New Artical

မြန်မာဘုရင့် မြစ်တွင်းသွား မီးသင်္ဘောတော်


 

မြန်မာဘုရင့် မြစ်တွင်းသွား မီးသင်္ဘောတော်

          ဗြိတိန်ထုတ် The Illustrated London News,15 January 1859 မှာ "STEAM PLEASURE-YACHT FOR THE KING OF AVA" ၊  USA ထုတ် Ballou's Pictorial Drawing Room Companion, 26 Febaruary, 1859 မှာ  "THE KING OF AVA'S  STEAM YACHT" ဆိုပြီး  မြန်မာဘုရင့် မြစ်တွင်းသွား မီးသင်္ဘောတော် အကြောင်းကို  ပုံနဲ့တကွ ဖေါ်ပြထားပါတယ်။ ပုံနဲ့ အကြောင်းအရာ ကတော့ နှစ်စောင်လုံးမှာ အတူတူပါဘဲ။


🌹 ဆောင်းပါး ဘာသာပြန်ဆိုချက်
✔✔ "အင်းဝဘုရင်မင်းမြတ်သည် သူ၏မြို့တော်သစ်မန္တလေးနှင့် ကျွန်ုပ်တို့၏နယ်မြေများ (အောက်မြန်မာနိုင်ငံ) အကြား ကူးသန်းသွားလာရာတွင် အသုံးပြုရန်အလို့ငှာ ဤနိုင်ငံ (ဗြိတိန်) မှ မီးသင်္ဘောတစ်စင်း တည်ဆောက်မှာယူရန်အတွက် Messrs. Bigbie and Co., မှတစ်ဆင့် မှာကြားရန် သူ၏ (ဘုရ့င့်) အဝယ်တော် ကိုယ်စားလှယ်များဖြစ်သော Messrs. Jordan and Co., အား မကြာသေးမီက ညွှန်ကြားခဲ့သည်။ သင်္ဘောကို Glasgow မြို့ရှိ R. Napier and Son, က တည်ဆောက်ခဲ့သည်။
၎င်းမီးသင်္ဘော၏ အတိုင်းအတာများမှာ အလျား ၁၉၀ ပေ၊ အကျယ် ၁၈ ပေ၊ ရေစူး ၈ ပေ၊ ရှိသည်။ ဧရာဝတီမြစ်၏ ထူးခြားသော ရေကြောင်းအခြေအနေနှင့်ကိုက်ညီစေရန် သင်္ဘောဦး နှင့် ပဲ့ကို ဇွန်းပုံသဏ္ဍာန် တည်ဆောက်ထားသည်။ nominal horsepower ၁၀၀ ရှိ oscillating engines အင်ဂျင် ၂ လုံး တပ်ဆင်ထားသည်။
(မှတ်ချက်။      ။ ပင်လယ်ကူး မီးသင်္ဘောစကြာယာဉ်ပျံ ၏ အရွယ်နှင့် ယှဉ်ကြည့်ရန်။   ။ စကြာယာဉ်ပျံသင်္ဘောသည် အလျား ၂၁၇ ပေ၊ အကျယ် ၂၆ ပေ၊ ရေစူး ၁၈ ပေရှိပြီး လှပသောပုံစံဖြစ်သည်။ အင်ဂျင်မှာ compound surface condensing principle ဖြင့် တည်ဆောက်ထားသည်။ nominal horse power ၁၂၀ ရှိပြီး effective horse power ၆၀၀ ထိ မောင်းနှင်နိုင်သည်။)
သင်္ဘော၏ အစိတ်အပိုင်းအားလုံး တပ်ဆင်ထားပြီးနောက် အပိုင်းလိုက် ပြန်လည်ဖြုတ်ပြီး ရန်ကုန်သို့တင်ပို့ကာ ရန်ကုန်တွင် Mr. Charles Bury, C.E. ၏ ကြီးကြပ်မှုအောက်တွင် ပြန်လည် တပ်ဆင်တည်ဆောက်မည် ဖြစ်သည်။
အပြင်ကိုယ်ထည်ပိုင်းကို လှပစွာတန်ဆာဆင်ထားသည်။ ပြူတင်းပေါက်များကို အဖြူရောင်သတ္တုဖြင့် သွန်းထားသော  အလှဆင်ဘောင်များ ကွပ်ထားသည်။ ပဲ့ပိုင်း နှင့် သင်္ဘောမော်တာ ဒလက်အိမ် (paddle boxes) များတွင်လည်း ပန်းပုများဖြင့် အလှဆင်ထားသည်။ သင်္ဘောဦးတွင် မြန်မာ့တော်ဝင်အမှတ်အသားဖြစ်သည့် ဥဒေါင်းရုပ် တပ်ဆင်ထားသည်။
သင်္ဘောခန်းမကြီးကို birds-eye maple  သစ်သားအသုံးပြုဆင်ယင်ထားပြီး tulip-wood သစ်သားဘောင်ကွပ်များ မှန်ချပ်ကြီးများ တပ်ဆင်မွမ်းမံထားသည်။ ၎င်းမှန်ချပ်ကြီးများကို အရှေ့ တိုင်း၏ ခမ်းနားထည်ဝါခြင်းဆိုင်ရာ အယူအဆများနှင့် လိုက်လျောညီထွေမှုရှိစေရန်အလို့ငှာ အရောင်အသွေး အထူးစုံလင်လှပပြီး အသွင်အမျိုးမျိုး ရှိသော ရွှေရောင်နှင့်  စိန်တုများ အခြားကျောက်မျက်များဖြင့် ပြိုးပြိုးပျောက်ပျောက်  အထူးမွမ်းမံချယ်သထားခြင်းဖြင့်  အလုံးစုံ တောက်ပစေသည်။" ✔✔
