ်တက်ပြီး ဘွဲ့ရခဲ့တယ်။

၂၀၁၄ ခုနှစ်မှာပေါ့ ၊ အဲဒီမှာတစ်ခါတည်း လေယာဉ်မောင်းသင်တန်းတက်ဖို့ ကျောင်းတွေလိုက်ရှာတော့ အမေရိကားမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုတွေ့ပြီးဆက်သွယ်ခဲ့တယ်။

ဘွဲ့ယူပြီး လပိုင်း လောက်ကြာတော့ လေယာဉ်မောင်းသင်တန်းကိုစတက်ဖြစ်ခဲ့ပါတယ်။ ကျောင်းက ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Aerosim Flight Academy ( L3 Harris Academy ) ဆိုတဲ့ကျောင်းပါ။”



မေး – အဲဒီ လေယာဉ်မောင်းတဲ့ အသက်မွေးဝမ်းကြောင်းလိုင်းကို ရွေးလိုက်တော့ မိဘတွေက ဘာပြောလဲ။

ဖြေ – “အစကတော့ သဘောမတူဘူးရှင့်။ မိန်းကလေးဖြစ်နေတော့လေ။ သဘောမတူလည်း ညီမကလုပ်မယ်လို့ စဉ်းစားထားတော့လေ အကောင်းဆုံးတော့ဖြစ်အောင်လုပ်မယ် ဆိုပြီးတော့မှ လုပ်ခဲ့တာဘဲပေါ့နော်။ အဲဒါကတော့ အခုထိပဲ။ အဖေကတော့ ဖြစ်စေချင်တယ်။ အခုထိ အားပေးတုန်းပဲ။”

မေး – လေယာဉ်မောင်း သင်တန်းကျောင်းတက်နေတဲ့ကာလမှာ ဘယ်လိုအခက်အခဲတွေရှိပါသလဲ။
ဖြေ – “ဟိုကိုရောက်တော့လည်း ပထမဆုံး အတွေ့အကြုံမှာ အခက်အခဲတွေရှိပါတယ်။ အဓိကကတော့ ဘာသာစကားပါ။ မိခင်ဘာသာစကားမဟုတ်တဲ့အတွက် အစပိုင်း ATC ( Air Traffic Controller ) နဲ့ပြောတဲ့အပိုင်းတွေမှာ အခက်အခဲလေးတွေရှိပါတယ်။

လေယာဉ်မောင်း သင်တဲ့အပိုင်းမှာကတော့ အရင်ဆုံးစာတွေ့သင်ရပါတယ်။ စာမေးပွဲအောင်ရင် လေယာဉ်နဲ့ လေ့ကျင့်ရပါတယ်။ သတ်မှတ်ထားတဲ့နာရီရပြီဆိုရင် လိုင်စင်အဆင့်ဆင့်ကို စာမေးပွဲဖြေဆိုရပါတယ်။ ပြီးရင်တော့ နိုင်ငံတကာလေကြောင်းလိုင်းတွေမှာ မောင်းလို့ ရတဲ့ လိုင်စင်ထုတ်ပေးပါတယ်။”



မေး – သင်တန်းကာလ ဘယ်နှစ်နှစ်ကြာခဲ့ရသလဲ။
ဖြေ – “တစ်ယောက်နဲ့တစ်ယောက်သင်တန်း ပြီးတဲ့အချိန်တွေမတူကြပါဘူး။ ရာသီဥတု၊ ကျောင်းမှာရှိတဲ့ instructor အရေအတွက်၊ လေယာဉ်အစီးအရေအတွက်အနည်းအများပေါ်မူ တည်ပြီး ကြာချိန်ကွဲပြားပါတယ်။ ညီမက ၁၀ လနဲ့ သင်တန်းပြီးဆုံးခဲ့ပါတယ်။”

