New Artical

လုပ်ငန်းစီမံချက် (Business Plan) တစ်ရပ်မှာ ပါဝင်ရမယ့် အချက်များ


 လုပ်ငန်းစီမံချက် (Business Plan) တစ်ရပ်မှာ ပါဝင်ရမယ့် အချက်များ

စွန့်ဦးတီထွင်သမားတွေ၊ အသေးစားလုပ်ငန်းရှင်တွေ အတော်များများကို လိုက်လေ့လာကြည့်လိုက်ရင် လုပ်ငန်းစီမံချက် (Business Plan) မရှိဘဲ လုပ်ငန်းစတင်ခဲ့ကြတာကို တွေ့ရပါလိမ့်မယ်။ တကယ်တော့ Business Plan ဆိုတာ ကိုယ့်လုပ်ငန်းနဲ့ ဆက်စပ်အခင်းအကျင်းတွေကို ကိုယ်ဘယ်လောက်ထိ ကျေကျေညက်ညက် သဘောပေါက်ထားပြီလဲ၊ ဘယ်လောက်လေ့လာဆန်းစစ်ထားပြီးပြီလဲ ဆိုတာကို ပြသတဲ့ စာတမ်းတစ်ရပ် ဖြစ်ပါတယ်။ 

လုပ်ငန်းရှင်ဟာ Business Plan ကို ရေးဆွဲတဲ့အခါ မိမိရရှိထားတဲ့ စီးပွားရေးအိုင်ဒီယာနဲ့ မိမိရဲ့ နောက်ခံ အရင်းအနှီးမတည်နိုင်မှုအခြေအနေရဲ့ အားနည်းချက်၊ အားသာချက်နဲ့ ဟာကွက်တွေကို တစ်စတစ်စ သိရှိလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းတစ်ရပ်ကို စနစ်တကျ စတင်ထူထောင်လိုသူတွေအတွက် Business Plan ရေးဆွဲဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

Business Plan ဆိုတာ အခုမှာ လုပ်ငန်းစထောင်ဖို့ စဉ်းစားနေသူတွေပဲ ရေးဆွဲရမယ့် စီမံချက်တစ်ခု မဟုတ်ပါဘူး။ သင့်အနေနဲ့ လုပ်ငန်းစထောင်ထားတာ ကြာနေပြီဆိုရင်တောင် Business Plan ဆွဲဖို့ နောက်မကျသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင့်လုပ်ငန်းအရှိန်ရလာတာနဲ့ အမျှ လုပ်ငန်းပိုမို တိုးချဲ့ရေးအတွက် သင့်မှာရှိတဲ့ Business Plan ကို အမြဲဖြည့်စွက် ပြုပြင်ပြောင်းလဲနေဖို့ လိုအပ်လို့ပဲ ဖြစ်ပါတယ်။ 

Business Plan ဟာ တကယ်တော့ သင့်လုပ်ငန်းအတွက် နောင်သုံးနှစ်ကနေ ငါးနှစ်အထိ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ပြသပေးမယ့် လမ်းပြမြေပုံတစ်ရပ်ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသေးစားလုပ်ငန်းတွေကို ငွေချေးပေးတဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေလည်း တဖြည်းဖြည်းအရှိန်ရလာပြီ ဖြစ်တဲ့အတွက် လုပ်ငန်းစီမံချက်တွေဟာ နောင်အနာဂတ်မှာ ပိုလို့တောင် အရေးပါလာမှာ ဖြစ်ပါတယ်။

လုပ်ငန်းစီမံချက် ရေးဆွဲနည်းနဲ့ ပတ်သက်ပြီး စာအုပ်တွေအများကြီး ထွက်ရှိထားတာရှိပါတယ်။ ဒီဆောင်းပါးမှာတော့ လုပ်ငန်းစီမံချက် သဘောတရားနဲ့ မရင်းနှီးသေးသူတွေအတွက် စီမံချက်မှာ ပါဝင်ရမယ့် အချက်(၇)ရပ်ကို အောက်ပါအတိုင်း မိတ်ဆက်မျှဝေပေးပါရစေ။

၁။ အနှစ်ချုပ်ဖော်ပြချက် (Executive Summary)

ဒါဟာ plan တစ်ခုလုံးရဲ့ အနှစ်ချုပ်ပါ။ ဒီအနှစ်ချုပ်ကို စီမံချက်တစ်ခုလုံးရဲ့ ရှေ့ဆုံးကနေ ဖော်ပြရမယ်ဆိုပေမယ့် စီမံချက်တစ်ခုလုံး ရေးဆွဲပြီးသွားမှ ရေးသားရမယ့် ဖော်ပြချက်တစ်ခုဖြစ်ပါတယ်။ တစ်မျက်နှာ လောက်ပဲရှိပါတယ်။ သူ့အထဲမှာ ပါဝင်ရမယ့်အချက်တွေကတော့ သင့်လုပ်ငန်းက ဆောင်ရွက်သွားမယ့် လုပ်ငန်းဆောင်တာ ဖော်ပြချက်၊ ကုမ္ပဏီကို တည်ထောင်တဲ့ အချိန်နဲ့ တည်ထောင်သူ စတဲ့ လုပ်ငန်းနဲ့ပတ်သက်တဲ့ အခြေခံအချက်အလက်၊ သင့်လုပ်ငန်းက ထုတ်လုပ်တဲ့ ကုန်ပစ္စည်း (သို့မဟုတ်) ပေးတဲ့ ဝန်ဆောင်မှု၊ လက်ရှိအချိန်အထိ သင့်လုပ်ငန်း တိုးတက်လာမှုအခြေအနေ၊ အနာဂတ်မှာ မျှော်မှန်းထားတဲ့ ဖွံ့ဖြိုးမှုအခြေအနေ၊ စတာတွေ ပါဝင်ပါတယ်။

