New Artical

အသေးစားလုပ်ငန်းရှင်တွေ စနစ်တကျ စာရင်းပြုစုဖို့လိုတဲ့ ဘဏ္ဍာရေးအချက်အလက် (၆) မျိုး

https://i0.wp.com/busybooks.info/wp-content/uploads/2020/03/2289-scaled.jpg?w=1920&ssl=1အသေးစားလုပ်ငန်းရှင်တွေ စနစ်တကျ စာရင်းပြုစုဖို့လိုတဲ့ ဘဏ္ဍာရေးအချက်အလက် (၆) မျိုး 

လုပ်ငန်းရှင်တစ်ဦးအနေနဲ့ သင့်လုပ်ငန်းက အရင်းအမြစ်တွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲနိုင်ဖို့ဆိုရင် နေ့စဉ်ဝင်ငွေထွက်ငွေစာရင်း မှတ်တတ်ဖို့ အရင်ဆုံးလိုအပ်ပါတယ်။ နောင်တစ်ချိန်မှာ အခွန်ပေးဆောင်ရတဲ့ ကိစ္စတွေရှိလာတဲ့အခါ ဒီမှတ်တမ်းတွေက သင့်ကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ငွေစာရင်းသွင်းတဲ့ အလုပ်ကို သင်ကိုယ်တိုင်လုပ်သည်ဖြစ်စေ၊ အခြားတစ်ယောက်ယောက်ကို လုပ်ခိုင်းသည်ဖြစ်စေ၊ သင်ဟာ ငွေစာရင်းသွင်းပညာ(Bookkeeping)ရဲ့ အခြေခံတွေကို နားလည်ထားသင့်ပါတယ်။

ငွေစာရင်းတွေကို ကျကျနနမှတ်သားထားခြင်းအားဖြင့် သင့်ငွေဝင်ငွေထွက်စာရင်းနဲ့ဆိုင်တဲ့ ပြဿနာတွေကို သင်ကောင်းကောင်းသိမြင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝင်ငွေခွန်ဆောင်ရတဲ့အခါ အစိုးရကိုပြဖို့ လိုအပ်တဲ့ အချက်အလက်တွေ အဆင်သင့်ပြုစုပြီး ဖြစ်နေမှာ ဖြစ်ပါတယ်။ အောက်ပါ ဘဏ္ဍာရေးလုပ်ငန်းစဉ်တွေကတော့ သင့်ဘဏ္ဍာရေးစာရင်းအင်းတွေထဲမှာ အမြဲတမ်းထည့်သွင်းမှတ်တမ်းပြုသင့်တဲ့ အခြေခံအချက်အလက်တွေ ဖြစ်ပါတယ်။

ဝင်ငွေနဲ့ အသုံးစရိတ် (Revenue and Expenses)

ဝင်ငွေပဲ ဖြစ်ဖြစ်၊ ထွက်ငွေပဲ ဖြစ်ဖြစ်၊ အပေးအယူကိစ္စရပ်တိုင်းကို မှတ်သားထားသင့်ပါတယ်။ ဘယ်လောက်ဝင်နေတာလဲ၊ ဘယ်လောက်သုံးစွဲနေရတာလဲ၊ ဘယ်ကဝင်လာတာလဲ၊ ဘယ်ကို ပေးနေရတာလဲ စတဲ့ အချက်တွေပါ ပါဝင်ပါစေ။

ငွေသားပမာဏ (Cash)

သင့်လုပ်ငန်းက သုံးစွဲနေတဲ့ ငွေသားပမာဏကို ပုံမှန် မှတ်သားထားဖို့ အရေးကြီးပါတယ်။ ဒါမှ တစ်နှစ်တစ်နှစ်မှာ သင်ဘယ်လောက် ကုန်ကျနေသလဲဆိုတာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို မှတ်သားထားရမယ့်အထဲမှာ အသေးစား အသုံးစရိတ်တွေ၊ စားသုံးသူကို ဈေးလျှော့ပေးတဲ့ ကူပွန်တွေလည်း ပါဝင်ပါတယ်။

ငွေသားဖြစ်အောင် ထုခွဲလို့ ရတဲ့ ပစ္စည်းအားလုံး (Inventory)

ကုန်ကြမ်း၊ ကုန်ချော၊ ထုတ်လုပ်ဆဲ ကုန်ပစ္စည်းအပါအဝင် ထုခွဲရောင်းချနိုင်တဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ အားလုံးကို စာရင်းပြုစုထားပါ။ ဒါမှ သင့်ရဲ့ အသုံးအများဆုံးပစ္စည်းတွေက ဘာလဲဆိုတာ သိနိုင်မှာ ဖြစ်ပြီး အလွဲသုံးစားလုပ်ခံရတာတွေ၊ လေလွင့်ဆုံးရှုံးတာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်ကြမ်းပစ္စည်းတွေကို လိုအပ်သလောကိုပဲ သိုလှောင်ထားနိုင်အောင် အထောက်အကူပေးမှာ ဖြစ်ပါတယ်။ ဒီလို ကုန်ကြမ်း စတဲ့ ထုခွဲလို့ရတဲ့ ပစ္စည်းတွေကို မှတ်တမ်းလုပ်တဲ့အခါ ဝယ်ယူတဲ့ ရက်စွဲ၊ ပစ္စည်းနံပါတ်စဉ်၊ ဝယ်ယူတဲ့ ဈေးနှုန်း၊ ရောင်းချတဲ့ ရက်စွဲနဲ့ ရောင်းချတဲ့ ဈေးနှုန်း စတဲ့ အချက်အလက်တွေပါအောင် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာ ဘဏ္ဍာရေးမှတ်တမ်းနဲ့ လုပ်ငန်းစာရင်းအင်းတွေနဲ့ မရောထွေးအောင်လည်း ဂရုပြုပါ။