မေး – ကျောင်းကပြီးသွားတော့ ချက်ချင်း လုပ်ငန်းခွင်မှာ အလုပ်ဝင်ပါသလား။

ဖြေ – “ဟိုက သင်တန်းပြန်လာပြီးတော့ ၂၀၁၅ ဒီဇင်ဘာလောက်မှာ FMI Airline မှာ အလုပ်ဝင်ပါတယ် ။ CRJ 200 လေယာဉ်အမျိုးအစားနဲ့ စမောင်းပါတယ်ရှင့်”။

မေး – အလုပ်စဝင်တော့ ဘယ်လိုရာထူးရလဲ။

ဖြေ – “စဝင်ဝင်ချင်းမှာ first officer ခေါ် တွဲဘက်လေယာဉ်မှူးရာထူးနဲ့ တာဝန်ထမ်း ဆောင်ရပါတယ်ရှင့်”။



မေး – အဲဒီတုန်းက အသက်ဘယ်နှစ်နှစ်လဲ။ အဲဒီတုန်းက လေယာဉ်မှူးတွေထဲမှာ အသက် အငယ်ဆုံးလား။

ဖြေ – “၂၁ နှစ်ပါရှင့်။ ညီမထက် ၁ နှစ်ငယ်တဲ့ ပိုင်းလော့ရှိပါတယ်ရှင့်။”

မေး – ၂၀၁၅ နှစ်ကနေ ခုထိလေယာဉ်မောင်းလာတယ်ဆိုတော့ ဘယ်လေကြောင်းလိုင်းတွေမှာ မောင်းခဲ့ဖူးလဲ။

ဖြေ – “စစချင်း CRJ 200 လေယာဉ်ကို FMI Airline မှာ ၃ နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၈ အကုန်ပိုင်းလောက်မှာတော့ တရုတ်ပြည် Shenzhen ပြည်နယ်မှာအခြေစိုက်တဲ့ Astro Air Company မှာ Private Jet မောင်းနှင်ပါတယ်ရှင့်။”

မေး – လေယာဉ်မောင်းနေရင်းနဲ့ ထင်မှတ်မထားတဲ့ပြောင်းလဲမှုမှာ အခက်အခဲကြုံတာတွေရှိလား။

ဖြေ – “အဲဒါကတော့ လေယာဉ်ကွင်း တစ်ကွင်းနဲ့တစ်ကွင်းမတူကြဘူးပေါ့နော် ၊ ရာသီဥတု မကောင်းဘူး၊ တိမ်ထူထပ်မယ်၊ လေပြင်းမယ် စသဖြင့်ပေါ့နော် ၊ အဲလိုတွေဖြစ်လာခဲ့ရင်လည်း အကောင်းဆုံးပျံသန်းနိုင်ဖို့ Pilots တွေအားလုံးက ၆ လတစ်ကြိမ် လေယာဉ်အတု ( Simulator ) နဲ့ လေ့ကျင့်ပျံသန်းရပါတယ်။”

မေး – ဟုတ်ကဲ့ အခုဆိုရင် ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ပြီလို့ပြောလို့ရမလား၊ အမြင့်ဆုံးရည်ရွယ်ချက်က ဘာဖြစ်ချင်သေးလဲ။

ဖြေ – ရောက်ပြီလို့ပြောလို့မရသေးဘူးရှင့် အခုထိကြိုးစားနေတုန်းဘဲပေါ့နော်၊ တချိန်ချိန်တော့ အတွေ့အကြုံအများကြီးရှိတဲ့ လေးစားရတဲ့ လေယာဉ်မှူးကြီးတစ်ယောက်ဖြစ်ချင်ပါတယ်၊ အဲဒီ အတွက် အချိန်တွေ ၊ အတွေ့အကြုံတွေ ၊ ရင့်ကျက်မှုတွေအများကြီးလိုအပ်ပါသေးတယ် ။

မေး – လေယာဉ်မှူးကောင်းတစ်ယောက်ဖြစ်ဖို့ အဓိက ဘာတွေလိုအပ်ပါသလဲ။

ဖြေ – “ညီမအတွေ့အကြုံက အခုထိတော့နည်းပါသေးတယ်။ သိရသလောက်ပြောရမယ်ဆိုရင် အဓိကကတော့ စေ့စပ်သေချာရမှာပေါ့နော်၊ အာရုံစူးစိုက်မှုရှိရမယ် ၊ လေကြောင်းလိုင်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ စည်းစနစ်တကျလုပ်ကိုင်တတ်ရမယ်လို့ မြင်ပါတယ်ရှင်။”