🌹 ဆောင်းပါးပါ မီးသင်္ဘောတော်ရဲ့ အမည်
          ဆောင်းပါးမှာ မီးသင်္ဘောတော်ရဲ့ အမည် မပါရှိပါ။
🌹 ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးပါ မီးသင်္ဘောတော်များ
                ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီးမှာ သင်္ဘောသူကြီး အိုဝင် ဆက်သော မီးသင်္ဘော၊ မြနန်းစကြာ မီးသင်္ဘောတော်၊ စကြာယာဉ်မွန် မီးသင်္ဘောတော်၊ ရေနန်းစကြာ မီးသင်္ဘောတော် ဆိုပြီး အောက်ပါအတိုင်း တွေ့ရပါတယ်။
ဇွန် ၁၈၅၆။      ။ သင်္ဘောသူကြီး အိုဝင်ဆက်သော မီးသင်္ဘော (သင်္ဘောအမည် မတွေ့ရ)
✔✔ထိုနှစ် နယုန်လ သင်္ဘောသူကြီး အိုဝင်က မီးသင်္ဘော ဧရာ အတောင်ခြောက်ဆယ်, ဝမ်းဝ ဆယ်တောင်, ဇောက် ငါးတောင်, အဖိုးဒင်္ဂါး ကြည်းဆောင်စရိတ်ပါ တစ်သိန်းတစ်သောင်း နှစ်ထောင့်ကိုးရာတန်ကို ဝယ်ယူ ဆက်သရာ သင်္ဘောသူကြီး အိုဝင် ကိုလည်း အလိုရှိသည့်အတိုင်း ကုန်များကို သနားတော်မူ၍ ရောင်းဝယ်စေ၏။✔✔
သြဂုတ် ၁၈၆၄။      ။သြဂုတ် ၁၈၆၄ မှာ ကျောက်တော်ကြီး ပင့်တေ့ာ "မြနန်းစကြာ မီးသင်္ဘောတော်" နဲ့ ဆွဲကြောင်း ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး မှာ ပါ ပါတယ်။   
၆ စက်တင်ဘာ ၁၈၆၄။      ။ စကြာယာဉ်မွန် မီးသင်္ဘောတော်
✔✔ထိုနှစ် တော်သလင်းလဆန်း ခြောက်ရက် နေ့ (၆ စက်တင်ဘာ ၁၈၆၄) ကုလားကုန်သည်ကြီး ဟာလေဒီဘိုလုပ်ကုမ္ပဏီက ဆက်သသည့် မီးသင်္ဘောတော်ကို စကြာယာဉ်မွန် ကမ္ပည်းတပ်တော်မူသည်။ ✔✔
စကြာယာဉ်မွန် သင်္ဘောကတော့ ၁၈၇၂ မှာ ကင်းဝန်မင်းကြီးဦးဆောင်တဲ့ ဥရောပသွား သံအဖွဲ့ နေပြည်တော် ကနေ ရန်ကုန်ဆင်းဘို့ သုံးခဲ့တဲ့ သင်္ဘောဖြစ်ပါတယ်။
၂၂ နိုဝင်ဘာ ၁၈၆၅။      ။ ရေနန်းစကြာ မီးသင်္ဘောတော်
✔✔ထိုနှစ် နတ်တော်လဆန်းငါးရက် နေ့ (၂၂ နိုဝင်ဘာ ၁၈၆၅) ဥရောပတိုက်သား ကျွန်တော်မျိုး သင်္ဘောသူကြီး ကာလာဂရတီက ဝယ်ယူဆက်သည့် သင်္ဘောတော်ကို ရေနန်းစကြာ-ကမ္ပည်းတပ်တော်မူသည်။✔✔
ရေနန်းစကြာ သင်္ဘောကတော့ မြင်ကွန်းမင်းသား ပုန်ကန်မှုမှာ မင်းသားအတင်း ယူဆောင်သွားခဲ့တဲ့ သင်္ဘောဖြစ်ပါတယ်။
🌹          အထက်ပါ ရက်စွဲများအရ ကုန်းဘောင်ဆက် ပါ  "မြနန်းစကြာ မီးသင်္ဘောတော်"ဟာ အခုဆောင်းပါးပါ မီးသင်္ဘောလည်း ဖြစ်နိုင်သလို သင်္ဘောသူကြီး အိုဝင် ဆက်သော မီးသင်္ဘောလည်း ဖြစ်နိုင်ပါတယ်။



အကိုးအကားများ
၁။ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး
၂။ The Illustrated London News,15 January 1859
၃။ Ballou's Pictorial Drawing Room Companion, 26 Febaruary, 1859
Web page link: https://nostalgia-myanmar.com/river-steam-yacht-for-king

No comments