New Artical

Blue Ocean Strategy (သို့မဟုတ်) ပြိုင်ဖို့မလိုတဲ့ဗျူဟာ


စီးပွားရေးပြိုင်ဖက်တွေနဲ့ တိုက်ရိုက်ယှဉ်ပြိုင်ပြီး စီးပွားရေးလုပ်ကိုင်ဖို့ မလိုတဲ့ ဗျူဟာကို Blue Ocean Strategy လို့ ခေါ်ပါတယ်။ ဒီဗျူဟာအရ စီးပွားရေးအောင်မြင်ဖို့အတွက် ယှဉ်ပြိင်သူမရှိသေးဘဲ အမြတ်အစွန်းလည်းများနိုင်တဲ့ ဈေးကွက်အသစ်တစ်ခုကို ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။

ဒီဗျူဟာကို W. Chan Kim နဲ့ Renee Mauborgne ဆိုတဲ့ ပညာရှင်နှစ်ဦးက ဖော်ထုတ်ထားတာဖြစ်ပြီး လက်ရှိ ရှိနေတဲ့ ဈေးကွက်တွေကို စိန်ခေါ်နိုင်တဲ့ ဗျူဟာကျကျအတွေးအခေါ်တစ်ရပ်ကို မွေးမြူခြင်းအဖြစ် နားလည်နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ကြတဲ့နေရာမှာ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်လုပ်ကိုင်ကြတာ သဘာဝဆိုပေမယ့် ဒီဗျူဟာအရ ပြိုင်စရာမလိုတဲ့ ဈေးကွက်နေရာလွတ်တွေကို ရှာဖွေဖော်ထုတ်ပြီး မြှင့်တင်ရမှာဖြစ်ပါတယ်။ ဒီသီဝရီအရ ယှဉ်ပြိုင်မှုတွေကို Red Oceans နဲ့ Blue Oceans ဆိုတဲ့ အမျိုးအစား(၂)မျိုးအဖြစ် သရုပ်ခွဲကြည့်ပါတယ်။

လက်ရှိကာလမှာ စီးပွားရေးလုပ်ငန်းအများစုဟာ Red Oceans ပြိုင်ဆိုင်ပုံမျိုးနဲ့ ပြိုင်ဆိုင်နေကြတာဖြစ်ပါတယ်။ Red Oceans (ပင်လယ်နီ)ဆိုတာကတော့ ပင်လယ်ပြင်မှာ ရေသတ္တဝါတွေဟာ အစားတစ်လုပ်အတွက် သွေးသံရဲရဲ ယှဉ်ပြိုင်တိုက်ခိုက်နေကြတဲ့အတွက် သွေးချင်းချင်းနီနေတာကို တင်စားပြီး စကားဥပမာပေးထားတာ ဖြစ်ပါတယ်။ သူများ မုန့်ဟင်းခါးရောင်းကောင်းလို့ ကိုယ်လည်း မုန့်ဟင်းခါးဆိုင်ဖွင့်ပြီး စားသုံးသူကို ယှဉ်လုတာဟာ Red Ocean Strategy ပါပဲ။ စားသုံးသူဦးရေ၊ ပတ်ဝန်းကျင်အနေအထားနဲ့ ချက်နည်းပြုတ်နည်းစတဲ့ လုပ်ငန်းနဲ့ဆိုင်တဲ့ ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေကလည်း ရှိပြီးဖြစ်တဲ့အတွက် ဒီလိုယှဉ်ပြိုင်မှုမျိုးက ရေရှည်မှာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတာ သိသာပါတယ်။

အဲဒီ Red Ocean နဲ့ ဆန့်ကျင်ဘက်ကတော့ Blue Ocean ပါပဲ။ ဒီဗျူဟာအရ ရှိပြီးသားဈေးကွက်အကန့်အသတ်တွေကြားမှာ စားသုံးသူကို ပြိုင်လုတာမျိုးမလုပ်တော့ဘဲ စားသုံးသူလူတန်းစားအသစ်တစ်ရပ် ဖန်တီးပြီး ဈေးကွက်သစ်ကို ဖော်ဆောင်ပါတယ်။ ဘယ်သူနဲ့မှ ပြိုင်စရာမလိုအောင် အစကတည်းက ကိုယ့်ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုကို တစ်မူထူးခြားအောင် ပြင်ဆင်ထားပါတယ်။ ဒီဗျူဟာရဲ့ ဦးတည်ချက်ကတော့ ရှင်းပါတယ်။ ကိုယ်ဖန်တီးတဲ့ ကိုယ်ပိုင်ဈေးကွက်မှာ ဘယ်သူမှ ဝင်မလာနိုင်ဖို့နဲ့ ကိုယ်ကပဲ လက်ဝါးကြီးအုပ်ထားနိုင်ဖို့ ဖြစ်ပါတယ်။ ဒါမှသာလျှင် မိမိကြိုက်ဈေးကို သတ်မှတ်နိုင်ပြီး အကျိုးအမြတ်များများရရှိမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် မိမိကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုဟာ သူများတွေနဲ့ အပြတ်အသတ် သာလွန်ကောင်းမွန်နေဖို့တော့ လိုအပ်ပါတယ်။

တန်ဖိုးဖန်တီးခြင်း (Value Creation)

