New Artical

ရေသူမဆိုတာ တကယ်ရှိသလား


ရေသူမဆိုတာ တကယ်ရှိသလား

ရေသူမဘဝကို အကုသိုလ်အလျောက် ရောက်လာသူသည် ရေသူမဘဝ ကွယ်လွန်တဲ့အခါ လူ့ဘဝမိန်းကလေးဘဝကိုပဲ ပြန်ရောက်ရပါတယ်။

 

ရေသူမဆိုတာ တကယ်ရှိသလား မေးလျှင် ရေသူမဆိုတာ တကယ်ရှိတယ်လို့ ဖြေချင်ပါတယ်။ ရေသူမကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား နှစ်ကားလောက်လည်း ကြည့်ဖူးပါတယ်။ ရေသူမကို ကိုယ်တိုင်တွေ့ဖူးပါတယ်လို့ နိုင်ငံတော်အကြီးအကဲဟောင်းတစ်ယောက်ပြောတာ မှတ်သားဖူးပါတယ်။ သူက မုတ္တမပင်လယ်ထဲသွားရင်း ကျောက်ဆောင် ပေါ်မှာ ထိုင်နေတဲ့ ရေသူမကို တွေ့ခဲ့ဖူးတဲ့အကြောင်း ကျွန်တော့်ကိုလွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပြောခဲ့ဖူးပါတယ်။

ရေသူမက ရုပ်ရှင်ထဲမှာပါတဲ့အတိုင်း အပေါ် ပိုင်းက မိန်းကလေးခန္ဓာကိုယ်၊ အောက်ပိုင်းက ငါးရဲ့ ခန္ဓာကိုယ်နဲ့တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းမှာ လည်း ကျောက်ဆောင်ပေါ်မှာ ရေသူမရုပ် ထုလုပ် ထားတာ သတင်းဂျာနယ်ထဲမှာ တွေ့ဖူးပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ပထမပတ်က သံတွဲမှ အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦး ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူက ရန်ကုန်ကို ဆေးကုသဖို့ရောက်နေတာ တစ်ပတ်လောက်ရှိပြီ ပြောပါတယ်။ သူ့ရဲ့ရောဂါက ဝမ်းဗိုက်ထဲမှာ တစ်ခုခုရှိနေသယောင် ရင်ပြည့်ပြီး အနေရ အထိုင်ရ ခက်တယ်။ ဝမ်းလည်း ချုပ်တယ်။ ငါးရက်မှတစ်ခါ လောက်ပဲ သွားတယ်။ ဒီဝေဒနာခံစားနေရတာ ၁၂ နှစ်လောက်ရှိပြီ သံတွဲမှာ ဆရာဝန်နဲ့ရော တိုင်းရင်းဆေးနဲ့ပါကုသတာ မပျောက်ကင်းဘူး။ ဆရာလည်း တော်တော်စုံနေပြီ။ ရန်ကုန်ဆင်းကုလျှင် ပျောက်မလားဆိုပြီး လာရောက်ကုသခြင်း ဖြစ်ပါတယ်။ သူ့ရောဂါက မသက်သာဘဲဖြစ်နေပါတယ်။ သံတွဲက သူ့သူငယ်ချင်းက ကျွန်တော့်ဆီ သွားပြကြည့်ပါ ညွှန်၍ရောက်လာခြင်းဖြစ်ကြောင်း ပြောပါတယ်။ ကျွန်တော်ပုဂ္ဂိုလ်ရဲ့ အကူအညီနဲ့ အာရုံယူကြည့်တော့ သူ့ရောဂါဝေဒနာက သွေးရိုးသားရိုး ရောဂါမဟုတ်ဘဲ ပရလောကမှ တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် ဝေဒနာခံစားနေရကြောင်း သိရပါတယ်။

