New Artical

အကြည်တော် ၊ သူခိုး အပိုင်း(၁၁)



ညအမှောင်အောက် ရွာလမ်းတလျှောက် လူတစ်ယောက်လုံးလုံး လုံးလုံးနဲ့ ပြေးချလာတယ်။

ဘယ်သူရှိမှာလဲ။ အိုးလေးအိုးရွာသူကြီး ပါကညောပေါ့။

ရုတ်တရက်ဆိုရင်တော့ သူ့ကို မမှတ်မိနိုင်ဘူး။ ဘာလို့လဲဆိုတော့ သူ့မိန်းမအရင်စောပု ပွဲလမ်းသဘင်တွေသွားရင် တခါတလေသုံးတဲ့ ဆံပင်တု ကြီးတပ်ထားတာကိုး။ ဒီလိုလုပ်ရတာရလည်း အကြောင်းရှိတယ်။ ရုတ်တရက် ခြေချော်လက်ချော်ဖြစ်ပြီး သူ့ကို တစ်ယောက်ယောက်တွေ့သွားရင် မှတ်မိမှာစိုးလို့။

ဒီညမှာတော့ ပါကညောကြီး ဆံပင်တုနဲ့ မုတ်ဆိတ်နဲ့။ဆံပင်ရှည်ဖားလျားနဲ့ ညအမှောင်အောက် ပြေးသွားနေတာ။

သူ့ခမျာ ဆေးဆရာဖိုးသာအို ပြောတဲ့အတိုင်း ဓာတ်ပိုစီးအောင် ညသန်းခေါင်ယံအချိန်ကို ရွေးလုပ်ရတာကိုး။ ဒီလိုလုပ်မှ ဆေးပိုစွမ်းမယ် ဆိုတာကိုးဗျ။ ဒါကြောင့် ညသန်းခေါင်အချိန်ရောက်တာနဲ့ လုံးနေအောင် ပြေးတာ။ မုဆိုးမ မသိန်းမြတို့ အိမ်ကိုလေ။

သူ မုဆိုးမ မသိန်းမြအိမ်ကိုရွေးတာ အကြောင်းရှိတယ်။ မသိန်းမြက နှစ်ကျော့ပြန် မုဆိုးမ။

ပထမ ကိုတင်အေးနဲ့ အိမ်ထောင်ကျတယ်။ ကိုတင်အေးနဲ့ကလေး တစ်ယောက်ရပြီး ကိုတင်အေးသေတယ်။ ပြီးတော့ လမုတန်းဖက်က မုဆိုးဖို အဘိုးကြီး ဦးဖိုးလှိုင်နဲ့ ထပ်ယူတယ်။ ဦးဖိုးလှိုင်နဲ့ ကလေးမရဘဲ ဦးဖိုးလှိုင် သေတယ်။ ဟော အခု ဒိုးကျက ဝင်းမြင့်နဲ့ ထပ်ရည်ငံနေပြန်ပြီ။ ဒီလိုစွဲတဲ့ မုဆိုးမထဘီနဲ့ ရှင်မီးရမှ သူ့ရဲ့ ပီယဆေး ပိုအောင်မြင်မှာပေါ့။ ဟုတ်ဘူးလား။ ဒါကြောင့် မုဆိုးမ မသိန်းမြအိမ်ကို သန်းခေါင်အမီ လုံးနေအောင်ပြေးတာ။

နောက်ပြီး သူ မသိန်းမြအိမ်ကို ရွေးရရင်း အကြောင်းရင်းက သူ့အိမ်က လူနည်းတယ်လေ။ မသိန်းမြနဲ့ သူ့သား ပိစိညောင့်တောင့် တစ်ကောင်ရယ် ဒါပဲရှိတာကိုး။

သူ ခြေလှမ်းကို ထပ်သွက်လိုက်တယ်။

အင်း ရွာလေးကတော့ တိတ်ဆိတ်စွာအိပ်မောကျနေတုန်း။မသိန်းမြအိမ်ရောက်တော့ ခြံနားမှာ တစ်ချက်ဝင်ဝပ်နေလိုက်သေးတယ်။ အခြေအနေမကောင်းရင် နောက်တစ်မျိုးကြံရအောင်လို့။အားလုံးကတော့ အငြိမ်ပါပဲ။ ရွာက အေးချမ်းလွန်းတော့ ရွာသူရွာသားတွေက စိတ်ချလက်ချ အိပ်ရတာကိုး။

ပါကညော ဘေးဘီဝေ့ကြည့်တယ်။ ထူးထူးခြားခြား ဘာမှမတွေ့ရ ဘူး။ဒါကြောင့် ခြံစည်းရိုးကို ခုန်ကျော်ရင်း မသိန်းမြအိမ်အောက် ကျွမ်းထိုးပြီး လှစ်ခနဲ လှိမ့်ဝင်လိုက်တယ်။ အခြေအနေက အငြိမ်ပဲ၊ ဖုန်တောင် တစ်ချက်မထဘူး။ ပါကညောတို့ သပ်ရပ်ပုံ။ နောက် လှေကားရင်းကနေပဲ ခေါင်းတင်ပြီး မသိန်းမအိမ်ထဲလှမ်းကြည့်လိုက်တယ်။ အမှောင်ထဲမှာ လှုပ်ရှားနေကျမဟုတ်တော့ ရုတ်တရက် မမြင်ရဘူး။ နောက်မှ ကျင့်သားရပြီးတဖြည်းဖြည်း မှုန်ဝါးဝါးနဲ့ မြင်လာရတယ်။ အိမ်ပေါ်မှာ လူရိပ်လူယောင် မမြင်ရဘူး။

