New Artical

ရဟန္တာဖြစ်တိုင်း မြေလျှိုး၊ မိုးပျံ နိုင်ပါသလား


 ရဟန္တာဖြစ်တိုင်း မြေလျှိုး၊ မိုးပျံ နိုင်ပါသလား

ဗုဒ္ဓဘာသာဝင်တိုင်း အထူး သိထားသင့်ပါတယ်။

          ရဟန္တာတောင် စျာန်လျှောရသေးတယ် ဆိုတဲ့စကား ကြားဖူးပါတယ်။ ဒီစကားနဲ့ ပတ်သက်ပြီး တချို့ကကျတော့ ရဟန္တာဆိုတာ စျာန်မလျှောနိုင်ဘူး။ ပုထုဇဉ်သာ စျာန်လျှောနိုင်တာလို့ ပြောကြတာလည်း ရှိပါတယ်။
ရဟန္တာ စျာန်မလျှောနိုင်ဘူးဆိုရင် ဘာဖြစ်လို့များ ရဟန္တာတောင် စျာန်လျှောရသေးတယ် ဆိုတဲ့ စကားက တွင်ကျယ် နေရတာလဲ။

ရဟန္တာက (၆)မျိုး ရှိပါတယ်။
၁။ သုကျခဝိပဿက ရဟန်တာ
၂။ တိပိဋကဓရ ရဟန်တာ
၃။ စျာနလာဘီ ရဟန္တာ
၄။ တဝေိဇ်ဇ ရဟန်တာ
၅။ ဆဠာဘိည ရဟန်တာ
၆။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာ တို့ ဖြစ်ပါတယ်။

သုက္ခဝိပဿကရဟန္တာ ဆိုသည်မှာ မဂ်လေးပါး၊  ဖိုလ်လေးပါးမှာ အဆုံးဖြစ်တဲ့ အရဟတ္တဖိုလ်ဉာဏ် အထိ ပေါက်ရောက်ထားတဲ့ ရဟန္တာ ဖြစ်ပါတယ်၊ ဒီထက် မပိုပါ။ စျာန် မရဘူးဟု ဆိုလိုပါတယ်။

တိပိဋကဓရရဟန္တာ ဆိုသည်မှာ အရဟတ္တဖိုလ်ဉာဏ် အပြင် ပိဋကသုံးပုံကို နှုတ်တက် ဆောင်တော်မူတဲ့ ရဟန္တာ ဖြစ်ပါတယ်။

စျာနလာဘီရဟန္တာ ဆိုသည်မှာ အရဟတ္တမဂ်ဖိုလ်ဉာဏ် အပြင် ရူပစျာန်၊ အရူပစျာန် တို့ကို ရရှိတော်မူတဲ့ ရဟန္တာ
 ဖြစ်ပါတယ်။

တေဝိဇ္ဇရဟန္တာ ဆိုသည်မှာ အရဟတ္တဖိုလ်ဉာဏ် အပြင် ပုဗ္ဗေနိဝါသနုဿတိဉာဏ်နဲ့ ဒိဗ္ဗစက္ခုဉာဏ်၊ အာသဝက္ခယဉာဏ် တို့ကို ရရှိတဲ့ ( ဝိဇ္ဇာသုံးပါးနဲ့ ပြည့်စုံတဲ့ )ရဟန္တာ ဖြစ်ပါတယ်။

ဆဠာဘိညရဟန္တာ ဆိုသည်မှာ အရဟတ္တဖိုလ်ဉာဏ် အပြင် အဘိညာဉ် ၆-ပါး စလုံး ရတဲ့ ရဟန္တာ ဖြစ်ပါတယ်။

ပဋိသမ္ဘိဒါပတ္တရဟန္တာ ဆိုသည်မှာ အဆင့်အတန်းအမြင့်ဆုံး ရဟန္တာ ဖြစ်ပါတယ်။ အရဟတ္တဖိုလ်ဉာဏ်၊ အဘိညာဉ် ၆-ပါး တို့ကို ရတဲ့အပြင် ပဋိသမ္ဘိဒါဉာဏ် ၄-ပါး ကိုပါ ရတဲ့ ရဟန္တာ ဖြစ်ပါတယ်။

တကယ်တန်း အရေးကြီးတာက အရဟတ္တဖိုလ်ဉာဏ်သာ ဖြစ်ပါတယ်။ အရဟတ္တဖိုလ်ဉာဏ် ရရင် ရဟန္တာ လို့ ခေါ်နိုင်ပါပြီ။ ကျန်တာတွေက လောကီဉာဏ်တွေ ဖြစ်တာကြောင့် ရရင်လည်း ရသလောက် ကောင်းပါတယ်။ မရလည်း သိပ်ပြီး ကိစ္စ မရှိလှပါဘူး။ ခုပြောချင်တာက ရဟန္တာ စျာန်လျှော / မလျှော ဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။

