New Artical

အသေးစားလုပ်ငန်းတွေအတွက် မားကတ်တင်းဆိုတာ


အသေးစားလုပ်ငန်းတွေအတွက် မားကတ်တင်းလုပ်ငန်းလုပ်ရတာ လုပ်ငန်းကြီးတွေနဲ့ အတော်လေး ကွာပါတယ်။ အသေးစားလုပ်ငန်းတွေဟာ မားကတ်တင်းအတွက် ငွေများများ မသုံးနိုင်ဘူး။ မားကတ်တင်း ဝန်ထမ်းရယ်လို့ သီးသန့် ခန့်အပ်မထားတဲ့အတွက် လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းရတာတွေများတယ်။ အချိန်တိုအတွင်း အဝယ်များများရအောင် အားစိုက်ရတဲ့အတွက် ကိုယ့်အမှတ်တံဆိပ်ကို အမြန်ဆုံးလူသိများလာဖို့၊ လူစိတ်ဝင်စားပြီး မေးလာမြန်းလာကြဖို့နဲ့ အမှာတွေရဖို့ အားစိုက်ရတယ်။ လုပ်ငန်းကြီးတွေကတော့ ကိုယ့်ကုန်ပစ္စည်းတို့ ဈေးနှုန်းတို့ကို ထည့်မကြော်ငြာရသေးဘဲ လူသိရုံလောက်အတွက်တင် သိန်းရာဂဏန်းလောက် သုံးနိုင်ကြတယ်။ နည်းဗျူဟာချင်းလည်း မတူကြဘူး။

ငွေသိပ်ပြီး မသုံးနိုင်လို့ အသေးစားလုပ်ငန်းတွေအနေနဲ့ အားငယ်စရာတော့ မလိုပါဘူး။ ကုမ္ပဏီကြီးတွေက စားသုံးသူအကြောင်း သိဖို့ သိန်းပေါင်းများစွာ သုံးနေရတဲ့အချိန်မှာ သင်က ဖောက်သည်တွေနဲ့ နေ့စဉ်နဲ့အမျှ မျက်နှာချင်းဆိုင်ပြီး စကားပြောဖို့ အခွင့်အရေးတွေရှိပါတယ်။ ဖောက်သည်ဘာလိုချင်တယ်၊ ဘယ်နေရာတွေမှာ အဆင်မပြေဖြစ်နေတယ်ဆိုတာ သိအောင်လုပ်လို့ ရပါတယ်။ မားကတ်တင်းရဲ့ အဓိကဦးတည်ချက်ဟာ ဖောက်သည်တွေနဲ့ ဆက်ဆံရေးကောင်းဖို့ ဖြစ်တဲ့အတွက် အသေးစားလုပ်ငန်းလောက် ဖောက်သည်ဆက်ဆံရေးကောင်းကောင်းထူထောင်ဖို့ လွယ်ကူတဲ့ လုပ်ငန်း မရှိပါဘူး။

မားကတ်တင်းနဲ့ပတ်သက်ပြီး ဘာမှမလုပ်ခင် သိထားရမယ့် အခြေခံမူတချို့ရှိပါတယ်။

  • မားကတ်တင်းဆိုတာ သင့်လုပ်ငန်းက ရောင်းချင်တာနဲ့ ဖောက်သည်က ဝယ်ချင်တာ နှစ်ခုအကြားမှာ ဆက်သွယ်ပေါင်းကူးပေးတဲ့ ဖြစ်စဉ်တစ်ရပ် ဖြစ်တယ်။ ဆိုလိုတာက ကိုယ်ရောင်းနေတဲ့ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုကို စားသုံးသူအကြိုက်၊ စားသုံးသူလိုချင်တဲ့အနေအထားအတိုင်း ကွက်တိ ဖြစ်တဲ့အထိ နည်းလမ်းအမျိုးမျိုးသုံးပြီး ပြုပြင်ပြောင်းလဲပေးရတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။
  • သူ့ရဲ့လုပ်ငန်းစဉ်တွေထဲမှာ သင့်ကုန်ပစ္စည်းကို လိုအပ်သလို မွမ်းမံထုတ်လုပ်တာ၊ သတင်းစကားပါးတာ၊ အွန်လိုင်းကပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် အပြန်အလှန်ဆက်သွယ်တာ၊ ပစ္စည်းဖြန့်ဖြူးတာ၊ နောက်ဆက်တွဲဝန်ဆောင်မှုပေးတာ စတဲ့ လုပ်ငန်းတွေ ပါဝင်ပါတယ်။
  • သင့်လုပ်ငန်းအတွက်ရော၊ စားသုံးသူအတွက်ပါ နှစ်ဦးနှစ်ဘက်အကျိုးရှိအောင်လုပ်ရတဲ့ လုပ်ငန်းစဉ်ဆိုရင်လည်း မမှားဘူး။