ပါကညော လေးဖက်ထောက်ပြီး လှေကားတစ်ဆင့်ချင်း တက်လိုက်တယ်။

အိမ်ထဲလှမ်းကြည့်လိုက်တယ်။ အိမ်အခန်းထဲမှာ မသိန်းမြနဲ့သူ့သား အိပ်နေတယ်။

အိမ်ခြေရင်းမှာတော့ ဘီရိုတွေနဲ့ ပန်းကန်စင်တွေထားတာ တွေ့ရတယ်။

“ဟုတ်ပြီ”

ဘီရိုထဲမှာတော့ ထဘီတွေ ရှင်မီးတွေတော့ ရှိမှာပဲလေ။

ပါကညောကြီး ဝမ်းသာအားရပဲ ဘီရိုနားပြေးကပ်လိုက်တယ်။ပြီးတော့ ဘီရိုတံခါးကို ရှာဖွင့်ကြည့်လိုက်တော့

“ဟာ”

ဖြစ်ချင်တော့ ဘီရိုတံခါးတွေက ပိတ်ထားတယ်။ ပါကညော ကြီးအကြီးအကျယ် စိတ်ပျက်သွားတယ်။ သူဘယ်လိုဆက်လုပ်ရမှန်း မသိတော့ဘူး။ ဘီရိုမှန်ကြီး ခွဲလိုက်ရင်လည်း မသိန်းမြတို့နိုးသွားနိုင်တယ်လေ။ နှံ့စပ်အောင်လိုက်ရှာတယ်။ ဖွင့်လို့ရတာဘာမှမရှိဘူး။

ဒါကြောင့် ဘေးနားမှာ ချွတ်ပုံထားတာများ ရှိလေမလားလို့လိုက်ရှာလိုက်စမ်းကြည့်သေးတယ်။ ဘာမှမရှိဘူး။ မုဆိုးမအိမ်ဆိုပေမယ့် အားလုံး သပ်သပ်ရပ်ရပ်ပဲ။

ပါကညော ဟိုကြည့်ဒီကြည့်နဲ့ အခန်းထဲ ဝေ့ကြည့်လိုက်တော့

“ဟင် "

အိပ်ပျော်နေတဲ့ မသိန်းမြရဲ့နံဘေးမှာ ချွတ်ပုံထားတဲ့ ရှင်မီးတစ်ထည်တွေ့တယ်။ ပါကညော ဝမ်းသာသွားတယ်။ ဒါကြောင့်အခန်းထဲကို ခြေဖော့နင်းပြီး ဝင်လိုက်တယ်။ အိပ်ပျော်နေတဲ့ မသိန်းမြကိုကျော်ခွပြီး ရှင်မီးရှိရာ သွားလိုက်တယ်။ နောက် ဆောင့်ကြောင့်ထိုင်ပြီး ရှင်မီးကို လှမ်း ကောက်လိုက်တယ်။

ရှင်မီးအစစ် ဟုတ်မဟုတ် ကြည့်ရသေးတယ်။

ဟုတ်တယ်။ ရှင်မီးအစစ်ပဲ။

ဒါနဲ့ ဘေးနားမှာ ချွတ်ပုံထားတဲ့ထဘီ တွေ့လိုတွေ့ညား လိုက်ကြည့်သေးတယ်။ နောင်တချို့ ထပ်ထားတာပဲ တွေ့ရတယ်။ထဘီတစ်ထည် မှ မတွေ့ရဘူး။ ရှင်မီးကိုတောင် ပူလွန်းလို့ ချွတ်ပစ်ထားပုံရတယ်။ အဲဒီ အချိန်မှာပဲ

" အီး"

မသိန်းမြ အကြောတွေဆန့်ပြီး သူ့ဖက်လှည့်လာတယ်။

“ဟာ”

ပါကညော ဇာဘော်လီကြီးကိုင်ပြီး တုန်တက်သွားတယ်။ကြောက်စိတ်နဲ့ တုတ်တုတ်တောင် မလှုပ်ရဲဘူး

“ဟင်း "

မသိန်းမြက အိပ်ရာက နိုးပုံမပေါ်ဘူး။ ပါကညော ဖက်လှည့်ပြီးခွေခွေလေးပြန်အိပ်ပျော်နေတယ်။

မထင်မှတ်ဘဲ ပါကညော မသိန်းမြကို ကြည့်မိတော့

“ဟာ”

မသိန်းမြရဲ့ ထဘီက ခါးမှာချည်ထားတာမဟုတ်ဘူး။ ခါးမှာ ပြေကျနေပြီ။ပါကညော ဘေးဘီဝေ့ကြည့်တယ်။ ဘာထဘီမှ မတွေ့ဘူး။ ဒါနဲ့ပဲ

