New Artical

“ဒေါသ အဝင်ခက်ဖို့ စိတ်စည်းရိုးခတ်ကြစို့”


လူ့အကျင့်စရိုက်တို့သည် တစ်ယောက်နှင့်တစ်ယောက် မတူညီနိုင်သလို လူတစ်ယောက်ချင်းစီ၏ စိတ်တို့သည်လည်း ထပ်တူမကျနိုင်သည်ကို“လူအမျိုးမျိုး စိတ်အထွေထွေ”ဟု ပြောစမှတ်ရှိပါသည်။ လူတိုင်းတစ်ယောက်၏စိတ်ခံစားချက်သည် အချိန်တိုင်း တစ်သမတ်တည်း မရှိနိုင်ပါ။ ပျော်ရွှင်ချိန်၊ ကြည်နူးချိန်၊ ဝမ်းသာချိန်၊ ဝမ်းနည်းချိန်၊ အားငယ်ချိန် စသည်ဖြင့် အမျိုးမျိုးရှိနိုင်ပါသည်။ ခံစားချက် စိတ်အမျိုးမျိုးရှိနေသော လူသားများသည် ယခု ကျေနပ်ပျော်ရွှင်နေသော်လည်း ခဏကြာလျှင် ဒေါသအမျက် ထွက်ချင် ထွက်နေတတ်ပါသည်။

ခြံမလုံသောအိမ်ကို လမ်းဘေးခွေးရူးတို့သည် အချိန်မရွေး ဝင်နိုင်သကဲ့သို့ ပုထုဇဉ်ဖြစ်သော လူ့စိတ်ထဲသို့ ဒေါသသည်လည်း အတားအဆီးမရှိ ဝင်ရောက်လာနိုင်ပါသည်။ ခွေးရူးနှင့်တူသော ဒေါသသည် လူ့စိတ် သန္တာန်အတွင်းသို့ မည်သို့ ဝင်ရောက်လာပါသနည်း။ အလိုမကျမှု၊ မကျေနပ်မှုများမှတစ်ဆင့် ဝင်ရောက် လာပါသည်။ဒေါသသည် လူသားတို့အတွက် ကောင်းသလား။ဤမေးခွန်းအတွက် ဥပမာတစ်ခုနှင့် ပြောပြချင်ပါသည်။

ဆိုကြပါစို့။ တစ်ရွာတည်းနေသော ပါတီကွဲ အမျိုးသားနှစ်ယောက် နိုင်ငံရေးနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။ ဆွေး‌နွေးသည် ဆိုကတည်းက သူ့အမြင် ကိုယ့်အမြင်ကို လွတ်လပ်စွာ ဖလှယ်ခြင်းဖြစ်သည်။ သူလည်း သူ့အမြင်ကို လွတ်လွတ်လပ်လပ် ဆွေး‌နွေးတင်ပြနိုင်သလို ကိုယ်လည်း ကိုယ့်အမြင်ကို အေးအေး ဆေးဆေး ပြောပြနိုင်ပါသည်။ဆွေးနွေးသည့်ရည်ရွယ်ချက်မှာ တစ်ယောက်မသိသေးသည့်အကြောင်းအရာများကို တစ်ယောက်ဆီက အပြန်အလှန်ကြားသိမှတ်သားပြီး နိုင်ငံရေးအသိ ပိုမိုကြွယ်ဝလာစေရန်အပြင် နိုင်ငံကောင်းကျိုးအတွက် ကောင်းမွန်သည့်အကြံသစ် နည်းလမ်းသစ်များ ထွက်ပေါ်လာရေးပင်ဖြစ်သည်ဟု ကျွန်တော် ယူဆပါသည်။သို့သော် ထိုသို့ မဟုတ်ဘဲ သူကလည်း သူပြောတာမှ အမှန်၊ ကိုယ်ကလည်း ကိုယ်ပြောတာမှ အမှန်ဟု တရားသေစွဲကိုင်ထားမည်ဆိုလျှင် ဆွေးနွေးပွဲ မဟုတ်တော့ဘဲ ရန်ပွဲဖြစ်လာနိုင်ပါသည်။ကိုယ်ပြောတာ သူလက်မခံချင်၊သူပြောတာလည်း ကိုယ်လက်မခံချင်နှင့် ငါမှအမှန်ဆိုသည့် အတ္တကို အရင်းခံသော ဒေါသစိတ်များကြောင့် တုတ်တပြက် ဓားတပြက် ဖြစ်လာနိုင်ပါသည်။ ခြေလွန် လက် လွန်ဖြစ်ခဲ့သော် မည်သူတွေ ခံစားကြရမည်နည်း။ ကိုယ့်မိဘ၊ ကိုယ့်အမျိုးသမီး၊ ကိုယ့်သားသမီးများပင် ခံစားကြရမှာ မဟုတ်ပါလား။ ပြီးလျှင် တစ်ရွာတည်းနေသော ဒီမျက်နှာများကို ပြန်မတွေ့ရတော့ဘူးလား။ ဒေါသကို ရှေ့တန်းတင်၍ မှားလိုက်မိသော ထိုအမှားကြောင့် မည်သည့်အကျိုးကျေးဇူးများ ရရှိလာပါသနည်း။ စဉ်းစားကြဖို့ လိုပါသည်။

