New Artical

အကြည်တော် ၊ သူခိုး အပိုင်း(၆)



အဲ့ဒီကစပြီး ငပိန်တစ်ယောက် တရားဝင် အမည်ပေါက်သူခိုးစာရင်း ဝင်ရောက်သွားတယ်။

အမှန် အဲ့ညက လှမေသာ သူ့အနံ့ကို မှတ်မိရင် ငပိန်ဆက်ပြီး သူခိုးဖြစ်မှာမဟုတ်ဘူး။

အဓိကက ငပိန်ရေချိုးမှားရာက စခဲ့တာပဲ။

အဲဒီနေ့က ငပိန်သာ ရေမချိုးခဲ့ရင် ဒီလို အဖြစ်ဆိုးမျိုး ကြုံရမှာမဟုတ်ဘူး။

ဒါကြောင့်ပြောတာ။ ရေချိုးမှားရင် ဒုက္ခရောက်တတ်တယ်ဆိုတာ ငပိန် သက်သေပြသွား တာပဲ။

ငပိန်သာ ရေမချိုးခဲ့ရင် လှမေ အနံ့မှတ်မိမယ်။ ပြီးရင် သူတို့နှစ်ယောက် ခိုးရာလိုက်ဖြစ်ကြ မယ်။ အဲ့ဒါဆို ခုချိန်လောက်ဆို ငပိန် လှမေနဲ့ညားပြီး ဘုရားဒါယိကာလဲဖြစ်နိုင်တာပဲလေ။

အခုတော့ ငပိန်ခများ ပစ္စည်းခိုးနေတုန်းက သူခိုးပီပီပြင်ပြင်မဖြစ် သေးဘဲ မိန်းမခိုးမှ အမည်ပေါက်သူခိုး ဖြစ်ရရှာတော့တယ်။

ကံတရားက အဲ့လိုပါဆိုနေ။

+++

ငပိန် ထောင်ကြီးချုပ်ကျသွားတကို အပျော် ဆုံးကတော့ သူ့အမေဒေါ်ပိန်ပဲ။

သူ့ခမျာ ဖမ်းသွားတဲ့သူတွေကို ကျေးဇူးတင်လို့တဲ့။

စားဖွယ်သောက်ဖွယ်တွေပါ ချက်ပို့တာ။ ပြီးတော့ မှာရှာတယ်။

ကြာကြာလေး ချုပ်ထားပေးကြပါ၊ ကျွန်မ သားလေးမရှိရင် ရွာအေးလွန်းလို့ပါ၊ ချုပ်နိုင်သလောက် ချုပ်ထားပေးကြပါ” ဆိုပြီး အတန်တန်မှာယူရတယ်။

တကယ်ပဲ။ ငပိန်လဲမရှိရာ ရွာက အတော်အေးသွားတယ်။ ဆူဆူညံညံ အသံလဲ မကြားရတော့ သလို ရွာမှာ ပျောက်တယ်ရှတယ်ဆိုတာကြီးကို မကြားရတော့တာ။ ခုမှပဲ တစ်ရွာလုံး ခေါင်းပြားအောင် အိပ်ရတော့တာ။


ဒိုးကျတစ်ရွာထဲ အေးချမ်းသွားတာ မဟုတ်ဘူးနော်။ သစ်ပင်လှ(အရှေ့အနောက်)အိုးလေးအိုး၊ ရေလွှဲကြီး စသည်ဖြင့်ရွာနီးချုပ်စပ်တွေပါ စိတ်ချမ်းသာရကုန်တာ။

အဲ ... ပြောရဦးမယ်ဗျ။

လှမေလေ။ လှမေကတော့ အိုးလေးအိုးမှာလဲ မရှိတော့ဘူး။ သူ့အမေရှိတဲ့ ရေလွှဲကြီးလဲ မရောက်ဘူး။ ဖွားလှခင်က လှမေကိုသူခိုးနဲ့ကြိုက် ရမလားဆိုပြီး ဟိုး ... အောက်ပြည်ဖက် သူ့အမျိုးတွေရှိရာ တန်းပို့လိုက်တာတဲ့။