“မထူးတော့ပါဘူးကွာ၊ အိပ်နေတဲ့ မသိန်းမြရဲ့ ထဘီကိုပဲ ချွတ်ယူသွားတော့မယ်”ဆိုပြီး ဆုံးဖြတ်လိုက်တယ်။

ဟုတ်တယ်လေ။ အပြင်မှာ ထဘီမှမရှိတာ။

ပါကညော စောင်ပါးတစ်ထည်ကိုယူပြီး မသိန်းမြကိုယ်ပေါ်လွှားပေးလိုက်တယ်။ မသိန်းမြက ပူလို့ထင်တယ်။ စောင်ကိုယောင်ပြီး ပြန်ခွာဖို့ လုပ်တယ်။

အိပ်နေရင်း ယောင်တာဆိုတော့ စောင်ကမကွာဘူး။အသာအယာပဲ။ ပါကညော မသိန်းမြခြေရင်းနေရာ ရွှေ့လိုက်တယ်။ ပြီးတော့ မသိန်းမြထဘီအနားစကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး လိပ်ယူတယ်။ကြမ်းပြင်နဲ့ထဘီပွတ်သံ။

ထဘီက လက်ထဲ ပါလာတော့ ပါကညော ဝမ်းသာနေတယ်။ နှုတ်ခမ်းကို လျှာနဲ့သပ် နဖူးကချွေးတွေကို သုတ်ပြီးထဘီကိုဆက်ဆွဲတယ်။

“အဟင့် အဟင့် အဟင့် "

ကလေးရဲ့ ငြီးငြူသံ။ ပါကညော ခေါင်းနပန်းကြီးသွားတယ်။

“အမေ့”

“အေးအေး အမေရှိတယ်သား”

စကားသံနဲ့အတူ မသိန်းမြ သူ့သားဖက် ပြန်လှည့်သွားတယ်။ ပါကညောကြီးကတော့ မသိန်းမြထဘီကြီးကိုင်ပြီး ငြိမ်နေမိတယ်။ မသိန်းမြက မျက်လုံးမဖွင့်ဘဲ သူ့သားရဲ့ တင်ပါးကိုပုတ်ပြီး ချော့သိပ်တယ်။

“အမေ သားရှူးပေါက်ချင်တယ်”

ပါကညောမျက်နှာကြီး အမ်းတက်လာတယ်။ ခေါင်းမွှေးတွေလဲ ထောင်တက်လာတယ်။ မသိန်းမြထဘီကြီး ကြမ်းပေါ်ဆုတ်ကိုင်ရင်း ဘာလုပ်ရမှန်းမသိဘူး။ လူကလဲ ငုတ်တုတ်ကြီး အဲ့ဒီအချိန်မှာပဲ မသိန်းမြခေါင်းထောင်လာပြီး

“ခြေရင်းကအပေါက်မှာ သွားပေါက်လိုက်သား”

ဆိုပြီး ထမကြည့်ဘဲ ပြန်အိပ်သွားတယ်။

ကလေးက အိပ်မှုန်စုံမွှားနဲ့ အိပ်ရာကထတယ်။ ပါကညော ထဘီကို ဆုပ်ကိုင်ပြီး ငုတ်တုတ်ကြီးရှိနေတုန်း။ သူ့ခမျာအတွေ့အကြုံကလဲ မရှိတော့ ဘာလုပ်ရမှန်းမသိဘူး။ ကလေးက သူ့ဆီဦးတည်လာတယ်။


ကလေးငယ်က အိပ်မှုန်စုံမွှားနဲ့ သူ့မျက်လုံးသူပွတ်ပြီး ထလာတယ်။ ပါကညောကလဲ ငုတ်တုတ်ကြီးရှိနေတုန်း။ ထဘီစကြီးဆုပ်ကိုင်ထားတုန်း။ခြေလှမ်းလှမ်းလာရင်း ကလေးက ပါကညောကို တွေ့ပြီး ရပ်သွားတယ်။ ပါကညောကလဲ ကြောင်ပြီး ကလေးကိုကြည့်နေမိတယ်။

ကလေးက ပါကညောကိုတလှည့် အိပ်နေတဲ့သူ့အမေကိုတလှည့် ပြန်ကြည့်တယ်။ သူလည်း ဘာလုပ်ရမှန်းမသိတော့ ကြောင်နေပုံပေါ်တယ်။ ပါကညော ကလည်း ဆံပင်တုကြီးနဲ့ဆိုတော့ ကလေးက မှတ်မိပုံမပေါ်ဘူး။ ဒါကို အခွင့်ကောင်းယူပြီး ပါကညောလည်း

“ရှူး”


ပါကညော နှုတ်ခမ်းပေါ်လက်တင်ပြီး တိတ်တိတ်နေဖို့ပြောတယ်။ အဲဒီအသံလဲကြားရော ကလေး ကတုန်တက်သွားတယ်။ သူ့ကို ရှူးတည်တယ် ထင်လို့ လေ။ ပြီးတော့ ပါကညောရှိရာ လှမ်းလာတယ်။ ဘာလို့လဲဆိုတော့ သူသေးပေါက်ဖို့ အပေါက်က ပါကညော နားမှာမို့လေ။ အနားရောက်တော့ ဘောင်းဘီချွတ်တယ်။ ပြီးတော့