သူ့ဝမ်းဗိုက်ထဲက ပြုစားထားတဲ့ ပုဂ္ဂိုလ်ကို အပြင်ထွက်ခိုင်းတော့ အရိပ်မည်းသဏ္ဌာန် ငါးခု တွေ့ ရပါတယ်။ စုန်းလား၊ အောက်လမ်းလား၊ နတ် အနှောင့်အယှက်လားဆိုတာ ကွဲကွဲပြားပြား မသိရပါဘူး။ ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ အဲဒီ အရိပ်မည်းမည်း သဏ္ဌာန်ငါးခုကို ရှင်းပစ်လိုက်သော်လည်း သူ့မှာ ရင်ခေါင်းထဲက ဝေဒနာပျောက်ကင်း မသွားပါဘူး။ ယခု ကျွန်တော့်အတွေ့အကြုံအရ ဝင်ရောက်ပူးကပ် နှောင့်ယှက်နေတဲ့ ပရလောကမှ ပုဂ္ဂိုလ်ရှိတယ်ဆိုလျှင် ချက်ချင်းသက်သာသွားတာ အကြိမ်ကြိမ် တွေ့ခဲ့ရဖူးပါတယ်။ သူက ဝမ်းလည်း ချုပ်တယ်ဆိုတော့ ဝမ်းမသွားလို့ ရင်ပြည့်တာလားလို့လဲ သံသယဝင်မိပါတယ်။ သူပြန်သွားပါတယ်။ ကျွန်တော်က နောက်တစ်ရက် မသက်သာလျှင် ကျွန်တော့်ဆီ ဖုန်းပြန်ဆက်ဖို့ မှာလိုက်ပါတယ်။ နောက်တစ်ရက် ကျွန်တော့်ဆီဖုန်းဆက်ပါတယ်။ သူ မသက်သာတဲ့အကြောင်းပြောပါတယ်။ ကျွန်တော်က ကျွန်တော့်ဆီ ထပ်လာဖို့ ပြောလိုက်ပါတယ်။ နာရီဝက်လောက်နေတော့ ကျွန်တော့်ဆီ ဖုန်းပြန်ဆက်လာပါတယ်။ သူ ကျွန်တော့်ဆီ မလာနိုင်တော့တဲ့အကြောင်း ဆေးခန်းသွားတော့မည့်အကြောင်း ပြောပါတယ်။ နောက်တစ်နေ့ နံနက် ၁၀ နာရီ လောက် ကျွန်တော့်ဆီ ရောက်လာပါတယ်။ သူ သံတွဲကို ပြန်တော့မည့်အကြောင်းလာရောက် နှုတ်ဆက်တဲ့အကြောင်း၊ ရောဂါလည်း မသက်သာတဲ့ အကြောင်း ပြောပါတယ်။

ကျွန်တော် သူ့ကို ထပ်မံအာရုံပြုပြီး ကျွန်တော့်ကို ဗေဒင်ကူဟောပေးတဲ့ တန်ခိုးရှင်ကြီးအား မေးကြည့်တော့ ရေသူမ လို့ပြောပါတယ်။ ကျွန်တော်လည်း ကြားရတဲ့စကား မယုံသင်္ကာဖြစ်နေစဉ်မှာ ကျွန်တော်မြင်ရတာက မျောက်မျက်နှာ မျောက်ရဲ့ ဦးခေါင်းနဲ့တူတယ်။ အရပ်သုံးပေလောက် ရှိမယ်။ ငါးခန္ဓာကိုယ်နဲ့ သတ္တဝါကိုတွေ့ရပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်ထဲတွေ့ရတဲ့ ရေသူမက အပေါ်ပိုင်းက လူမိန်းကလေးပုံသဏ္ဌာန်၊ အောက်ပိုင်းငါး ခန္ဓာကိုယ်။ ယခုတွေ့ရတဲ့ ရေသူမက ဦးခေါင်းက မျောက်ဦးခေါင်းနဲ့၊ ဦးခေါင်းအောက်ပိုင်းက ငါးရဲ့ ခန္ဓာကိုယ် ဖြစ်ပါတယ်။ ဒီရေသူမက နာမ်လောကမှ သတ္တဝါ ဖြစ်ပါတယ်။ နာမ်လောကမှ သတ္တဝါတွေဖြစ်တဲ့ နဂါးတို့၊ ဂဠုန်တို့၊ နတ်မြင်း၊ နတ်မြွေ၊ နတ်မိကျောင်းလို နာမ်လောကမှ သတ္တဝါဖြစ်ပါတယ်။

ကျွန်ုပ်။ ။ ညည်းက ရေသူမဆိုတာ ဟုတ်သလား။
ရေသူမ။ ။ ဟုတ်ပါတယ်။
ကျွန်ုပ်။ ။ ညည်းက သူ့ခန္ဓာကိုယ်ထဲရောက်နေတာ ဘယ်လောက်ကြာပြီလဲ။ ဘာကြောင့်သူ့ကို ဒုက္ခပေးနေတာလဲ။
ရေသူမ။ ။ ၁၂ နှစ်ရှိပါပြီ။ ဒီအစ်ကိုနဲ့ ကျွန်မနဲ့က လူ့ဘဝတုန်းက အကြင်လင်မယားပါ။ မိန်းမယူမှာစိုးလို့ လာပြီးနေတာပါ။ သူ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကြိုက်ဖူးပါတယ်။ ကျွန်မ နှောင့်ယှက်လို့ ပျက်သွားပါပြီ။