စျာန် ဆိုတာက ရဟန္တာမှာ  မရှိမဖြစ်တဲ့ အရာမဟုတ်ပါ။ ရဟန္တာ ဖြစ်ပြီး စျာန်မရဘဲလည်း နေနိုင်ပါတယ်။ရချင်လည်း ရနိုင်ပါတယ်။ တစ်ချို့လည်း ရဟန္တာ မဖြစ်ပဲ ဈာန် ရတာလည်း ရှိပါတယ်။ နောက်ပြီးတော့ စျာန်နဲ့ အဘိညာဉ်ကိုလည်း ကွဲကွဲပြားပြား သိဖို့လိုပါတယ်။

အဘိညာဉ်က စျာန်၏ အကျိုး ဖြစ်ပါတယ်။ မြေလျှိုး၊ မိုးပျံ နိုင်တဲ့ တန်ခိုးတွေကို အဘိညာဉ်လို့ ခေါ်ပါတယ်။ စျာန်ရပြီးမှ အဘိညာဉ်ရအောင် နောက်တစ်ဆင့် ကြိုးစား ယူရတာ ဖြစ်ပါတယ်။ စျာန်မရဘဲ အဘိညာဉ် မရနိုင်ပါ။  စျာန်ရပြီး အဘိညာဉ် မရတာတော့ ဖြစ်နိုင်ပါတယ်။ အဘိညာဏ်ရတဲ့ ဆဠာဘိည ရဟန္တာ၊ ပဋိသမ္ဘိဒါပတ္တ ရဟန္တာတို့မှ မြေလျှိုး၊ မိုးပျံ နိုင်တာ ဖြစ်ပါတယ် အဘိညာဉ် မရတဲ့ ရဟန္တာကျတော့ မြေမလျှိုး၊ မိုးမပျံ နိုင်ပါ။ စျာန်ရော၊ အဘိညာဉ်ရော နှစ်ခုစလုံး အကြောင်း တစ်ခုခုကြောင့် ပျက်စီး နိုင်ပါတယ်။ ပျက်စီးတတ်တဲ့ တရားတွေ ဖြစ်သောကြောင့် ဖြစ်ပါတယ်။

ဉာဏ်ကတော့ အရဟတ္တဖိုလ်ဉာဏ် မပြောနဲ့ ဝိပဿနာဉာဏ်တောင် တစ်ကြိမ် ရပြီးရင် မပျက်စီးတော့ပါ။ မပျက်စီးဘူး ဆိုတာက ဥပါဒ်၊ ဌီ၊ ဘင်ကင်းတဲ့ မပျက်စီးတာမျိုးကို ပြောတာ မဟုတ်ပါ။  ရပြီးတဲ့ ဉာဏ်အဆင့်ကနေ အောက်ပြန်လျှော မကျနိုင်တာကို ဆိုလိုပါတယ်။ ဆက်ပြီး ကြိုးစားအားထုတ်လို့ အထက်ဉာဏ် တွေကိုပဲ ရောက်ချင်ရောက်မယ်။ အားမထုတ်ဘဲ နေလို့ ရထားတဲ့ဉာဏ် ပြန်လျှောကျရိုးထုံးစံ မရှိပါ။

အဲဒါကြောင့် ရဟန္တာတောင်-စျာန်- လျှောရသေးတယ် ဆိုတဲ့ စကားသာရှိပြီး ရဟန္တာတောင် -ဉာဏ်-လျှောရသေးတယ် ဆိုတဲ့ စကား မရှိတာ ဖြစ်ပါတယ်။  ဒါဖြင့်ရင် စျာန်ရပုဂ္ဂိုလ်တွေ ဖြစ်တဲ့ နံပါတ်(၃)၊ (၄)၊ (၅)၊ (၆) ရဟန္တာတွေဟာ ရထားတဲ့ စျာန်တွေ၊ အဘိညာဉ်တွေ ပြန်လျှော  နိုင်ပါသလား?။