“ရှူး”

ကလေးက သေးပေါက်တာတောင် အငြိမ်မပေါက်ဘူး။ သူ့အမေကိုတလှည့် ပါကညောကို တလှည့် လှည့်ကြည့်နေတော့ သူ့သေးက ငုတ်တုတ် ထိုင်နေတဲ့ ပါကညော မျက်နှာ လာစင်တာ၊ပါကညာလည်း စိတ်တိုပြီး ကလေးဖင်ကို ဖြန်းခနဲချဖို့လုပ်တယ်။ နောက်မှ သတိရပြီး နေရာမှန်ကို ပြန်တည့် ပေးလိုက်ရတယ်။ ဖင်ရိုက်လိုက်လို့ ကလေးထငိုရင် သေပြီလေ။ကလေးက သေးပေါက်ပြီးလို့ ဘောင်းဘီပြန်ဝတ်တယ်။ ပါကညောက သွားပြန်အိပ်ဖို့ အသံတိတ်ပြောတယ်။ ကလေးက ပါကညောကိုကြည့်ပြီး အိပ်ရာပြန်သွားတယ်။ ခုန သူအိပ်နေတဲ့ နေရာရောက်တော့ မအိပ်သေးဘဲ ပါကညောကို ထိုင်ကြည့်နေသေးတယ်။ ပါကညောက အသံတိတ်ဖြင့်

“လှဲနေလိုက်”

ဆိုပြီး အသံတိတ်နဲ့ ပုံစံလုပ်ပြတယ်။ ဒီတော့မှ ကလေးကအိပ်ရာပေါ်ပြန်လှဲသွားတယ်။

အဲဒီတော့မှ ပါကညော စိမ့်ထွက်လာတဲ့ နဖူးကချွေးပြန်သုတ်ပြီး မသိန်းမြထဘီကို ပြန်လိပ်ချွတ်တယ်။


“ရှိ”


“ရှိ”


ညသန်းခေါင်ယံမှာ ပါကညောရဲ့ ထဘီချွတ်သံက ခပ်မှန်မှန်

ပေါ် နေတယ်။ ပါကညောခမျာလဲ မသိန်းမြနိုးသွားမှာစိုးလို့

ထဘီကို အများကြီး ဆွဲမချွတ်ရဲဘူး။ အိပ်ရာကမနိုးရုံ

ဖြည်းဖြည်းချင်းလိပ်လိပ်ပြီး ဆွဲယူနေရ တယ်။


“ရှိ"


“ရှိ”


ဒီကြားထဲ ဖျတ်ခနဲ ကလေးက ငုတ်တုတ်ထထိုင်တာတွေ့တော့ ပါကညော လန့်သွားတယ်။ ပြီးတော့ ပါကညောကြီး ငိုမဲ့မဲ့နဲ့ မသိန်းမြထဘီရော ကလေးကိုပါ လုပ်မိလုပ်ရာ လက်အုပ်ချီပြီး

“ပြန်အိပ်နေပါကွာ”

ဆိုပြီး ရှိခိုးယူရတယ်။ ဒီတော့မှ ကလေးက သူ့လက်မနဲ့ လက်ညှိုးကို ဝိုင်းပြပြီး ပြန်အိပ်သွားတယ်။ ဒီတော့မှ ပါကညောလဲ သူ့အလုပ်သူ ပြန်လုပ်နိုင်တယ်။


"ရှိ"


"ရှိ"

အချိန်အတော်ကြာ လိပ်ယူပြီးမှ

“ဖြတ်”

“ဟာ”

မသိန်းမြထဘီက သူ့လက်ထဲ ကွင်းလုံးကျွတ်ကြီးပါလာတယ်။

“ဟာ ရပြီကွ”

ပါကညော ထကမိမတတ် ဝမ်းသာသွားတယ်။ သူ့ခမျာ သူ့ကတော် အရင်စောပုနဲ့တုန်းက မင်္ဂလာဦးညမှာ ချွတ်ခဲ့ရတာတောင် ဒီလောက်မပျော်ဘူး။ ဝမ်းသာမျက်ရည်လည်ပြီး ထဘီကိုတောင် နမ်းမိပြီး မျက်နှာကို အားရ ပါးရသုတ်လိုက်သေးတယ်။ နောက်မှ သတိရပြီး

“ဟာ ဂါထာစုပ်ရဦးမယ်”

ဆိုတာ သတိရပြီး အခန်းပြင်ထွက်လိုက်တယ်။ အခန်းအပြင်ရောက်တော့ အမှောင်ဆုံးထောင့်တစ်ခုကို ရွေးလိုက်တယ်။ ပြီးတော့ ထဘီနဲ့ရှင်မီးကို ကိုယ်မှာပတ်ပြီး မှော်ကြိုးနဲ့ချည် မျက်လုံးကို စုံမှိတ်ပြီး ဖိုးသာအိုပေးထားတဲ့ဂါထာကို အသံတိတ်ကြိတ်ရွတ်လိုက်တယ်။