ကျွန်တော်က လူငယ်ကို မင်းမိန်းကလေး တစ်ယောက်နဲ့ ချစ်ကြိုက်ဖူးသလား မေးတော့ ဟုတ်ပါတယ်။ ပျက်သွားပါပြီ ပြောပါတယ်။

ကျွန်ုပ်။ ။ ဦးက ရေသူမရှိတယ်ဆိုတာ သိပ်မယုံဘူး။ ယခု ရေသူမနဲ့ ကိုယ်တိုင်တွေ့တော့ မေး ပါရစေဦး။ ညည်းက လူယောင်ဖန်ဆင်းနိုင်သလား။ ဟိုနေ့ကတွေ့တော့ ဒီသူငယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ အရိပ်မည်း ငါးခုတွေ့တယ်။ အဲဒါဘယ်သူလဲ။
ရေသူမ။ ။ ကျွန်မတို့က လူယောင်ဖန်ဆင်းနိုင်ပါတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းသာ မိန်းကလေးအသွင် ဖန်ဆင်းနိုင်ပြီး အောက်ပိုင်းကတော့ ငါးရဲ့ခန္ဓာကိုယ်နဲ့ပဲ ဖန်ဆင်းနိုင်ပါတယ်။ ခန္ဓာကိုယ်ကလည်း ကိုယ်ပွားခန္ဓာကိုယ် ငါးမျိုးအထိ ကိုယ်ပွားပြီး ဖန်ဆင်းနိုင်ပါတယ်။
ကျွန်ုပ်။ ။ ဦး မြင်ရတာက မျောက်ဦးခေါင်းနဲ့ တွေ့ရာမှာ ဆံပင်အရှည်တော့ မပါပါဘူး။ မိန်းကလေးအသွင် ဖန်ဆင်းတော့ ဆံပင်အရှည်နဲ့လား။
ရေသူမ။ ။ ဆံပင်ရှည်နဲ့ပါ။ အတော်အသင့်လှတဲ့ ရုပ်သွင်နဲ့ ဖန်ဆင်းနိုင်ပါတယ်။ ကျွန်မတို့ အနေများတာက ရေကြည်တဲ့နေရာ ကျောက်ဆောင် အကြိုအကြားမှာ နေကြပါတယ်။
ကျွန်ုပ်။ ။ ဦးက ညည်းကို မေတ္တာရပ်ခံချင်ပါတယ်။ ညည်းရဲ့ အတိတ်က ခင်ပွန်းကို ဆက်ပြီး ဒုက္ခမပေးစေချင်ဘူး။
ရေသူမ။ ။ သူက မိန်းမ မယူပါဘူးလို့ ကတိပေးလျှင် ကျွန်မ၊ မနှောင့်ယှက်တော့ပါဘူး။
ကျွန်တော်က လူငယ်ကို မင်းရဲ့အတိတ်ဘဝက မိန်းမက ယခုရေသူမဖြစ်ပြီး မင်းကိုနှောင့်ယှက်နေတယ်။ မင်းက မိန်းမယူပါဘူးဆိုရင်တော့ သူက မနှောင့်ယှက်တော့ပါဘူးလို့ ပြောနေတယ်။ အဲဒါ မင်း သူတောင်းတဲ့ ကတိပေးနိုင်မလား မေးတော့ သူငယ်က မိန်းမ မယူပါဘူးလို့ ကတိမပေးပါဘူး။ သူရဲ့ ရောဂါ ပျောက်ကင်းချင်တဲ့အကြောင်းပဲ ပြောပါတယ်။