ဒေါသထွက်နေသောအချိန် ဆုံးဖြတ်မိသော ဆုံးဖြတ်ချက်သည် ငါးဆယ်ရာခိုင်နှုန်း မှန်ဖို့ပင် မသေချာပါ။ ထို့ကြောင့် ဒေါသပါသော ဆုံးဖြတ်ချက်သည် မှန်ဖို့ ခဲယဉ်းပါသည်။ အိမ်ခြံစည်းရိုးကို သေချာလုံအောင် ခတ်ပါက လမ်းဘေးခွေးရူးများသည် အိမ်ထဲ ဝင်ဖို့ အတော့်ကို ခဲယဉ်းသွားမည်ဖြစ်သလို စိတ်ထဲသို့ ဝင်လာသော ခွေးရူးနှင့်တူသည့် ဒေါသကို ထိန်းနိုင်ဖို့ရာ စိတ်ကိုလည်း စိတ်စည်းရိုးခတ်ထားဖို့လိုပါသည်။ ထိုအခါ စိတ်စည်းရိုးကို မည်သို့ ခတ်ရမည်နည်းဟု မေးစရာ ရှိပါသည်။

စိတ်စည်းရိုးကို လွယ်လွယ်ကူကူ ခတ်၍ မရပါ။ အချိန်ယူပြင်ဆင်ဖို့ လိုပါသည်။ မီးကို ရေက နိုင်သကဲ့ သို့ မီးနှင့်တူသော ဒေါသကို ရေနှင့်တူသော ငြိမ်းချမ်းခြင်းက နိုင်ပါသည်။ မီးကို ရေနှငိ့ဖျန်းလိုက်ပါက ရှဲခနဲမြည်ပြီး မီးညွန့်များကို ပွားမလာအောင် ထိန်းနိုင်သလို ဒေါသကို ထပ်ဆင့်ပွားများမလာအောင် ငြိမ်း ချမ်း‌သောနေရာတစ်ခုက ထိန်းနိုင်ပါသည်။ ငြိမ်းချမ်းသောနေရာဆိုသည်မှာ ပြင်ပလောကရှိ နေရာတစ်ခုကို ဆိုလိုခြင်း မဟုတ်ပါ။ ကိုယ့်စိတ်ထဲရှိ ငြိမ်းချမ်းသောခံစားမှုကို ဆိုလိုပါသည်။

ဒေါသကို ပဲ့ကိုင်မည့် ငြိမ်းချမ်းသည့်စိတ်ကို မိမိတို့၏သန္တာန်၌ ရှင်သန်လာစေရန် ကြိုတင် ကျင့်ယူရပါမည်။ ညစဉ် ပုတီးစိပ်ခြင်း၊တရားထိုင်ခြင်းဖြင့် မိမိတို့၏ကိုယ်စိတ်နှစ်ပါး၌ ဖြစ်တည်လာသော ခံစားမှုအခြေအနေများကို သတိထားစောင့်ကြည့်နိုင်ပါသည်။ ရက်၊လ၊နှစ် အတော်ကြာလာလျှင် ကိုယ့်စိတ် အခြေအနေကို ကောင်းကောင်းနားလည် သဘောပေါက်ကာ စိတ်၏လှည့်စားမှုများကို အမိအရ သတိ ထား ကြည့်တတ်လာနိုင်ပါသည်။ထိုအခါ အကြောင်းအရာ တစ်ခုကြောင့် ဒေါသထွက်လာပါက ထိုဒေါသကို စိတ်၏လှည့်စားမှုတစ်ခုဟု ကျင့်သားရနေသော စိတ်က ပြန်သိကာ စိတ်၌ဖြစ်နေသော ဒေါသကိုပင် စိတ်က ပြန်ကြည့်တတ်သွားနိုင်ပါသည်။ ထိုသို့ ဒေါသစိတ်ကိုကြည့်တတ်သည့် စိတ်သည်ပင် ငြိမ်းချမ်းသောခံစားမှု ဖြစ်ပါသည်။

နွံသည်ရေ၌ဖြစ်လာပြီး ထိုနွံကိုစင်ကြယ်အောင် ရေနှင့်ပင် ဆေးကြောရသည်မဟုတ်ပါလား။ဒေါသစိတ်ကိုလည်း ကြည်လင်လာစေဖို့ရာ ဒေါသ၏မြစ်ဖျားခံရာ စိတ်ကို အလေ့အကျင့်ရအောင် စောင့်ကြည့်ခြင်းဖြင့်သာ ကြည်လင်စေနိုင်ပါသည်။ ထိုသို့စောင့်ကြည့်ပြီး ဒေါသကိုသိမှတ်နေခြင်းသည် စိတ်စည်းရိုးကို ခိုင်ခံ့ အောင် ဆောက်နေခြင်းဖြစ်ပါသည်။ စိတ်စည်းရိုးခိုင်လာသည်နှင့်အမျှ ဒေါသခွေးရူးလည်း စိတ်သန္တာန်အတွင်းသို့ ဝင်ရောက်လာဖို့ရာ လွယ်ကူတော့မည် မဟုတ်ပါ။သို့ဆိုလျှင် မလိုလားအပ်သော ပြဿနာများလည်း မပေါ်ပေါက်လာနိုင်တော့ပါ။ ကောင်းကျိုးမပေးသော ဒေါသကို ထိန်းနိုင်ဖို့ ကျွန်တော်တို့ အားလုံး စိတ် စည်းရိုးခတ်ကြပါစို့။

ညောင်ရိပ်

No comments