“ဒ္ဓံ သရသုံးထပ်၊ အုတ်သုံးချပ်နဲ့ ချစ်စဖွယ်မိမယ်၊ ငါသို့ကပ်”

“ညံ့စန္ဒီမယ်ညို လင်လိုလှသည် နင်လှပေသည်”

“ကာမတဏှာ သျှရစန္ဒာ ငါဆရာအင်း ဆင်းဆိုရာဆင်း ကပ်ဆိုရာကပ်”

“ဥုံ သရ ဥုံသျှရ ဥုံ”

အသေအချာရွတ်ဖတ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့

“ငင့်”

သူ့ရဲ့ အရှေ့တည့်တည့်မှာ သူ့ကိုငုတ်တုတ်ထိုင်ကြည့်နေသူ တစ်ယောက်။ အမှောင်ထဲမှာမို့ ဘယ်သူမှန်းမသဲကွဲ၊ အသေအချာကြည့်မှ ပါကညော တုန်တက်သွားတယ်။

“ ငပိန်၊ သူခိုးငပိန်”

ဟုတ်တယ်။ သူခိုးငပိန်ပါ။ ဘယ်အချိန်ကတည်းက သူ့ရှေ့ရောက် နေမှန်းမသိဘူး။ ငပိန်ကိုတွေ့တော့ ပါကညော လန့်သွားတယ်။ သူရုပ်ဖျက်ထားပေမယ့် ငပိန်ကတော့ သိနေပုံပဲ။ ဒါကြောင့် ငပိန်က ပြုံးရင်း အသံတိုးတိုးနဲ့

“ညဦးကတည်းက ကျုပ်စောင့်ကြည့်နေတာ”

ပါကညောကြီး တုန်ရင်နေပြီ။ ဘယ်အချိန်ကတည်းက သူတို့အကြံ အစည်ကိုသိပြီး ဘယ်လိုစောင့်ကြည့်နေတယ် မသိဘူး။

“ဒါ ဒါဆို”

ပါကညာကြီး အသံတောင်မထွက်နိုင်တော့ဘူး။ ငပိန်ကသာ စပ်ဖြဲဖြဲနဲ့ပြုံးရင်း

“မကြောက်နဲ့ သွား သွား”

ဆိုတော့ ပါကညော မျက်လုံးပြူးသွားတယ်။ ငပိန်က သူ့ကို ခွင့်ပြုနေတာကိုး။ ဒါကြောင့် အပြင်ကို လက်ညှိုးတိုတိုလေးထိုးပြီး

“လစ်ရမှာလားဟင်”

သူ့အမေးကို ငပိန်က မေးဆတ်ပြပြီး

“လစ်လစ်”

ပါကညောကြီး ဝမ်းသာသွားတယ်။ ဒါကြောင့်

ကုပ်ချောင်းချောင်းနဲ့ထပြီး အပြင်ကိုထွက်တယ်။ သူ့နောက်မှာ ငပိန်က ကပ်ပါလာတယ်။ ဘာမှတော့မလုပ်ဘူး။

အပြင်ရောက်တော့ ငပိန်က ဆက်လိုက်မလာဘဲ မသိန်းမြတို့အိမ်ကပြင်မှာ ထိုင်နေခဲ့တယ်။ ပါကညောသာ မလုံမလဲနဲ့ လှည့်ကြည့်လှည့်ကြည့် လုပ်ရင်း လှေကားအတိုင်းဆင်းတယ်။ ငပိန်ကိုကြည့်တော့လဲ သူ့အိမ်သူ့ယာ လိုပဲ။ အိမ်ကပြင်မှာ ခြေဆင်းထိုင်ပြီး

“သွား သွား”

ဆိုပြီး လက်ခါပြတယ်။

ပါကညော သက်ပြင်းချမိတယ်။ သူ့စိတ်ထဲမှာလည်း

“အင်း ပီယဆေးသာ တကယ်အောင်ရင် ငပိန်ကို ထန်းပင်ဆယ်ပင်လောက်ဝယ်ပြီး လက်ဆောင်ပေးဦးမှပဲ”

ဆိုပြီးတွေးတယ်။ လူကလဲ မသိန်းမြတို့အိမ်ရှေ့ မြေကွက်လပ်အလယ်လောက်ရောက်နေပြီ။

အဲဒီအချိန်မှာပဲ ငပိန်ဆီကနေ သူ့အပေါ် ဖျတ်ခနဲ အလင်းရောင်တစ်ခု ပေါ်လာပြီး

“သူခိုးဟေ့ သူခိုး သူခိုး”

“ဟင်”

ငပိန်ရဲ့ အသံကျယ်ကျယ်။

ပါကညော တုန်တက်သွားတယ်။ ပြီးတော့

“ဟာ သေပြီ သေပြီ”

ရေရွတ်ရင်း ရွာထဲပဲ ပြေးရမလို၊ အိမ်ပေါ်ပဲ ပြန်ပြေးတက်ရမလို ဖြစ်နေမိတယ်။ ငပိန်ကသာ အသံကုန်ဟစ်ပြီး