၂။ ကုမ္ပဏီနဲ့ပတ်သက်တဲ့ နောက်ခံအချက်အလက် (Company Description)

ဒီနေရာမှာ သင့်ကုမ္ပဏီက ဘာလုပ်တာလဲ (ဘာကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ပေးတာလဲ)၊ ဖောက်သည်တွေက ဘယ်သူတွေလဲ ဆိုတဲ့ အချက်အလက်အပြင် ဈေးကွက်ထဲက လိုအပ်ချက်တစ်ခုခုကို သင့်လုပ်ငန်းက ဘယ်လို ဖြည့်ဆည်းပေးသလဲဆိုတဲ့ အချက်နဲ့ အခြားလုပ်ငန်းတွေနဲ့ ယှဉ်လို့ရတဲ့ အားသာချက်တွေကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ရှင်းအောင်ပြောရရင် ဒီအပိုင်းဟာ သင့်လုပ်ငန်းရဲ့ လုပ်ငန်းဆောင်တာနဲ့ လုပ်ငန်းတည်ထောင်ရတဲ့ အကြောင်းရင်းကို စာဖတ်သူသိအောင် ရှင်းရှင်းလင်းလင်း ဖော်ပြပေးရမယ့် အပိုင်းတစ်ရပ် ဖြစ်ပါတယ်။

၃။ ဈေးကွက်လေ့လာသုံးသပ်ချက် (Market Analysis)

ဒီအပိုင်းကတော့ သင့်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ကဏ္ဍကို လေ့လာဆန်းစစ်ရမယ့် အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာ သင်ဝင်ရောက်မယ့် ဈေးကွက်ကို ဖော်ထုတ်ပြီး ဈေးကွက်ရဲ့ ပမာဏ၊ ဈေးကွက်ရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုနှုန်းနဲ့ ခန့်မှန်းအနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနှုန်း၊ ဈေးကွက်လိုအင်တွေ၊ ခေတ်စားနေတဲ့ ဝယ်ယူမှုပုံစံ စတဲ့ ဈေးကွက်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ဈေးကွက်တစ်ခုလုံးရဲ့ ဘယ်နှရာခိုင်နှုန်းလောက်ကို သင်ထိုးဖောက်ရောင်းချနိုင်သလဲဆိုတာကိုပါ ခန့်မှန်းဖော်ပြရမှာ ဖြစ်ပါတယ်။

၄။ ပြိုင်ဘက်တွေနဲ့ပတ်သက်တဲ့ လေ့လာဆန်းစစ်ချက် (Competitive Analysis)

ဒီအပိုင်းမှာ သင့်ပြိုင်ဘက်တွေနဲ့ပတ်သက်တဲ့ နောက်ခံအခင်းအကျင်းကို ဆန်းစစ်ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘာတွေလဲ။ သူတို့လိုချင်တဲ့ မျှော်မှန်းချက်တွေက ဘာတွေလဲ။ ဈေးကွက်ထဲမှာ သူတို့ ဘယ်လိုထိုးဖောက်သလဲ။ သူတို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဘယ်လိုအခက်အခဲ အတားအဆီးတွေရှိသလဲ။ လက်ဦးမှုရယူလို့ရတဲ့ ဘယ်အခွင့်အရေးတွေ သင့်မှာရှိသလဲ။ ဒီအချက်တွေကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ သင့်ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်ဖို့ ဗျူဟာတစ်ရပ်ရေးဆွဲရာမှာ ဒီအပိုင်းက အချက်တွေကို သုံးရမှာ ဖြစ်ပါတယ်။

၅။ စီမံခန့်ခွဲပုံနဲ့ လုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံ (Management & Operations)

သင့်လုပ်ငန်း ဘယ်လိုလည်ပတ်သလဲဆိုတာကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ သင့်လုပ်ငန်းရဲ့ ဖွဲ့စည်းပုံ၊ လုပ်ငန်းပိုင်ရှင်နဲ့ပတ်သက်တဲ့ အချက်အလက်၊ စီမံခန့်ခွဲသူများရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဝန်ထမ်းဦးရေ စတဲ့ အချက်အလက်တွေ ပါဝင်ရမှာ ဖြစ်ပါတယ်။ ဘယ်လောက်သေးငယ်တဲ့ လုပ်ငန်းပဲ ဖြစ်ဖြစ် သင့်လုပ်ငန်းခွင်ထဲမှာ ဘယ်သူက ဘာတွေကို တာဝန်ယူထားတယ်ဆိုတာကို ဖော်ပြပေးရမှာဖြစ်ပြီး အဓိက စီမံခန့်ခွဲနေသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုလည်း ထည့်သွင်းဖော်ပြပေးရမှာပါ။