ပရမတ္ထ သဘာဝ ကိုပဲ ကြည့်ပြီး ဓမ္မဒိဋ္ဌာန်အရ ပြောရရင်တော့ လျှောနိုင်တယ် လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ စျာန်တို့၊ အဘိညာဉ်တို့ ဆိုတာကိုက ပျက်စီးတတ်တဲ့ တရားတွေမို့လို့ ဖြစ်ပါတယ်။ဒါပေမဲ့ ပုဂ္ဂလဓိဋ္ဌာန်နဲ့ ဆိုရင်တော့ ပုထုဇဉ် တွေမှာသာ စျန်လျှောနိုင်ပါတယ်။ ခုနပြောတဲ့ နံပါတ်(၃)၊ (၄)၊ (၅)၊ (၆) ရဟန္တာ တွေတော့ စျာန်လည်း မလျှော၊ အဘိညာဏ်လည်း မလျှောနိုင်ပါ။ မလျှောနိုင်ဘူး ဆိုတာက မလျှောအောင် အဆက်မပြတ် လေ့ကျင့်နေလို့ ဖြစ်ပါတယ်။ လေ့ကျင့်တယ် ဆိုတာကလည်း အပင်ပန်း၊ အဆင်းရဲခံပြီး တကူးတက လေ့ကျင့်နေရတာမျိုး မဟုတ်ပါ။  ရဟန္တာတွေမှာက ကာမဂုဏ် အာရုံကိစ္စ မရှိသဖြင့်  အားအားရှိရင် လုပ်စရာဆိုလို့ စျာန်ကိစ္စ၊ အဘိညာဉ်ကိစ္စပဲ ရှိတာမို့ဖြစ်ပါတယ်။

နံပါတ်(၁)ဖြစ်တဲ့ သုက္ခဝိပဿက ရဟန္တာဟာ ဝိပဿနာလမ်းကြောင်း သက်သက်နဲ့ အရဟတ္တဖိုလ်ဉာဏ် ရောက်သူ ဖြစ်ပါတယ်။ စျာန်မရပါ။ တကယ်လို့ အဲဒီရဟန္တာက သမထတရား အားထုတ်ပြီး စျာန်ရတယ် ဆိုပါတော့။ စျာန်ရအောင် အားထုတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါ။ အဲဒီထက် ပိုခက်တာက ရထားတဲ့စျာန်ကို ဝသီဘော်နိုင်အောင် လေ့ကျင့်ရတာ ဖြစ်ပါတယ်။ ဝသီဘော်နိုင်ဖို့ ခဲယဉ်းသလောက် အဲဒီစျာန် ပြန်လျှောဖို့ကျ သိပ်လွယ်ပါတယ်။  ဒါ့ကြောင့် ဒီရဟန္တာကတော့ စျာန်လျှောနိုင်တဲ့ ရဟန္တာဖြစ်ပါတယ်။ ဒီနံပါတ်(၁)အမျိုးအစား ရဟန္တာကို ရည်ရွယ်ပြီး  ရဟန္တာတောင် စျာန် လျှောရသေးတယ် ဆိုတဲ့စကား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အရပ်ထဲမှာ ပြောနေကြတဲ့ ရဟန္တာတောင် စျာန်လျှောရသေးတယ် ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်က ဒီလိုမဟုတ်ပါ။ ရဟန္တာကြီး ဖြစ်နေပါစေ၊ ကာမဂုဏ်အာရုံ (ဆန့်ကျင်ဘက်လိင်) နဲ့ တွေ့ပါက မခံနိုင်၊ သီလ၊ သမာဓိ၊ ပညာတွေ ပျက်စီးပြီး ပုထုဇဉ် ပြန်ဖြစ်သွားနိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောနေကြတာ ဖြစ်ပါတယ်။

အဲဒီလိုကတော့ လုံးလုံး မဖြစ်နိုင်ပါ။ ရဟန္တာက ပုထုဇဉ် ပြန်ဖြစ်ဖို့ မရှိသလို အနာဂါမ်လည်း ပြန်မဖြစ်နိုင်ပါ။ ဉာဏ်ဆိုတာက ပျက်စီးရိုး မရှိ။ လျှောကျရိုး မရှိပါ။  ဒါကိုရည်ရွယ်ပြီး တချို့က ရဟန္တာဆိုတာ စျာန်မလျှောနိုင်၊ ပုထုဇဉ်သာ စျာန်လျှောနိုင်တယ်လို့ ပြောတာ ဖြစ်ပါတယ်။