“သူခိုးသူခိုး သူခိုး၊ ဒီမှာသူခိုး”

ငပိန်ရဲ့ အသံကျယ်ကျယ်ကြောင့် တစ်ရွာလုံးကို လှန့်နှိုးလိုက်သလို ဖြစ်သွားတယ်။

“သူခိုးတဲ့ဟေ့ သူခိုးတဲ့”

“ရွာထဲ သူခိုးဝင်ပြီ၊ ဖမ်းကြလော့ ဖမ်းကြ”

“ဘယ်မှာလဲ ဘယ်မှာလဲ သူခိုး”

“မသိန်းမြတို့အိမ်မှာပေါ့ မသိန်းမြတို့အိမ်”

ချက်ချင်းဆိုသလိုပဲ မသိန်းမြတို့အိမ်ကို လူတွေ စုရုံးရောက်လာကြတယ်။ ပါကညောခမျာ ဆံပင်တုကြီး ဖိုးသိုးဖတ်သတ်နဲ့ ရှင်မီးနဲ့ထဘီကြီး ပတ်ပြီး ဘယ်ပြေးရမှန်းမသိဘဲ ငြိမ်နေမိတယ်။ ဒီအခြေအနေမှာ ပြေးရင်လည်း မလွတ်တော့ဘူးလေ။အားလုံးက သူ့ကို ဝိုင်းလာပြီကိုး။

ငပိန်ကိုပြန်ကြည့်တော့ ငပိန်လည်း မရှိတော့ဘူး။ ဘယ်ပျောက်သွားမှန်းမသိဘူး။

“ဟာ ဒီမှာဟေ့ သူခိုးက”

“ဟင် သူခိုးက မိန်းမကြီးလားဟ၊ ဟိတ် မပြေးနဲ့နော်”

“အလို မိန်းမသူခိုးကြီးပါလား”

သူလည်း ဆံပင်တုကြီးနဲ့ ရှင်မီး ထဘီကို အကျအနုဝတ်ထားတော့ တော်ရုံမမှတ်မိကြဘူး။ နောက်ပြီး ခေါင်းကြီးငုံ့ပြီး ငိုမလိုရယ်မလို ဖြစ်နေသေးတာကိုး။

“ဖယ်ကြစမ်း၊ ငါလာပြီ”

သူ့မိန်းမ အရင်စောပုအသံ။ အဲ့ဒီအသံကြားတော့ ပါကညောကြီး သေးပါထွက်ကျမလို ဖြစ်နေတာ။ အရင်စောပုရဲ့လက်ထဲမှာကလည်း သူ့လက်သုံးတော် ဓားတိုတစ်ချောင်းနဲ့ကိုး။

အရင်စောပု သူ့နားကပ်လာပြီး အနီးကပ်လာမော့ကြည့်တယ်။ပြီးတော့ တစ်ဖက်လှည့်သွားပြီး ဖျတ်ခနဲ လာပြန်ကြည့်တယ်။ပြီးတော့ မျက်လုံးပြူးပြီး

“ဟင် ဒီမျက်နှာ ငါမြင်ဖူးသလိုပဲ မှန်း”

ဆိုပြီး မျက်နှာကို ထပ်မော့ကြည့်တယ်။ ပြီးတော့ အံ့အားသင့်ပြီး

“ဟင် မိန်းမက မုတ်ဆိတ်ကြီးနဲ့”

သူ့စကားကြောင့် အားလုံးဝိုင်းကြည့်ပြီး အံ့အားသင့်သွားတယ်။

“ဟာ ဟုတ်ပ၊ ဒီမိန်းမကြီးက မုတ်ဆိတ်ကြီးနဲ့”

“ဟုတ်လား၊ ပြစမ်း ဘယ်မှာ ဟယ် ဟုတ်ပ၊ မုတ်ဆိတ်နဲ့”

“ဟင် မျက်နှာမှာတောင် ဒီလောက်ထူရင် ကျန်တဲ့နေရာဆို မတွေးရဲစရာပဲ"

အားလုံးရဲ့ အံ့ဩနပန်းစကားသံများ။ အရင်စောပုက ပါကညောကို လှည့်ပတ်ကြည့်ရင်း

“အင်း သူခိုးသာဆိုတယ်၊ ရုပ်တစ်ပေါက်က ရင်ဘတ်ထဲရောက်တယ်၊ ထိတယ်။ ဆိုပြီး သူ့ရဲ့ညာလက်ကို လက်သီးဆုပ်ပြီး ဘယ်ဖက်ရင်အုံကို ဒုတ် ဒုတ်နဲ့ နှစ်ချက်ထုလိုက်သေး။

အံမယ်။ သူ့ယောကျာ်းကို သူပြန်ကြည့်ပြီး ထိနေတာ။ ပါကညော ခမျာ နွဲ့ပါနွဲ့ကျသွားတယ်။ အရင်စောပုက ပါကညောကို လှည့်ပတ်ကြည့်နေ ရင်းကမှ တစ်နေရာရောက်တော့ မျက်မှောင်ကျုံ့သွားတယ်။ ပြီးတော့ ခေါင်း ကိုဆွဲယူပြီးကြည့်လိုက်တော့မှ မျက်လုံးကြီးပြူးသွားပြီး