လှမေကိုတော့ ဒီရွာနဲ့အနီးတစ်ဝိုက်မှာ လုံးဝမတွေ့ရတော့ဘူး။

ဒါပေမယ့်လဲ မတွေ့ချင်သူကိုတော့ မလွှဲမရှောင်သာ တွေ့ကိုတွေ့ရဦးမှာပါပဲ။

သူကတော့ သွားစရာမြေ များများမှမရှိတာ။ ဒါကြောင့် သူ့မူရင်း နေရာလေးကိုပဲ ပြန်ရောက်ရမှာပေါ့။

+++

“ငပိန် ထောင်ကြီးချုပ်က ပြန်လွတ်လာပြီ”

အဲဒီသတင်းကတော့ ရွာနီးချုပ်စပ်မှာ လှုပ်လှုပ်ရှားရှားကို ဖြစ်သွားတယ်။

ငပိန်ပြန်လွတ်လာင်ပြီဆိုတာနဲ့ တချို့ကလဲ သိမ်းစရာရှိတာသိမ်း၊ ဖွက်စရာရှိတာကြိုဖွက်ထားကြ တော့တာ။ ဟုတ်တယ်

ငပိန်ပြန်ရောက်ပြီဆိုတာနဲ့ ဟိုနေရာ ဒီနေရာကပစ္စည်း

ပျောက်သံတွေ ကြားရတော့မှာကိုး။

အခုလဲ ငပိန် ထောင်ကြီးချုပ်ကလွတ်ပြီး ရွာပြန်မရောက်သေးဘူး။ သတင်းတစ်ခု ထွက်လာ တယ်။

“ငပိန် မြို့ကနေ မြို့ဝန်ပလ္လင်တော် ခိုးလာသတဲ့”

လူကမရောက်သေးဘူး။ ခိုးမှုက အရင်ရောက်နေပြီ။

သူခိုးလာတာကလဲ နှယ်နှယ်ရရမဟုတ်ဘူး။ မြို့ဝန်မင်းကို တိုင်းတပါးသားများ လက်ဆောင်ပေးထားတဲ့ ပလ္လင်တော်တဲ့။

တိုင်းတပါးသားဆိုတာ ဘယ်သူမှန်း ဘာမှန်းမသိဘူး။

ဒါ့အပြင် ပလ္လင်တော်က ပြည်တွင်းဖြစ်မဟုတ်ဘူး။ တိုင်းတပါးသားက လုပ်လာတဲ့အတွက် သစ်သားတွေ အုတ်တွေနဲ့ လုပ်ထားတာ မဟုတ်ဘူးတဲ့။ ကြွေထည်စစ်စစ်နဲ့ ပြုလုပ်ထားတဲ့အတွက် ဖြူဝင်းပြောင်လက်နေတာတဲ့။

နောက်ပြီး ခေတ်သစ်နည်းပညာနဲ့ ပြုလုပ်ထားတဲ့အတွက်

ပလ္လင်တော်မှာတင် ယပ်တောင်၊ ကွမ်းအစ်ထည့်ဘူး စသည်ဖြင့် အပြည့်အစုံကို ပါတာတဲ့။

ရွာကလူတွေဆိုတာ ပလ္လင်တော်ကြီးကို မြင်ဖူးချင်လိုက်တာမှ ငမ်းငမ်းတက်ပဲ။

ဒီပလ္လင်ကိုဘာလို့ ဒီသတင်းထွက်လာလဲဆိုတော့

မျက်ဝါးထင်ထင် မြင်ဖူးတဲ့သူတစ်ယောက်ရှိတယ်။

“တီကောင်ရီမောင်”