မားကတ်တင်းဆိုတာ စားသုံးသူကို သင်ကပဲ ပြောချင်ရာတွေပြောနေတာ မဟုတ်ဘူး။ စားသုံးသူနဲ့ အပြန်အလှန်စကားပြောရတဲ့အလုပ်ဆိုတာ အမြဲသတိပြုပါ။

အသေးစားလုပ်ငန်းတွေအတွက် မားကတ်တင်းလုပ်ငန်းစဉ်ဟာ ပုံမှာပြထားတဲ့ စက်ဝန်းအတိုင်း လည်ပတ်နေရမှာ ဖြစ်ပါတယ်။ ဒီစက်ဝန်းကို အောက်ပါအတိုင်း ပြန်ရှင်းပြလိုပါတယ် –

  1. စားသုံးသူ၊ ထုတ်ကုန်၊ ဈေးကွက်အကျယ်အဝန်းနဲ့ ပြိုင်ဘက်တွေအကြောင်း သိဖို့ သုတေသနလုပ်တဲ့ အဆင့်။
  2. စားသုံးသူရဲ့လိုအင်၊ ဈေးကွက်အခြေအနေနဲ့ ပြိုင်ဘက်တွေရဲ့ အနေအထားကိုလိုက်ပြီး သင့်ရဲ့ထုတ်ကုန်၊ ဈေးနှုန်း၊ ထုပ်ပိုးပုံနဲ့ ဖြန့်ဖြူးရေးဗျူဟာတွေကို ပြုပြင်မွမ်းမံတဲ့ အဆင့်၊
  3. ထုတ်ကုန်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သုံးစွဲမယ့်သူတွေဆီရောက်အောင်၊ သူတို့ စိတ်ဝင်စားလာအောင်၊ ဝယ်ချင်စိတ်ပေါက်လာအောင် စာသားတွေ (messages) ဖန်တီးတဲ့အဆင့်၊
  4. ရောင်းချတဲ့အဆင့်၊
  5. ရောင်းချတဲ့အဆင့်နောက်ပိုင်း ထုတ်ကုန်နဲ့ပတ်သက်တဲ့ ချွတ်ယွင်းချက် စတာတွေကို ဝန်ဆောင်မှုလိုက်ပေးတဲ့အဆင့်၊ (ဒီအဆင့်မှာ စားသုံးသူစိတ်ကျေနပ်မှုရအောင်၊ ကိုယ့်ဆီကပဲ ပုံမှန်ဝယ်ယူသုံးစွဲချင်စိတ်ပေါက်အောင်၊ တခြားသူတွေကိုလည်း ဆက်ပြီး ကြော်ငြာပေးချင်လာအောင် အကောင်းဆုံးဆက်ဆံဝန်ဆောင်မှုပေးရမှာ ဖြစ်ပါတယ်။)
  6. ကုန်ပစ္စည်း(သို့မဟုတ်)ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့ စားသုံးသူရဲ့ အမြင်တွေနဲ့ သူတို့ လိုအပ်ချက်၊ လိုလားချက်တွေကို သိဖို့ စားသုံးသူနဲ့ ထိတွေ့ဆက်ဆံရမယ့်အဆင့်၊ (ပြိုင်ဘက်တွေနဲ့ ဈေးကွက်အခြေအနေတွေကို စဉ်ဆက်မပြတ်လေ့လာနေရင်း စားသုံးသူဆီက ထွက်လာတဲ့ အသံတွေကိုပါ ဒီအဆင့်မှာ ထည့်သွင်းလေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။ ထုတ်ကုန်၊ ဈေးနှုန်းသတ်မှတ်ချက်၊ ထုပ်ပိုးမှုပုံစံ၊ ဖြန့်ဖြူးပုံနဲ့ ကြော်ငြာပုံ၊ ရောင်းချပုံနဲ့ ဝန်ဆောင်မှုပေးပုံတွေကို တွေ့ရှိလာတဲ့ အချက်အလက်သစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဒီအဆင့်မှာ ပြုပြင်မွမ်းမံယူရမှာ ဖြစ်ပါတယ်။)