မေး – နန်းရဲ့ကိုယ်ရေးရာဇဝင်အကျဉ်းလေးပြောပြပါလား။

ဖြေ – “ဟုတ်ကဲ့ ဖေဖေက ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့က ဦးစိုင်းကျော်မိုးနဲ့ အမေက ဒေါ်အိရွှေစင် ပါ။ ညီမကိုတော့ ရန်ကုန်မှာ မွေးပါတယ်။ တစ်ဦးတည်းသောသမီးပါ။ ငယ်ငယ်က သူငယ်တန်းထိ ရှမ်းပြည်မှာပဲနေပါတယ်။ နောက်တော့ အဖေ့ အလုပ်နဲ့ရန်ကုန်မှာပဲ ကျောင်းတက် ရန်ကုန်မှာ ပဲကြီးပြင်းလာပါတယ်။ ရှမ်းပြည်ကိုတော့ အရင်က တနှစ်တခေါက်ပြန်ပြီး အခုနောက်ပိုင်း ပညာရှာတာနဲ့ အလုပ်အကိုင်နဲ့မို့ သိပ်မပြန်ဖြစ်တော့ပါဘူးရှင့်။”



မေး – ရှမ်းစကားရောမေ့ပြီလား ရှမ်းစာကောတတ်သလား။

ဖြေ – “ဟုတ်ကဲ့ မပြောရတာကြာလို့ မရတော့ဘူး။ အဖေက အလုပ်ကိစ္စနဲ့အမြဲခရီးထွက်နေတော့ ရှမ်းစကားမပြောဖြစ်ကြဘူးလေ။ အခုအလုပ်အားရင် ရှမ်းစာရှမ်းစကားပြန်လေ့လာသင်ယူ တော့မှာပါရှင့်။”

မေး – ရှမ်းရိုးရာယဉ်ကျေးမှုတွေရော ဘာတွေခုံမင်နှစ်သက်သလဲ။

ဖြေ – “ရှမ်းအစားအစာတွေတော့ အရမ်းကြိုက်တယ် ၊ သီချင်းတွေလည်း နားထောင်ပါတယ်။”

မေး – နောက်ဆုံးအနေနဲ့ နန်းလို လေယာဉ်မောင်းချင်တဲ့ မိန်းကလေးတွေကို ဘယ်လိုအားပေး စကားပြောချင်ပါသလဲ။

ဖြေ – “ဟုတ်ကဲ့ အဓိကကတော့ ဖြစ်ချင်တဲ့ဆန္ဒရှိဖို့တော့လိုတာပေါ့နော်။ ဝါသနာလည်း ပါရမယ်။ စိတ်လည်းစိတ်ဝင်စားရမယ်။ ဘယ်အလုပ်မဆို ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ရင် ပိုပြီးတော့ အောင်မြင်နိုင်တာပေါ့နော်။

လုပ်ရတာပိုပြီးအဆင်ပြေတယ်ပေါ့။ အခုလက်ရှိ လေကြောင်းနယ်ပယ်မှာတော့ မိန်းကလေး Pilots တွေက အရေအတွက်နည်းနေပါသေးတယ်။ အခုခေတ်မှာက မိန်းကလေးအလုပ် ယောက်ျားလေးအလုပ်ဆိုပြီး သိပ်ပြီးမခွဲခြားတော့ဘူးလေ။

အဲ့လိုဆိုတော့ မိန်းကလေးတွေကိုလည်း ဝါသနာပါတယ်ဆိုရင် လေယာဉ်မောင်းတဲ့အလုပ်ကို လုပ်ပါလို့ပဲ အားပေးချင်ပါတယ်။”

ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Photo- Nann Shoon Ei

No comments