ရစရာရှိတဲ့ ကြွေးနဲ့ ပေးစရာရှိတဲ့ ကြွေး (Accounts Receivable and Payable)

ဖောက်သည်တွေဆီက ရစရာရှိတာတွေနဲ့ သူများကို ပေးစရာရှိတာတွေကို အမြဲတမ်း စာရင်းလုပ်ပါ။ မှတ်သားလို့ရသမျှ အချက်အလက်ကို စုံလင်အောင် မှတ်သားထားသင့်ပါတယ်။ အရောင်းကုန်ပို့လွှာ(invoice) စပို့တဲ့ ရက်စွဲတွေ၊ နံပါတ်စဉ်တွေ၊ ဈေးနှုန်းပမာဏတွေ၊ ကုန်ရောင်းကုန်ဝယ်နဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေ၊ ပေးချေထားတဲ့ ပမာဏတွေ၊ ပေးချေရတော့မယ့် ပမာဏတွေနဲ့ ဖောက်သည်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ စသည်ဖြင့် အားလုံးကို ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် စာရင်းသွင်းထားရမှာ ဖြစ်ပါတယ်။

ဝန်ထမ်းစာရင်းနဲ့ လစာစာရင်း (Employees/Payroll)

သင့်မှာ အနည်းဆုံး ဝန်ထမ်းတစ်ယောက်ပဲ ရှိရင်တောင် အဲဒီဝန်ထမ်းနဲ့ပတ်သက်တဲ့ လစာပေးရန် စာရင်းနဲ့ payment form စတဲ့ စာရင်းဇယားတွေကို ပြုစုထိန်းသိမ်းထားဖို့ လိုပါတယ်။ သင်ကိုယ်တိုင် မှတ်တမ်းတင်ရမယ့် အခြေအနေဆိုရင်တော့ နားလည်တတ်ကျွမ်းသူတွေနဲ့ အရင်တိုင်ပင်ပြီး သင် စာရင်းလုပ်နေတာတွေကို မှန်-မမှန် စစ်ဆေး သင့်ပါတယ်။ သင့်လုပ်ငန်းက ရေရှည်မှာ ဖွံ့ဖြိုးလာပြီဆိုရင်တော့ ဒီလိုစာရင်းအင်းတွေကို မှတ်တမ်းလုပ်မယ့် တစ်ယောက်ယောက်ကို ခန့်အပ်တာဝန်ပေးတာပဲ ဖြစ်ဖြစ်၊ ဆော့ဖ်ဝဲတစ်ခုခုကို အသုံးပြုပြီး ဖြစ်ဖြစ် ဝန်ထမ်းလစာစာရင်းတွေကို ပြုစုလို့ရပါတယ်။

အခွန်ဆောင်ဖို့ ပြင်ဆင်ခြင်း (Preparing for Tax Time)

ငွေကြေးဆိုင်ရာ စာရင်းဇယားတွေကို စုံလင်အောင်ပြုစုဖို့ လိုအပ်ရတဲ့ အကြောင်းရင်းကတော့ သင့်လုပ်ငန်းကြီးထွားလာတဲ့အခါ အစိုးရက သတ်မှတ်တဲ့ အခွန်အကောက်တွေကို ပေးချေရာမှာ လွယ်ကူအောင်လို့ ဖြစ်ပါတယ်။ အားလုံးကို စနစ်တကျမှတ်တမ်းတင်ထားတဲ့အခါ သင်ဟာ ဘဏ္ဍာရေးရှင်းတမ်းတွေကို ခဲရာခဲဆစ် နောက်ကြောင်းပြန်ပြီး တွက်ချက်နေစရာ မလိုတော့ပါဘူး။ ဒါ့ကြောင့် ဘယ်လောက်သေးငယ်နဲ့ ငွေကြေးအပေးအယူကိစ္စပဲဖြစ်ဖြစ် စာရင်းစာအုပ်ထဲမှာ စနစ်တကျ မှတ်သားတတ်တဲ့ အကျင့်ကို မွေးမြူထားတာဟာ အသေးစားလုပ်ငန်းရှင်တစ်ယောက်အတွက် ကောင်းမွန်တဲ့ အစပျိုးမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ 

BusyBook

No comments