ကျွန်တော် လူငယ်ရဲ့ရောဂါကို ပျောက်စေချင်ရင် ဒီရေသူမကို ရှင်းပစ်မှရပါမယ်။ ရေသူမ ဘဝပြောင်းလျှင် ကောင်းရာသုဂတိသို့ရောက်နိုင်မည် ယူဆပြီး ရေသူမလေးကို ရှင်းပစ်လိုက်ပါတယ်။ အဲဒီလို ရှင်းပြီးလို့ သူ့ရဲ့ခံစားနေရတဲ့ ဝေဒနာသက်သာရဲ့လား မေးတော့ မသက်သာသေးကြောင်း ဝမ်းမသွား၍လည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်။ ကျွန်တော် ရေသူမလေးကို ရှင်းပစ်တာ မအောင်မြင်လို့ဘဲလား ကျွန်တော်ပုဂ္ဂိုလ် မေးကြည့်တော့ ရေသူမ မရှိတော့ဘူးလို့တော့ ပြောပါတယ်။ ရေသူမက ခန္ဓာကိုယ်က ငါးမျိုးအထိ ပွားနိုင်တယ်ဆိုတော့ ကျွန်တော် ရှင်းတာက ခန္ဓာကိုယ်တစ်ခုတည်းရှင်းတာဆိုတော့ ခန္ဓာကိုယ်လေးခု ကျန်နေသေးတာလည်း ဖြစ်နိုင်ပါတယ်။ ယခု စာရေးတဲ့အထိတော့ ကျွန်တော့်ဆီ ဘာအကျိုးအကြာင်းမှ ပြန်မလာသေးပါဘူး။

၁၄-၁၀-၂၀၁၇ ရက်မှာ ရေသူမအကြောင်း ပြည့်ပြည့်စုံစုံသိချင်တာနဲ့ ကျွန်တော့်ကို ဗေဒင်ကူညီဟောပေးနေတဲ့ နီညိုရောင် သင်္ကန်းနဲ့ တန်ခိုးရှင်ကြီးကို မေးလျှောက်ကြည့်ပါတယ်။