တီကောင်ရီမောင်ဆိုတာ သစ်ပင်လှ(အရှေ့ဖျား)က ဂန္တ၀င်လူမိုက် ခင်ဗျ။

အရင်က သစ်ပင်လှမှာ လူမိုက် မောင်နှစ်မောင်ရှိတယ်။ တစ်ယောက်က အရင်စောပုနဲ့ နှစ်ဘဝကြိုပုတို့ ဓားနဲ့တက်ထိုးသွားလို့ လူမိုက်ဘ၀က စုတေသွားတဲ့လှမောင်။ နောက်တစ်ယောက်က အခုပြောတဲ့ တီကောင်ရီမောင်။

“တီကောင်ရီမောင်ဟေ့”

ဆိုရင် သစ်ပင်လှရွာမှာ မီးသေတယ်။ တော်ရုံတန်ရုံ ရာဇဝတ်မှုဆိုရင် ဒီအနီးတဝိုက်မှာဖြစ်ရင် အာဏာပိုင်က ဆင်းမလာဘူး။

တီကောင်ရီမောင်ကို လှမ်းပြောလိုက်ရုံနဲ့ရပြီ။

အင်မတန်မိုက်ပြင်းတယ်ဆိုတဲ့ ပါကညာတို့ ဓားဖိုးဌေးတို့

တောင် တီကောင်ရီမောင်မော့ဆို ငြိမ်နေရတာ။

တီကောင်ရီမောင်က ဘယ်သူနဲ့ယှဉ်ယှဉ် လက်ပိုသွက်တယ်။

လက်ဆမှန်တယ်။ပြောရဦးမယ်ဗျ။ သူ တီကောင်ရီမောင်လို့ အမည်တွင်ပုံ။

နာမည်ရင်းက ရီမောင်ပဲ။

ထုံးစံအတိုင်းပဲပေါ့ဗျာ။ ရီမောင်ကလဲ လူမိုက်တို့ရဲ့ ဝိသေသအဖြစ် သူ့ကျောကုန်းမှာ အရုပ်တစ်ရုပ် စုတ်တင်ချင်တာ။

ဘာမဟုတ်တဲ့ လူမိုက်ပေါက်စ သမန်းဝက်တောင် ကျောကုန်းဝက်ခုန်းထိုးထားတာဆိုတော့လေ။ သူတောင် သမန်းဝက်ဖြစ်ရင် ရီမောင်ကလဲ နဂါးကြီးရီမောင် ဖြစ်ချင်တာပေါ့။

ဒါကြောင့် သူလဲ အားကျမခံ စုတ်ထိုးဆရာကိုခေါ်တယ်။ ပြီးတော့ သူ့ကျောကုန်းမှာ နဂါးကြီး အမောက်ထောင်ပြီး မီးပြင်းမှုတ်နေတဲ့ပုံ ရေးခိုင်း တယ်။ စုတ်မထိုးသေးဘူး။ စုတ်ထိုးရင်မှားမှာစိုးလို့ ကျောကုန်းမှာ ဒန်းဆေးနဲ့ပုံ အရင်ရေးခိုင်းတာ။

စုတ်ထိုးဆရာ ပုံရေးတာကို သူသိပ်သဘောမကျဘူး။ နဂါးကြီးရဲ့ အကြေးခွံတွေက မသပ်ရပ်ဘူး။ ဒါနဲ့ပဲ မြို့က နာမည်ကျော်ပန်းချီဆရာ ကိုဆန်းကို မရမက ပြန်ပေးဆွဲသလို ခေါ်လာပြီးမှသူ့ကျောကုန်းမှာ သူ့ စိတ်ကြိုက်ပုံကို အသေအချာရေးခိုင်းတယ်။

တကယ်လဲဟုတ်တယ်။

ပန်းချီဆရာကိုဆန်းရဲ့ လက်ရာက တကယ်ကို ရုပ်လုံးကြွ

တယ်။

နဂါးကြီးမျက်လုံးက မီးဝင်းဝင်းတောက်နေပြီ။

တွေ့ကရာလူ လှမ်းပေါက်တော့မလိုမျိုး။ အကြေးခွံတွေကလဲ မာကျောပြီး အမြီးက ခါးအောက်ဖက်ကို ပြန်ခွေထားတယ်။