ဒီလိုနည်းနဲ့ မားကတ်တင်းစက်ဝန်းဟာ တပတ်ပြီး တပတ်လည်နေအောင် လုပ်ရမှာ ဖြစ်ပါတယ်။ အောင်မြင်ထိရောက်တဲ့ မားကတ်တင်းလုပ်ငန်းဆိုတာ ဖြတ်လမ်းမရှိပါဘူး။ အဆင့်ကျော်လို့ မရပါဘူး။ ပစ္စည်းထုတ်ပြီး တန်းရောင်းချင်လို့မရပါဘူး။

အသေးစားလုပ်ငန်းကနေ လုပ်ငန်းကြီးဖြစ်အောင် တိုးချဲ့နိုင်ခဲ့သူတွေဟာ ကာလ(၃)ခုမှာ မားကတ်တင်းကို ဦးစားပေးအဖြစ် အားစိုက်အလုပ်လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီကာလ (၃)ခုကတော့ –

  1. လုပ်ငန်းကို စတင်ထူထောင်တဲ့အခါ၊
  2. လုပ်ငန်းတိုးတက်မှုနှုန်းကို အရှိန်မြှင့်ဖို့ ကြိုးစားတဲ့အခါ နဲ့
  3. စီးပွားရေးကျဆင်းချိန်၊ ပြိုင်ဆိုင်မှုတွေ ပြင်းထန်တဲ့ အချိန်တွေနဲ့ကြုံလို့ တိုးတက်ရေးလမ်းကြောင်းမှာ နှောင့်နှေးနေတဲ့အခါ တွေပဲ ဖြစ်ကြပါတယ်။

အရင်ဆုံးဈေးကွက်ထဲကို ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ သတင်းစကား(ကြော်ငြာပဲဆိုပါစို့) ပါးချင်တဲ့အခါ အောက်ပါမေးခွန်း(၃)ခုကိုတော့ သင့်ကိုယ်သင် မဖြစ်မနေ မေးဖို့လိုပါလိမ့်မယ် –

  • ဘယ်လိုစားသုံးသူမျိုးကို ရောင်းချင်တာလဲ။
  • စားသုံးသူတွေက ဈေးကွက်မှာ ရွေးဝယ်လို့ရနေပြီးသား အလားတူပြိုင်ဘက်ကုန်ပစ္စည်းတွေနဲ့ ဘယ်လိုယှဉ် “ဖိုက်” ပြီး ရောင်းမှာလဲ။
  • စားသုံးသူရဲ့ စိတ်ဝင်စားမှုနဲ့ ယုံကြည်ကိုးစားမှုကို ရဖို့ ဘယ်လိုအမှတ်တံဆိပ်ပုံရိပ်မျိုးကို တည်ထောင်ဖို့လိုတာလဲ။

ဒီလိုမေးခွန်းမျိုးတွေအတွက် အိုင်ဒီယာထုတ်နည်းအသေးစိတ်ကိုလည်း အလျဉ်းသင့်သလို တင်ဆက်သွားပါ့မယ်။ ဉာဏ်ရှိသလို အသုံးချဖို့ပါ။

BusyBook

No comments