“ဟင် ဒါ ဒါ ငါ့ဆံပင်တု၊ ငါ့ဆံပင်တု ပေးစမ်း”

ဆိုပြီး ဆွဲဖြုတ်လိုက်မှ

***

လရောင်ထဲမှာ ပါကညော မျက်နှာကြီးက ဝင်းခနဲ ပေါ်လာတာပေါ့။ ဒီတော့မှ အားလုံးလည်း အံ့အားသင့်ပြီး

“ဟင် ပါကညောကြီး”

“ပါကညော ပါကညောကြီး"

“ပါကညော ဘယ်လိုဖြစ်တာ”

ဟုတ်ပ။ ပါကညောအစစ်ပေါ့။ ဒါပေမယ့် အရင်လို ကျားကျားလျားလျား ပါကညော မဟုတ်ဘူး။ ဇာဘော်လီနဲ့ ထဘီနဲ့လေ။

“ဟာ ပါကညောကြီး ဘယ်လိုဖြစ်တာ”

“ပါကညောကြီး မိန်းမဖြစ်သွားတာလား”

စသည်ဖြင့် ဆူညံသွားတယ်။ ဒီတော့မှ အရင်စောပုလဲ မျက်လုံးပြုပြီး

“သော် ရုပ်တစ်ပေါက် ရင်ထဲရောက်တယ်ဆိုပြီး ကြည့်နေတာ၊ငါ့လင်ကိုး”

စသည်ဖြင့် ဆူညံနေချိန်။ လူအုပ်ထဲကတစ်ယောက်က

“ဟာ ဟေ့ ဟေ့ ဒီမှာလဲတစ်ယောက်၊ ဒီမှာလဲတစ်ယောက်”

ဆိုပြီး ဆွဲထုတ်လိုက်မှ

“ဟင် ဖိုးဌေး ဓားဖိုးဌေး"

ဟုတ်တယ်။ ဓားဖိုးဌေး။ သူ့ကိုကြည့်တော့လည်း ဇာဘော်လီနဲ့ထဘီနဲ့။

“ဟာ ဖိုးဌေးကြီး ဘယ်လိုဖြစ်တာ”

ဖြစ်ပုံက ဒီလို။အမှန်က ဖိုးဌေးကလည်း ပါကညော မသိအောင် ဖိုးသာအိုကိုလက်သိပ်ထိုးပြီး သူ့အတွက်လဲ ပီယဆေးတစ်ဖုံဖော်ဖို့ စည်းရုံးထားတာ။ ဒါကြောင့် ပါကညော မသိန်းမြအိမ် ထဘီတက်ခိုးတုန်း၊ သူလဲ မုဆိုးမကြင်ကြင်လှိုင် အိမ်ပေါ်တက်ပြီး ထဘီနဲ့ ရှင်မီး တက်ခိုးနေတာ။

ဒါကိုမှ ဒီဖက်က သူခိုး၊ သူခိုးအော်သံကြားတော့ လူမိုက်ဇပြပြီး ဆုံးမမယ်ဆိုပြီး ဒီအတိုင်းကြီး ဆင်းလာမိတာ။ ဒါကြောင့် သူ့မှာလဲ ရှင်မီးနဲ့ ထဘီကြီးနဲ့ ဖြစ်နေတာလေ။ အံမယ် ကြင်ကြင်လှိုင်က ငိုငယ်တဲ့မုဆိုးမဆို တော့ ဖိုးဌေးဝတ်ထားတဲ့ဘော်လီနဲ့ ထဘီက ဂေါ်ထွက်နေတာ။

သူတို့ကိုကြည့်ပြီး ရွာသားတွေအားလုံး ကြောင်ကုန်ကြတယ်။

“ဟင် ပါကညောနဲ့ ဖိုးဌေး ဘယ်လိုဖြစ်ကြတာလဲ”

“ဟာ နှစ်ယောက်လုံး မိန်းမစိတ်ပေါက်ကုန်တာလား”

ရွာသားတွေ ဆူညံနေတုန်းမှာပဲ အိမ်ပေါ်က ကြားရတဲ့အသံက

“ဟင် ငါ့ထဘီ ငါ့ထဘီ ငါဝတ်ထားတဲ့ထဘီ”

ဆိုပြီး မသိန်းမြရဲ့ အော်သံ။ ရွာသားတွေ အံ့အားသင့်ပြီး အိမ်ပေါ် လှည့်ကြည့်တော့ အိမ်ပေါ်မှာ ထဘီအစား စောင်ကြီးပတ်ထားတဲ့ မသိန်းမြ။

သူကြီးကတော်အရင်စောပု ပြူးစရာရှိတာ အကုန်ပြူးသွားတော့တယ်။ ပြီးတော့ အာခေါင်ခြစ်ပြီး

“တော့် ပါကညော”

"ငင် ပုပုလေး”