ကျောတပြင်လုံး အကြေးခွံတွေနဲ့ ပြည့်နှက်နေပြီး အမြီး က

ငါးကြင်းမြီးလို ဖျကျနေတယ်။ နဂါးကြီးမီးကလဲ လည်ကုတ်ကို မှုတ်နေတာဆိုတော့ ကြည့်ရတဲ့သူတောင်ပူတယ်။

ဒီလိုနဲ့ ပုံကြမ်းစိတ်တိုင်းကျပြီဆိုမှ

“ရပြီ စုတ်ထိုးဆရာ၊ အဲ့ဒီကောက်ကြောင်းအတိအကျထိုး၊ မတိကျ လို့ကတော့ ရီမောင် တိကျတာ သိတယ်မဟုတ်လား”

စုတ်ထိုးဆရာကလဲ ကြောက်ကြောက်လန့်လန့်နဲ့ပဲ

“ဟုတ်ပါပြီဗျာ၊ မလွဲစေရပါဘူး၊ ကဲ လိုင်းအရင်ကောက်

ရအောင်”

တီကောင်ရီမောင်က သူ့ကျောပြားကြီးကို မှောက်ပေးတယ်။

စုတ် ထိုးဆရာက သူ့စုတ်တွေကို ထုတ်လိုက်တယ်။

စုတ်တွေကိုကြည့်ပြီး ရီမောင် မျက်လုံးပြူးသွားတယ်။

“ဟင် ခင်ဗျားစုတ်တွေက အကြီးကြီးပါလား”

ဟုတ်တယ်။ စုတ်ထိုးတဲ့တုတ်တွေက အကြီးကြီး။ ဒီကြားထဲ လေးချောင်းပူးကြီး။ စုတ်ထိုးဆရာက သူ့စုတ်သူပြန်ကြည့်ပြီး

ဒါတောင်အသေး ကိုရီမောင်ရဲ့၊ အနုစိပ်ရမှာမို့ စုတ်အသေးသုံးတာ၊ အကြီးတွေရှိသေးတယ်၊ ဟောဒီမှာကြည့်”

“ဟာ”

စုတ်ထိုးဆရာထုတ်ပြတဲ့ စုတ်တွေကိုကြည့်ပြီး ရီမောင်

မျက်လုံးပြူးသွားတယ်။ ဟုတ်ပ။ စုတ်ကြီးတွေက တကယ့် အကြီးစားကြီးတွေ။ အတုတ်ကြီးတွေ။

“တို့ သတ္တိတို့ဆို ဒီလိုအကြီးနဲ့ဆော်တာ၊ အခုက ပုံသွင်းရမှာမို့ အသေးနဲ့ပဲတွယ်ရမှာ”

ရီမောင် မျက်နှာ အပျက်ပျက်အယွင်းယွင်း ဖြစ်သွားတယ်။ ဒါပေမယ့် လူမိုက်မဟုတ်လား။

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ ဒါထက်သေးတဲ့စုတ်များ ရှိဦးမလားလို့

“မရှိတော့ဘူး၊ ဒါအသေးဆုံးပဲ၊ အဝတ်ချုပ်တာမှ မဟုတ်ဘဲ၊

စုတ်ထိုးတာလေ”

“ကဲ ဟုတ်ပါပြီ၊ ထိုးမယ့်သာထိုးစမ်းပါ၊ ကျုပ်နဂါးကြီးကို မြင်ချင် လှပါပြီ”

ဒီလိုနဲ့ မည်းနက်နေတဲ့ ကြပ်ခိုးနဲ့ စုတ်ကိုစိမ်ပြီး စုတ်ကိုစထိုးတယ်။

“အ”