တန်ခိုးရှင်ကြီး။ ။ ရေသူမဆိုတာ နာမ်လောကမှ သတ္တဝါတစ်ဦးဖြစ်တယ်။ ရေသူမဆို ပေမယ့် သူက ကျားရယ်၊ မရယ်မရှိဘူး။ ကာမဂုဏ် ခံစားမှုလည်း မရှိဘူး။ သက်တမ်းက လူ့သက်တမ်းနဲ့ဆိုလျှင် ၄၅ နှစ်အထိ ရှည်တယ်။ အစာအာဟာရအနေနဲ့ အစိမ်းရောင် ရေခဲမုန့်နဲ့တူတဲ့ အာဟာရကို တစ်ရက်လျှင် သုံးကြိမ်စားတယ်။ အလိုရှိတဲ့အခါမှာ ရေထဲမှာ အလိုလိုပေါ်လာတယ်။ လူယောင်ဖန်ဆင်းလို့ရတယ်။ ခန္ဓာကိုယ်အထက်ပိုင်းက မိန်းကလေး ရုပ်သွင်နဲ့ အောက်ပိုင်းကတော့ ငါးရဲ့ခန္ဓာကိုယ်နဲ့ ဖန်ဆင်းနိုင်တယ်။ ဒါပေမဲ့ ရေထဲကနေ ထွက်သွားလို့မရဘူး သုံးရက်အထိ ဖန်ဆင်းနိုင်တယ်။ လူယောင်မဖန်ဆင်းဘဲ ဆိုလျှင်တော့ လိုရာသွားလို့ရတယ်။ လူယောင်ဖန်ဆင်းထားလျှင် လူနဲ့ စကားပြောလို့ရတယ်။
ကျွန်ုပ်။ ။ လူယောင်ဖန်ဆင်းတာက ဘယ်လို အခြေအနေမျိုးမှာ လူယောင်ဖန်ဆင်းတတ်ပါသလဲ။
တန်ခိုးရှင်ကြီး။ ။ လူတွေကို သရော်လှောင်ပြောင်ချင်တဲ့အခါ လူယောင်ဖန်ဆင်းတတ်ပါတယ်။
ကျွန်ုပ်။ ။ ရုပ်ရှင်ထဲမှာ လူသားယောကျာ်းလေးနဲ့ ရေသူမလေးချစ်ခင်ကြတာ ကြည့်ရဖူးပါ တယ်။ လူသားယောကျာ်းလေးကို သရော်လှောင် ပြောင်ချင်လို့ပါလား။
တန်ခိုးရှင်ကြီး။ ။ ရေသူမဖြစ်ရတဲ့အကြောင်းကိုက လူ့သားဘဝတုန်းက ယောကျာ်းလေးတွေကို တကယ်မချစ်ဘဲနဲ့ ချစ်ဟန်ဆောင်ပြီး ချစ်ခဲ့တဲ့၊ ယောကျာ်းလေးက တစ်ယောက်မက များခဲ့တာကြောင့် သေလွန်တဲ့အခါ ရေသူမဘဝရောက်ရခြင်း ဖြစ်ပါတယ်။ ရေသူမဘဝ ရောက်တော့လည်း ဒီ အကျင့်က ပါလာတာဖြစ်တယ်။
ကျွန်ုပ်။ ။ ရေသူမလေးတွေက အုပ်စုဖွဲ့ပြီး နေကြတာလား။
တန်ခိုးရှင်ကြီး။ ။ ရေသူမဆိုတဲ့ နာမ်လောကရဲ့ သတ္တဝါက အလွန်ရှားပါတယ်။ တစ်ဦးချင်းပဲ နေကြပါတယ်။
ကျွန်ုပ်။ ။ သူတို့က ဘယ်လိုဖြစ်တည်ပြီး ဘယ်လိုဘဝနိဂုံးချုပ်ပါသလဲ။
တန်ခိုးရှင်ကြီး။ ။ နာမ်လောက နာမ်ရုပ်ရှိတဲ့ သတ္တဝါတို့ရဲ့ သဘောသဘာဝအတိုင်း ရုတ်တရက် ပေါ်လာပြီး ရုတ်တရက်သေဆုံးခြင်း၊ ဘဝပျောက်ကွယ်ပြီး ဘဝပြောင်းခြင်းဖြစ်ကြရပါတယ်။ ရေသူမနဲ့ ပတ်သက်ပြီး အချက်သုံးချက်ပြောစရာရှိသေးတယ်။
– ရေသူမဘဝကို အကုသိုလ်အလျောက် ရောက်လာသူသည် ရေသူမဘဝ ကွယ်လွန်တဲ့အခါ လူ့ဘဝမိန်းကလေးဘဝကိုပဲ ပြန်ရောက်ရပါတယ်။
– ရေသူမလေးတွေဟာ ရေထဲကျောက်ဆောင်အကြိုအကြားမှာ နေတတ်ကြတယ်။ လူတွေ ကျောက်ဆောင်တွေအနီး ဖြတ်သွားဖြတ်လာပြုတဲ့အခါ ကျောက်ဆောင်ပေါ်ထိုင်ပြီး မိန်းကလေးအသွင် ဆောင်နေတတ်ပါတယ်။ လူတွေအနီးအနား ကပ်လာလျှင်တော့ ရေထဲငုပ်ဆင်းသွားတတ်ပါတယ်။
– ရေသူမတွေက ပင်လယ်ထဲ ရေကြည်ရေသန့်တဲ့နေရာမှာ နေကြတယ်။ ပင်လယ်ထဲကို မသန့်တဲ့ရေတွေ ဝင်လာလျှင် ရေကြည်ရေသန့်ရှိတဲ့နေရာကို ပြောင်းပြေးကြတယ်။
ကျွန်ုပ်။ ။ ရေသူမတွေက လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ နှစ်ရှည်လများ နေလို့ရသလား။
တန်ခိုးရှင်ကြီး။ ။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ၁၅ နှစ်အထိ နေလို့ရပါတယ်။ အဲဒီလူ ကို ချုပ်ကိုင်ချင်လို့ ဝင်လာတာဖြစ်တယ်။
ကျွန်ုပ်။ ။ ရေသူမတွေကို အုပ်ချုပ်တဲ့နာမ် လောကမှ ပုဂ္ဂိုလ်ရှိပါသလား။
တန်ခိုးရှင်ကြီး။ ။ ရှိပါတယ်။ အစိမ်းရောင် နတ်ကြီးတစ်ပါးက အုပ်ချုပ်ပါတယ်။ လူတွေကို သရော်လှောင်ပြောင်တာများလာလျှင် ရိုက်နှက်ဆုံးမလေ့ရှိပါတယ်။ ရေသူမက ခန္ဓာကိုယ်ငါးခုအထိ ပွားပြီး ဖန်ဆင်းနိုင်သော်လည်း အဲဒီလို ခန္ဓာကိုယ်ပွားတာ အလွန်နည်းပါတယ်။ ရန်သူနဲ့တွေ့တဲ့အခါမှသာ ပွားလေ့ရှိပါတယ်။

သတ္တဝါများကျန်းမာချမ်းသာကြပါစေ။

ဆရာဝင်း(သာကီနွယ်)

Credit:

No comments