ပါကညော လန့်ပြီး ပြန်ထူးတယ်။

“ရှင် ရှင် ဘာလုပ်တာလဲဟင်၊ ဘာလုပ်တာလဲ”

အရင်စောပုအမေးကို ပါကညော တုန်တုန်ရင်ရင်နဲ့

“ငါ ငါဘာမှမလုပ်ပါဘူးဟာ၊ သူ သူအိပ်နေတုန်း သူ့ထဘီလေး

ချွတ်ယူရုံလေးပါ”

အရင်စောပု တုန်တက်သွားတယ်။

“ဟင် ရှင်ရှင် သူ့ထဘီချွတ်ယူပြီး ဘာလုပ်ဖို့လဲ”

ပါကညော ခေါင်းလေးငုံ့ပြီး

“ငါ ငါ ပီယဆေးလေး ပီယဆေးလေးဖော်ဖို့ပါ”

သူ့စကားကြောင့် တစ်ရွာလုံး အံ့အားသင့်သွားတယ်။

“ဟင် ပီယဆေးဖော်ဖို့”

“ဟင် ပီယဆေးက ဘာလုပ်ဖို့”

သူ့စကားကို တစ်ရွာလုံးနားမလည်နိုင်ဘူး။ ဒါကို ပါကညောက

“ဟို ဟိုလေ ရွာ ရွာကို ဆေးဆရာဖိုးသာအိုရောက်လို့၊ အဲ့ အဲ့ဒါ

ဆေးဖော်ဖို့”

သူ့စကားကို သူ့ကတော်အရင်စောပုကပဲ

“ဘယ် ဘယ်မှာလဲ အဲ့ဒီဖိုးသာအိုဆိုတာ"

ပါကညော တုန်တုန်ရင်ရင်နဲ့ပဲ

“ဟို ဟိုလေ ဖိုးဌေးတို့အိမ်မှာပါ"

သူ့စကားကြားတာနဲ့ အရင်စောပုက

“တော့ ပါကညော”

“ပြောပါ ပုပုလေး"

“ခေါင်းငုံ့စမ်း”

အင်း အင်းပါ”

“ဖိုးဌေးလဲ ခေါင်းငုံ့”

“ဟုတ် ဟုတ်”

နှစ်ယောက်လုံး ခေါင်းငုံ့ပေးရတယ်။ အဲ့ဒီတော့မှ သူကြီးကတော်က နှစ်ယောက်လုံးကို ဂုတ်ကဆွဲပြီး

“ကဲ လာ ဖိုးဌေးအိမ်သွားကြမယ်”

ဆိုပြီး ရွာသားတွေပါ ဖိုးဌေးအိမ်ကို တရုန်းရုန်းနဲ့ ချီတက်သွားကြ တယ်။

ဖိုးဌေးအိမ်ရောက်တော့

“ဟာ မရှိတော့ဘူး”

“မရှိတာမှ ဖိုးသာအိုတင်မဟုတ်ဘူး၊ ဖိုးဌေးအိမ်က တန်ဖိုးရှိတဲ့အရာတွေပါ ဘာမှမရှိတော့ဘူး”

ဖိုးသာအို "မ"ပြီးပြေးပြီလေ။

+++

အဲဒီညတွင်းချင်းပဲ စိတ်ဆတ်တဲ့ သူကြီးကတော် အရင်စောပု။


သူ့ယောကျာ်းပါကညောနဲ့ ဓါး ဖိုးဌေးကို ရွာသားတွေရှေ့မှာတင် ထိတ်တုံးထဲ ထည့်ထားလိုက်တယ်။

ထိတ်တုံးထဲထည့်တာတောင် ရိုးရိုးထည့်တာ မဟုတ်ဘူးနော်။

သူတို့ပီယဆေးဖော်ဖို့ ခိုးထားတဲ့ ဇာဘော်လီနဲ့ ထဘီဝတ်ပြီးတော့ကို ထည့်ထားတော့တာ။

ပါကညောခမျာ တောင်းပန်ရှာတယ်။

“အဲလိုတော့ မလုပ်ပါနဲ့ ပုပုလေးရာ၊ ထိတ်တုံးထဲဝင်ဆို ဝင်ပေါ့မယ်၊ ဒီလို မိန်းမအဝတ်ကြီးနဲ့ တော့ မထည့်ထားပါနဲ့လားဟာ”

ဆိုတာကို ဟိုကမရဘူး။

“သြော် ခိုးတုန်းက လိုချင်လို့ခိုးခဲ့တာ မဟုတ်လား၊ လိုချင်လို့ခိုးခဲ့တာ ဝတ်ထား"

ဆိုပြီး ဒီအတိုင်း ဝတ်ထားခိုင်းတာ။

ဟိုက ရှက်လို့ ချွတ်လိုက်ရင်လည်း ပိုအရှက်ကွဲမှာလေ။ ဒါကြောင့် မတတ်သာတဲ့အဆုံး ရင်ဖုံးနဲ့ထဘီဝတ်ပြီး ဒီအတိုင်းထိတ်တုံးထဲ နေရတော့တာပေါ့။

>>>

အပိုင်း(၁၂)ဆက်ရန်>>

No comments