စုတ်စတင်တာနဲ့ တီကောင်ရီမောင်ဆီက အသံစကြားရတယ်။

မျက်နှာကြီးလဲ ချက်ချင်းရဲတက်လာပြီး ဖရိုဖရဲ ဖြစ်သွားတယ်။

နောက် စုတ်ထိုးဆရာကို လည်ပြန်ကြည့်ပြီး

“စုတ် စုတ်ထိုးဆရာ၊ ဒီ...ဒီထက်လျှော့ထိုးလို့ မရဘူးလား”

စုတ်ထိုးဆရာက သူ့အလုပ်သူလုပ်ရင်း

“မရဘူးကိုရီမောင်ရေ၊ ဒီထက်လျှော့လိုက်ရင် ဆေးမစွဲတတ်

ဘူး၊ ဒါကြောင့် ဆေးစွဲအောင် ခပ်နက်နက်ထိုးပေးရတာ၊ နာလဲ ခဏပါပဲ၊ နောက် သူ့ဟာသူ ထုံသွားမယ်”

ဆိုပြီး ကျောပေါ်စုတ်ထပ်တင်တော့ “အ..အ”

စုတ်တစ်ချက်တင်တိုင်း ရီမောင် တွန့်တွန့်တက်လာတယ်။

ဇောချွေးတွေလဲ တစ်ကိုယ်လုံး စိမ့်ထွက်လာတယ်။

“အ..အ”

စုတ်တစ်ချက်တင်တိုင်း ခြေတွေလက်တွေပါ ကောက်ကွေးကုန်

တယ်။ လေးငါးချက်လောက်လဲကျရော ရီမောင် မခံနိုင်တော့

ဘူး။ ဒါကြောင့်ပဲ

“ဒီမှာ စုတ်ထိုးဆရာ”

“ခင်ဗျာ”

ရီမောင် ထွက်လာတဲ့ချွေးတွေကိုသုတ်ပြီး

“နဂါးက မီးမှုတ်တာမလိုဘူးလို့ ကျုပ်ထင်တယ်”

“အဲ့ဒီတော့”

“အဲ့ဒီမီးမှုတ်တာကြီး မထိုးနဲ့တော့ဗျာ ရှုပ်လို့”

သူ့စကားကို စုတ်ထိုးဆရာကလဲ

“ကိုရီမောင်သဘောပါဗျာ၊ အဲ့ဒါမထိုးနဲ့ဆိုလဲ မထိုးဘဲထားရုံပေါ့၊

ဒါပေမယ့် ငဆန်းလက်ရာ ပုံကောင်းလေးနှမျောစရာ”

“မနှမျောနဲ့ဗျာ၊ ကျုပ်က မထိုးနဲ့ဆိုမထိုးနဲ့ ဒါပဲ”

“ကောင်းပါပြီဗျာ၊ ကောင်းပါပြီ”

စုတ်ထိုးဆရာက ကျောပေါ် စုတ်တစ်ချက်နှစ်ချက် ထပ်တင်တယ်။

“အ..အ”

ရီမောင် တွန့်တက်လာပြန်တယ်။ ပြီးတော့ စုတ်ထိုးဆရာကို

ပြန် လှည့်ပြီး

“ဒီမှာ စုတ်ထိုးဆရာ”

“ခင်ဗျာ”

“နဂါးက အမောက်မပါရင် ဘာဖြစ်မလဲ”

“ဟာ ကိုရီမောင်ရ၊ နဂါးပါဆိုမှ အမောက်မပါမှတော့ မြွေဖြစ်

သွားမှာပေါ့”

ရီမောင် အံကြိတ်ခေါင်းညိတ်ရင်း

“ကြိုက်တယ်ဗျာ၊ အမှန်တော့ ကျုပ်က နဂါးထက်စာရင် မြွေကို ပိုကြိုက်တာဗျ”

“ဟာ ကိုရီမောင်”

“လုပ်မနေနဲ့ဗျာ၊ မြွေပုံပဲထိုးပေး၊ အမောက်တွေဘာတွေ ဆက်မထိုး နဲ့၊ အား..ကျွတ်”