တန်ဖိုးတစ်ရပ်ကို လိုချင်ရင် ကုန်ပစ္စည်းရဲ့ အသုံးဝင်မှုဆိုတဲ့ ဂုဏ်အရည်အသွေးထဲမှာ အဲဒီကုန်အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ သူ့အတွက်သတ်မှတ်တဲ့ ဈေးနှုန်းတို့ကို ထပ်ပေါင်းထည့်ပေးရပါတယ်။

Value = Utility of the Product + its cost + its price

ပြိုင်ဆိုင်နေကြတဲ့ လုပ်ငန်းအတော်များများဟာ ပစ္စည်းရဲ့ ထုတ်လုပ်မှုစရိတ်ကို လိုသလို အတိုးအလျှော့လုပ်ပြီး ဈေးကွက်ထဲမှာ ပြိုင်ရောင်းပါတယ်။ အချို့လုပ်ငန်းရှင်တွေကတော့ စားသုံးသူရွေးစရာ ဒီဇိုင်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖန်တီးပြီး ပြိုင်ဆိုင်ကြပါတယ်။ Blue Ocean ဗျူဟာမှာတော့ နှစ်ခုလုံးကို အသုံးပြုရမှာ ဖြစ်ပါတယ်။ သူများနဲ့မတူတဲ့ ဈေးနှုန်း၊ သူများနဲ့မတူတဲ့ ထုတ်ကုန်ဒီဇိုင်းကို ထုတ်ပြီး စားသုံးသူကို ဈေးကွက်အသစ်တစ်ခုထဲကို ဆွဲခေါ်သွားနိုင်တဲ့ ထုတ်ကုန်မျိုးဖြစ်ဖို့ လိုပါတယ်။  

ကုန်ပစ္စည်းရဲ့ အသုံးဝင်တဲ့ အတိုင်းအတာထက် အများကြီး ပိုပေးချင်အောင်လုပ်ရမှာပါ။ ဒီအခါမှာ ပစ္စည်းထုတ်လုပ်ရတဲ့ အမှန်တကယ်ကုန်ကျစရိတ်ထက် အများကြီးပိုတဲ့ တန်ဖိုးတစ်ခုကို ဖန်တီးနိုင်လာမှာ ဖြစ်ပါတယ်။

Blue Ocean ဗျူဟာက အောက်ပါ သဘောတရား(၄)ရပ်ကို အမှီပြုထားပါတယ် –

၁။ လက်ရှိဈေးကွက်အနေအထားတွေကို စိန်ခေါ်တယ်။

ဈေးကွက်ကို ကိုယ့်ဟာကို ပြန်သတ်မှတ်တယ်။ ဈေးကွက်သစ်နဲ့ စားသုံးသူအသစ်တွေကို ဖော်ထုတ်ပြီး ဖန်တီးတယ်။ Blue Ocean (ပင်လယ်ပြာ)ဆိုတာ ဈေးကွက်ဝယ်လိုအားကို ဘယ်သူကမှ ဖြည့်ဆည်းမပေးရသေးတဲ့ နေရာတစ်ရပ်ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်မရှိသေးတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဗျူဟာရဲ့ ပန်းတိုင်ကတော့ အဲဒီဝယ်လိုအား အမှန်တကယ်တည်ရှိလာအောင် လုပ်ပေးဖို့ပါ။

၂။ ဝန်းကျင်တစ်ခုလုံးကို အာရုံစိုက်တယ်။

ဘာအရေးကြီးတာလဲ၊ ဘာလိုအပ်နေတာလဲဆိုတဲ့ သင့်ပန်းတိုင်တွေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားပါ။

၃။ ဆုံးရှုံးနိုင်ခြေကို နည်းအောင်လုပ်တယ်။

လက်ရှိလုပ်ငန်းကဏ္ဍထဲက စံချိန်စံနှုန်းတွေကို လေ့လာစိစစ်ပါ။ ပြီးတော့ အောက်ပါအချက်တွေကို လုပ်ပေးနိုင်သလားဆိုတာ စဉ်းစားပါ –

  • မလိုတာတွေကို ရှင်းပစ်နိုင်မလား။
  • စံချိန်စံညွှန်းမြင့်မြင့်မားမားနဲ့ ထုတ်လုပ်စရာမလိုတာတွေကို လျှော့ချနိုင်မလား။
  • ပိုကောင်းအောင် ထုတ်လုပ်ရမယ့်ဟာတွေကို အဆင့်မြှင့်တင်နိုင်မလား။
  • တစ်ခါမှ မထုတ်ရသေးတာတွေကို ဖန်တီးနိုင်မလား။

၄။ ထုတ်လုပ်ဖြန့်ဖြူးဖို့ ဂရုတစိုက် အစီအစဉ်ဆွဲတယ်။

အခက်အခဲတွေကို ကျော်လွှားဖို့ပြင်ဆင်ရမှာဖြစ်ပါတယ်။ လိုအပ်တဲ့ အရင်းအမြစ်တွေ လိုသလောက်ရနေဖို့၊ သင့်အတွက် ကြေညာမောင်းခတ်ပေးမယ့် ကျော်ကြားသူတွေအပါအဝင် သင့်ဘက်က လူ့စွမ်းအားအရင်းအမြစ်တွေရဲ့ ပံ့ပိုးမှုကိုစဉ်ဆက်မပြတ်ရရှိနေအောင် စီစဉ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 

BusyBook

No comments