New Artical

ကျန်းမာစေမည့် အစားအစာ စားခြင်း

 ကျန်းမာစေမည့် အစားအစာ စားခြင်း



ကျန်းမာ၍ အင်အားဖြစ်စေမည့် အစားအစာတို့ကို စားခြင်း အင်ဂျင်စက်တို့ကို ထင်း၊ မီးသွေး၊ ဆီတို့ဖြင့် အားဖြစ် စေ၍ မောင်းနှင်ရွေ့လျားစေရသကဲ့သို့ အစားအစာဖြင့် လူတို့၏ ခန္ဓာကိုယ်ကြီးကိုလည်း အားဖြစ်စေ၍ လှုပ်ရှားသွားလာစေ နိုင်သည်။ နေ့စဉ်နှင့်အမျှ လှုပ်ရှား သွားလာနေရသဖြင့် လှုပ်ရှားမှုကြောင့် ကုန်ခန်းသွားသော အင်အားများကို ဖြည့် တင်းပေးရန်အတွက် အစားအစာများကို စားသောက် ပေးရ သည်။


ကိုယ်ခန္ဓာကြီး နွမ်းနယ်ခွေယိုင်ခြင်းမရှိဘဲ အင်အား ပြည့်ဖြိုးစေရန် အစာများ စားသောက်ကြရာ၌ အချိန်အခါနှင့် ချင့်ချိန်ကာ အတိုင်းအဆမှန်မှန် မပိုမလို စားသွားနိုင်မှ အကောင်းဆုံးဖြစ်သည်။ စားသင့်သည်ထက် ပိုမိုစားလျှင် အစာချေချက်ရသော ကိုယ်အင်္ဂါသည် လုပ်သင့်သည်ထက် ပိုမိုလုပ်ရသဖြင့် မအီမသာဖြစ်တတ်သည်။ ထို့ပြင် အလုပ်ကိစ္စ များလွန်းလှသည်ဆိုကာ အဆာလွန် မခံသင့်ချေ။ ဝလာလျှင် အလှပျက်မည်စိုး၍ အစာလျှော့စားသော မိန်းကလေးမျိုးသည် အားအင်ချည့်နဲ့ ရောဂါထူပြော၍ ကျန်းမာရေးကို ထိခိုက်သဖြင့် လှပတင့်တယ်မှုကို မရရှိတော့ဘဲ ပျော်ရွှင်မှုလည်း လက်လွတ် သွားရတတ်သည်။


အချိန်မှန်မထားဘဲ စားချင်သည့်အခါ စားတတ်သည့် အလေ့အကျင့်မျိုးကိုလည်း မမွေးသင့်ပေ။ အဘယ်ကြောင့် ဆိုသော် အစာအိမ်ကို နားသင့်သည်အခါတွင် အနားမပေး၊ အချိန်မရွေး အလုပ်လုပ်ခိုင်းသည်နှင့် တူသောကြောင့် လုပ်ငန်း စဉ်ကို မမှန်မကန်ဖြစ်အောင် ပြုသဖြင့် အစာကြေချက်ခြင်းကို ထိခိုက်စေသည်။


အစာစားသည့်အခါ ဝမ်းပြည့်ရန်သာ ပဓာနမထားဘဲ အသွေး၊ အသား၊ အရိုး၊ အကြောအခြင်တို့ကို သန်စွမ်းစေမည့် အစားအစာမျိုးကို စိစစ် စားသောက်သင့်လေသည်။ အချို့ ရောဂါ ရှိသူများသည် ဓာတ်စာများကို ချင့်ချိန်စားသောက်ခြင်း ဖြင့်ပင် ရောဂါများ သက်သာပျောက်ကင်းစေနိုင်သည်။ လူတို့ စားသုံးရန် သင့်လျော်သော အစာများကား လတ် ဆတ်သော ဟင်းသီးဟင်းရွက်နှင့် နွားနို့ဖြစ်၏။ မချက်ပြုတ် ရဘဲ အစိမ်းစားနိုင်သော ဟင်းသီးဟင်းရွက်များမှာ ပိုမို ကောင်းမွန်သည်။ နွားနို့မှာ လူတိုင်းနှင့် သင့်လျော်၍ အထူး သဖြင့် ငယ်ရွယ်သူများနှင့် သက်ကြီးရွယ်ရင့်တို့အဖို့ သာလွန် ကောင်းမွန်သည်။ လက်ဖက်ရည် ကာဖီ စသည်တို့ကို များစွာ မသောက်သင့်ချေ။ ကလေးသူငယ်များအား မတိုက်ဘဲ နေနိုင်လျင် ပို၍ကောင်းသည်။ အချို့ အအီအဆိမ့် အကြော် အလှော်များကား အစာကြေခဲ၍ များစွာစားသုံးရန် မသင့် လျော်ချေ။ ဆေးလိပ်နှင့် အရက်တို့သည် ကျန်းမာရေး၏ အန္တရာယ်ကြီးများပင် ဖြစ်ချေသည်။


အစာစားသည့်အခါ အလျင်စလိုမစားဘဲ ဖြည်းနှေးစွာ အစာကို ကြေညက်အောင် ဝါး၍ စားသင့်သည်။ သို့မှသာ အစာကြေရန် အကူအညီပေးသည့်၊ အစာစားလျှင် ပါးစပ် အတွင်းမှ ထွက်လာသော ကစီရည်ကို ကောင်းမွန်စွာ ရရှိ၍ အစာအိမ်ကို အလုပ်မများစေဘဲ အလွယ်တကူ ကြေညက်နိုင် စေသည်။ ထို့ပြင် သွားများကိုလည်း ကောင်းစွာ အလုပ်ပေးနိုင် စေသည်။ သွားများ အသုံးပြုရနည်းလျှင် လျင်မြန်စွာ ဆွေး၍ ဒုက္ခပေးတတ်သည်။ 'ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ'ဆိုသည့် ဆိုရိုးစကားအတိုင်း အစားအသောက်ကို သင့်မြတ်စွာ ချိန်ဆ၍ စားသုံးသွားနိုင်လျှင် အနာရောဂါကင်းရှင်း၍ ကျန်းမာခြင်း ဖြစ်စေနိုင်သည်။


ကိုးကား - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

ကိုဖြိုး (ဧရာမြေ)

No comments