စျာန်နဲ့ ဉာဏ်ကို ရောရောပြီး ပြောကြသည့်အတွက် ငြင်းစရာ၊ ခုံစရာ ဖြစ်လာရပါတယ်။  သူ့နေရာနဲ့သူ ခွဲပြောရင် ရှင်းရှင်းလေး ဖြစ်ပါတယ်။  ဘာမှ ငြင်းစရာ မရှိပါ။ ပရမတ္ထ သဘာဝအနေနဲ့ ဉာဏ်က မပျက်စီးတတ်ဘူး၊ လျှောမကျတတ်ဘူး ဆိုပေမဲ့ အဆင့်အတန်းအလျှောက် ခြားနားမှုတော့ ရှိပါတယ်။ လောကုတ္တရာဉာဏ် ဖြစ်တဲ့ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တွေကတော့ ဘယ်တော့မှ မပျက်စီး နိုင်ပါ။ တစ်သံသရာလုံးအတွက် အာမခံချက်အပြည့် ရှိပါတယ်။ 

လောကီဉာဏ်ဖြစ်တဲ့ ဝိပဿနာဉာဏ် ကျတော့ တစ်ဘဝအတွက်သာ မပျက်နိုင်ပေမဲ့ ဘဝခြားရင် ပျက်စီး သွားနိုင်ပါတယ်။ အာမခံချက် မရှိပါ။  အဲဒါကြောင့် စူဠသောတာပန်ကို နှစ်ဘဝသာ အပါယ်ဘေးက လွတ်မြောက်ဖို့ အာမခံပြီး မဟာသောတာပန် ကျမှ အပါယ်ကနေ ထာဝရလွတ်မြောက်ဖို့ အာမခံနိုင်တာ ဖြစ်ပါတယ်။

ဝိပဿနာဉာဏ် ရထားပြီး တရား ဆက်အားမထုတ်ဘဲ နေတဲ့လူ သေရင် အပါယ် မကျပါ။ အကြောင်းမှာ ဝိပဿနာဉာဏ်က ပျက်မသွားဘဲ သေခါနီးမှာ အာသန္နကံ အနေနဲ့ သေချာပေါက် ပြန်ပေါ်လာမှာ ဖြစ်သောကြောင့် ဖြစ်ပါတယ်။

သမထအစွမ်းကြောင့် သမာဓိရပြီး ထူးထွေဆန်းပြားတဲ့ အာရုံတွေ မြင်တတ်ပါတယ်။ အဲလိုမြင်တာက ဝိပဿနာဉာဏ် မဟုတ်ပါ။ တကယ်လို့ အဲဒါတွေအပေါ် သာယာနေရင် ဝိပဿနာ၏ အနှောင့်အယှက်တောင် ဖြစ်ပါသေးတယ်။

ဝိပဿနာဉာဏ် ဆိုတာက ပရမတ္ထရုပ်၊ နာမ်တို့ရဲ့သဘောကို နားလည်သောကြောင့် သိထားပြီးတဲ့ တရားကို ဘယ်အချိန် ဆင်ခြင်ကြည့်ကြည့် အဲဒီအတိုင်း သိနေမှာပဲ ဖြစ်ပါတယ်။ ကိုယ့်အဖေအမည်ကို တရေးနိုး ထမေးတောင် ငေါက်ခနဲထပြီး ဒက်ခနဲ ဖြေနိုင်သလို ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း သမထ အာရုံတွေ ကျတော့ အဲလို မဟုတ်ပါ။ သမာဓိရအောင် အားထုတ်လို့ ရနေခိုက်မှာသာ မြင်တာ ဖြစ်ပါတယ်။ ဉာဏ်နဲ့ မြင်တာလည်း မဟုတ်ပါ။ ဝိပဿနာဉာဏ်နဲ့ ဝိပဿနာဉာဏ် မဟုတ်တဲ့ ဟာတွေကို ကွဲကွဲပြားပြား နားလည်တာကို မဂ္ဂင်ဉာဏ် ဒဿနဝိသုဒ္ဓိ ဟု ခေါ်ပါတယ်။

ဉာဏ်က ပျက်စီးခြင်း၊ လျှောကျခြင်း မရှိ။ စျာန်က ပျက်စီးဖို့ အရမ်းလွယ်ပါတယ်။ စျာန်တောင် မရောက်သေးတဲ့ သမထသမာဓိ အဆင့်လောက်ကတော့ ပျက်လွယ်၊ စီးလွယ် ဆိုတာ အထူးပြောနေဖို့တောင် မလိုဘူး မဟုတ်ပါလား။

ဓမ္မရတနာမဂ္ဂဇင်းမှဆောင်းပါးတစ်ပုဒ်ကို ဖြည့်စွက်ရေးသားပြီး ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

ဗုဒ္ဓဂယာဓမ္မဒါယာဒဆရာတော် ဒေါက်တာ အရှင်နန္ဒသာရ(မဇ္ဈိမဒေသ) ထံမှ  မျှဝေ ပူဇော်ပါသည်။

No comments