၆။ ဈေးကွက်ဖော်ဆောင်ပုံနဲ့ ရောင်းချပုံ (Marketing and Sales)

ဈေးကွက်ဖော်ဆောင်ရေးနဲ့ ရောင်းချရေးဗျူဟာတွေကို ဖော်ထုတ်ရေးသားပြီး သင့်ဖောက်သည်တွေကို ဘယ်မှာရှာမယ်၊ ဖန်တီးမယ်ဆိုတဲ့ အချက်ကို ဖော်ပြပေးရမှာ ဖြစ်ပါတယ်။ ဈေးကွက် ဖော်ဆောင်မှုနဲ့ ပတ်သက်ရင် အလားအလာရှိတဲ့ ဖောက်သည်တွေကို သင်ဘယ်လိုဗျူဟာတွေသုံးပြီး ဆက်သွယ်မယ်ဆိုတာကို ဖော်ပြပေးပါ။ ရောင်းချမှုအပိုင်းနဲ့ ပတ်သက်ရင် ဘယ်သူတွေက ရောင်းချရေး တာဝန်ယူမလဲဆိုတာနဲ့ ဘယ်လို နည်းစနစ်တွေသုံးပြီး အရောင်းမြှင့်တင်မလဲဆိုတဲ့ အချက်တွေ ပါဝင်ရမှာ ဖြစ်ပါတယ်။

၇။ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်အနှစ်ချုပ် (Financial Summary)

သင့်လုပ်ငန်းရဲ့ လက်ရှိဘဏ္ဍာရေးအခြေအနေနဲ့ အနာဂတ်မျှော်မှန်းချက်တွေကို ဖော်ပြပြီး သင့်ရဲ့ လုပ်ငန်းစီမံချက်ကို အသုံးသတ်ရမှာ ဖြစ်ပါတယ်။ သင်ခန့်မှန်းထားတဲ့ အသားတင်ဝင်ငွေနဲ့ အခြားဘဏ္ဍာရေးခန့်မှန်းချက်တွေကို ဒီအပိုင်းမှာ ဖော်ပြနိုင်ပါတယ်။ လက်တွေ့ကျတဲ့ ကိန်းဂဏန်းတွေ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။ ဒီအပိုင်းဟာ သင့်ရဲ့ ဝင်ငွေဖော်ပြချက်တွေ (income statements)၊ ဝင်ငွေထွက်ငွေအစီရင်ခံချက်တွေ (cash flow reports)နဲ့ သင့်ရဲ့ပိုင်ဆိုင်မှုရင်းမြစ်နဲ့ ပေးရန်တာဝန်တွေကို ဖော်ပြထားတဲ့ လက်ကျန်ရှင်းတမ်း (Balance sheets) တွေကို ထည့်သွင်းဖော်ပြနိုင်တဲ့ နေရာကောင်းတစ်ခု ဖြစ်ပါတယ်။ သင်ဟာ တစ်နေရာရာကနေ ငွေကြေးထောက်ပံ့မှုကို ရှာနေတယ်ဆိုရင်တော့ ဒီအပိုင်းကို တတ်နိုင်သမျှ တိတိကျကျနဲ့ အသေးစိတ်ဖြစ်အောင် ရေးသားဖော်ပြဖို့ လိုပါလိမ့်မယ်။

အနှစ်ချုပ်ပြောရရင် Business Plan ခေါ် လုပ်ငန်းစီမံချက်ဟာ အရေးကြီးလှတဲ့ စီမံချက်ရေးဆွဲရေး ကိရိယာတန်ဆာပလာတစ်ရပ် ဖြစ်ပါတယ်။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ရပ် ထူထောင်နိုင်ဖို့ အခြေခံကျပြီး ခိုင်မာတဲ့ အုတ်မြစ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်ဟာ ဒီစီမံချက်ကို မရေးဆွဲရသေးဘူးဆိုရင်၊ ဒါမှမဟုတ် ရှိပြီးသား စီမံချက်ကို ပြင်ဆင်ဖြည့်စွက်မှုမလုပ်ရသေးဘူးဆိုရင် အချိန်မဆွဲဘဲ သူ့အတွက် အချိန်နည်းနည်းစီ ဖဲ့ပေးပြီး ရေးဆွဲပြင်ဆင်ထားသင့်ပါတယ်။ ဒီလိုရေးဆွဲထားခြင်းအားဖြင့် သင်ဟာ သင့်လုပ်ငန်းရဲ့ အနာဂတ်လမ်းကြောင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြတ်သားမှုရှိလာမှာဖြစ်သလို ယုံကြည်မှုတွေလည်း ပိုမိုတိုးပွားလာမှာ အသေအချာပဲ ဖြစ်ပါတယ်။ 

BusyBook

No comments