New Artical

ရေကောင်းရေသန့်ကို သောက်ခြင်း

 ရေကောင်းရေသန့်ကို သောက်ခြင်း



လူ၏ခန္ဓာကိုယ်သည် အစိုင်အခဲ အနေမျိုး ဖြစ်တည်သော ပုံပန်းသဏ္ဌာန် ရှိသော်လည်း ခန္ဓာကိုယ်ကို ခွဲခြားစိစစ်ကြည့်ရှု လိုက်လျှင် ၄ ပုံ ၃ ပုံမှာ ရေဖြစ်သည်။ ခန္ဓာကိုယ်တွင်းရှိ သွေးများ မှန်ကန်စွာ လှည့်ပတ် သွားလာနိုင်ရန် ရေ၏ ကူညီထောက်ပံ့မှုကို လိုလေသည်။ ထို့ပြင် ကိုယ်တွင်းမှ အညစ်အကြေးတို့ကို အဆုတ်၊ ကျောက်ကပ်၊ အရေပြားများမှ တစ်ဆင့် ချွေး စသည်တို့ အဖြစ်ဖြင့် ကိုယ်၏အပြင်ဖက်သို့ ထုတ်ရလေသည်။ ဤသို့ဖြင့် ကိုယ်တွင်း၌ ဆေးကြောသန့်ရှင်း စေ၍ သွေးအသွားအလာ ကောင်းမွန်မှန်ကန်စေရန်အတွက် ရေကို များစွာသောက်ပေးရန် လိုသည်။ ရေကို အချိန်အခါနှင့် လိုက်၍ အနည်းဆုံး တစ်နေ့လျှင် ရေ ၆ ဖန်ခွက်ခန့်မျှ ကုန်အောင် သောက်သင့်ပေသည်။ နံနက် စာမစားမီ ၁ ဖန်ခွက်၊ နံနက်စာနှင့် နေလည်အတွင်း ၂ ဖန်ခွက်၊ နေ့လယ်စာနှင့် ညစာ အတွင်း ၂ ဖန်ခွက်၊ ညအိပ်ရာမဝင်မီ ၁ ဖန်ခွက် သောက်သင့်သည်။ အစာစား နေစဉ် ရေသောက်လျှင် ရေနှင့် အစာကို ရော၍ မျိုမချရန် သတိထားရပေမည်။ အစာကို ညက်ညက်ဝါး၍ မျိုချပြီးမှသာ ရေသောက်သင့်သည်။ ရေနှင့်အစာ ရော၍ မျိုချလျှင် အစာ မကြေ ဖြစ်တတ်သည်။ ဤသို့ ကျန်းမာမှုအတွက် အရေးပါ အရာရောက်သော ရေမှာလည်း တန်ဖိုးကြီးစွာ ပေး၍ ဝယ်ယူရ သည်မဟုတ်ဘဲ အလွယ်တကူရရှိနိုင်လေရာ အသုံးပြုရာ၌ ဂရုတစိုက် ပြုတတ်လျှင် ထိရောက်သော အကျိုးကျေးဇူးကို ရရှိနိုင်သည်။


ကိုးကား - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

ကိုဖြိုး (ဧရာမြေ)

No comments