New Artical

"မြန်မာ့ ဘောလုံးအစ"

 

"မြန်မာ့ ဘောလုံးအစ"


လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကျော်က ဖြစ်ပါသည်။ ရန်ကုန်မြို့၏ ကျောင်းတကျောင်းမှ ကစားကွင်းထဲသို့ လူကောင် ခပ် သေးသေး စကော့လူမျိုး ဆရာတယောက် လျှောက်၀င်လာပြီး အိန္ဒိယ ရာဘာနှင့် ပြုလုပ်ထားသော အလုံးတလုံးကို အပူပိုင်းဒေသ၏ လေထု အတွင်း သို့ ကန်တင်လိုက်သည်။ ထိုနှစ်က ၁၈၇၈ ခုနှစ်ဖြစ်သည်။ ထိုဆရာ၏ အမည်က ဂျိမ်း ဂျော့စကော့ (J. George Scott) ဖြစ်ပြီး စကော့တလန်နိုင်ငံ Fife မှ တရားဟောဆရာ တဦး၏ သားဖြစ်သည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံသို့ ဘောလုံးအားကစားကို သူ ယူဆောင်လာခဲ့သည်။ သို့သော် ယခုအခါ တမျိုးသားလုံး အရူးအမူး စွဲလန်းသည့် အားကစားနည်းကို စတင်မိတ်ဆက်ပေးလိုက်သူသည် ဂျိမ်း ဂျော့စကော့ ဖြစ်ကြောင်း သိရှိသူ မြန်မာနိုင်ငံတွင် အလွန်နည်းပါလိမ့်မည်။

ဘာသာစကားများကို လေ့လာရာတွင်ပါရမီထူးချွန်သော ဂျိမ်း ဂျော့စကော့သည် သူ၏ ၀န်ထမ်းဘ၀၌ ကိုလိုနီနယ်များတွင် အုပ်ချုပ်ရေးမှူးအဖြစ် အများဆုံး တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူက လူကောင်သေးသော်လည်း စိတ်ဓာတ် မာကျောပြီး အကြောက်အရွံ့ကင်းသည်။ ထိုစဉ်က ဦးခေါင်းဖြတ်သူများ၏ သိကြသည့် ‘၀’လူရိုင်းများနှင့် တွေ့ရန်အတွက် တောင်တန်းများပေါ်သို့ တက်ခဲ့သည်။ ထိုစဉ်က နယ်နိမိတ် မရေးဆွဲရသေးသည့် တရုတ်-မြန်မာနယ်စပ်သို့ ခရီးသွားရင်း လူသားစား စပါးကြီးမြွေကြီးများနှင့် ရဲဝံ့စွာ ရင်ဆိုင်ခဲ့သည်။“ပျော့ပြီး ချော်ထွက်နေတဲ့ တစုံတရာပေါ်မှာ လျှောက်ခဲ့ရတယ်။ မီးခြစ် ခြစ်ကြည့်လိုက်တော့ တရုတ်တယောက် အလောင်းကိုတွေ့ရတယ်” ဟု သူ၏ တောတွင်း နေ့စဉ်မှတ်တမ်းတွင် ဂျိမ်း ဂျော့စကော့က ရေးသားခဲ့သည်။

ဂျိမ်း ဂျော့စကော့အတွက် ဘောလုံးအားကစားက ဝါသနာတခုသာမဟုတ် ဗြိတိန် အင်ပါယာတည်ဆောက်ရေး အတွက် အသုံး၀င်သည့် ကိရိယာတခုဖြစ်သည်။ သန့်ရှင်းစွာ ကစားခြင်းနှင့် အာဏာပိုင်များကို လေးစားတတ်ရန် အတွေးအခေါ်များ ဖြန့်ဖြူးပေးသည့် နည်းလမ်းတခုလည်း ဖြစ်ပါသည်။ အလွန်အကျွံ စိတ်၀င်စားခြင်းနှင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု များကြောင့် ၀ လူမျိုးများအား ဘောလုံးကစားနည်းသင်ကြားပေးခြင်းကို ရပ်တန့်ခဲ့သော်လည်း လူမျိုးစု ခေါင်းဆောင်များ ၏ နောက်လိုက်နောက်ပါများ အတွင်းတွင် ဘောလုံးပွဲများ စီစဉ်ပေးခဲ့သည်။ မြန်မာများနှင့် လည်း ပြင်းထန်သည့် ပြိုင်ပွဲ များ ယှဉ်ပြိုင်ခဲ့သည်။ ဘောလုံးသည် တိုက်ပွဲနှင့် တူသည့်အတွက် မြန်မာများက နှစ်ခြိုက်ကြသည်ဟု ဂျိမ်း ဂျော့စကော့က မှတ်ချက်ပြုခဲ့သည်။

အမှန်တကယ်အားဖြင့် ကိုလိုနီခေတ် မြန်မာနိုင်ငံ၌ အဆင့်မီ ဘောလုံးကွင်းများ မရှိခဲ့ပါ။ သစ်၊ ကျောက်မျက်ရတနာ နှင့် တွင်းထွက်များက ဗြိတိန်နိုင်ငံ၏ ဘဏ္ဍာတိုက်ကို ဖြည့်ပေးခဲ့သော်လည်း မြန်မာအများစု၏ ဘ၀မှာ နိမ့်ကျပါသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံအတွက် ရွှေခေတ်ဟု ခေါ်နိုင်သည့် ကာလ တခု ရရှိခဲ့သည်။ အမျိုးသားလက်ရွေးစင် အသင်းက အာရှ၏ အကောင်းဆုံးအသင်းများထဲတွင် စာရင်း၀င်ခဲ့သလို ယဉ်ကျေးမှုနှင့် သယံဇာတ အရင်းအမြစ် ကြွယ်၀သည့် နိုင်ငံအတွက် စီးပွားရေး အလားအလာများလည်း ကျယ်ပြန့်စွာ ရှိခဲ့သည်။

ဂျိမ်းဂျော့စကော့ကိုတော့ တောဆောင်းဦးထုပ်များ၊ အမဲလိုက်ပွဲများနှင့်အတူ ကြာမြင့်စွာ မေ့လျော့ ထားခဲ့ကြသည်။ သို့ သော်လည်း ဝိတိုရိယခေတ်က သူစတင်မိတ်ဆက်ပေးခဲ့သော အားကစားနည်းကတော့ မြန်မာပြည်သူတွေကို ကျယ်ပြန့် သော ကမ္ဘာနှင့် ဆက်သွယ်ပေးနိုင်ဆဲဖြစ်ပါသည်။

Credit

No comments