“ဟုတ်ပါပြီဗျာ၊ ကိုရီမောင့်သဘောပါ”

အမှန်တော့ မကို သူကြိုက်တာမဟုတ်ဘူး။ စုတ်ထိုးတာ

ကို နာလွန်းလို့ မခံနိုင်တာ။ ဒါကြောင့် စုတ်ချက်လျော့အောင်လုပ်နေတာ။ ခဏနေလဲကြာရော ရီမောင် အသားတွေတုန်တက်ပြီး မျက်ဖြူလန်မလို ဖြစ်လာတယ်။ သူ ဘယ်လိုမှ မခံနိုင်တော့ဘူး။ ဒါကြောင့်ပဲ

“ဒီမှာ စုတ်ထိုးဆရာ”

“ခင်ဗျာ ကိုရီမောင်”

“မြွေမှာ မျက်လုံးလဲမပါ၊ လျှာလဲမပါ၊ အကြေးခွံလဲမပါ၊ အမြီးပါမပါရင် ဘာဖြစ်သွားမလဲ”

“ဟ ကိုရီမောင်ရ၊ တီကောင်ဖြစ်သွားမှာပေါ့”

“ကြိုက်ပြီဗျာ၊ ကျုပ်ကို တီကောင်ပုံပဲထိုးပေး”

“ဟာဗျာ”

စုတ်ထိုးဆရာလဲ စိတ်မသက်မသာနဲ့ ရီမောင်ရဲ့ ကျောမှာ

တီကောင် ပုံကြီးထိုးပေးလိုက်ရတယ်။

အဲ့ဒီကစပြီး သူ့နာမည် တီကောင်ရီမောင် ဖြစ်သွားတယ်။

စုတ်စထိုးတုန်းကတော့ နဂါးပါပဲ။ ဒါပေမယ့် စုတ်ချက်နာလို့ မခံ နိုင်လို့ မကိုလျှော့၊ မကိုလဲ မခံနိုင်လို့ နောက်ဆုံး

တီကောင်နဲ့ပဲ အဆုံးသတ်လိုက်ရတယ်။

“တီကောင်ရီမောင်”

တီကောင်ရီမောင် ဒီလောက်အသားနာမှာကြောက်ပြီး ဘာလို့လူမိုက်ဖြစ်လဲ မေးကြလိမ့်မယ်။

“ကြောက်တတ်လို့” တဲ့။

ရန်ဖြစ်ရင် အသားနာမှာကြောက်ရင်း၊ အသားမနာအောင်

သူများထက်ဦးအောင်တွယ်ရင်း လူမိုက်ဖြစ်လာတာ။

အဲ.. အဲ့ဒီဂန္တ၀င်လူမိုက်ကြီး တီကောင်ရီမောင်က ငပိန်ခိုးလာတဲ့ ခေတ်ရှေ့ပြေးပလ္လင်ကြီးကို အရင်ဆုံးမြင်ဖူးတာတဲ့။

ပြောသေးတယ်ဗျ။

ပြောသေးတယ်ဗျ။

“ကျုပ်ခမျာ ပလ္လင်ကြီးကိုမြင်တော့ ကြည်ညိုလွန်းလို့ ထိုင်တောင် ရှိခိုးခဲ့ရသေး။ ပြောင်လက်ရှင်းသန့်နေတာဗျ”

အဲ့ဒီလိုလဲ ကြားရော ငပိန်ရဲ့ ခိုးရာပါပလ္လင်ကြီးကို

အသည်းအသန် လိုချင်တဲ့သူတွေ ပေါ်လာတာပေါ့။

ဘယ်သူရှိမလဲ။ ဒိုးကျရွာသူကြီး ဖိုးစံကြီးနဲ့ အိုးလေးအိုးသူကြီးပါကညာတို့ပေါ့။


အပိုင်း(၇)ဆက်ရန်>>>

No comments