New Artical

ဘုရား၊စေတီ၊ပုထိုး၊စောင်းတန်း မုခ်ဦးတို့တွင် ခြင်္သေ့ရုပ်များ ထု လုပ်ထားရခြင်းအကြောင်း…အောင်(ဓာတု)

 


အောင်(ဓာတု)
မြန်မာနိုင်ငံအနှံ့အပြားရှိ ဘုရား၊ စေတီ၊ ပုထိုးများရှိစောင်းတန်းမုခ်ဦးများတွင်  ခြင်္သေ့ရုပ် ထုများထုလုပ်ကာ တည်ထားလေ့ရှိသည်ကို အများပြည်သူတို့ မြင်တွေ့ သိရှိကြပြီးဖြစ်ပါလိမ့်မည်။
သို့သော် အဆိုပါခြင်္သေ့ရုပ်ထုကြီးများကို အဘယ်ကြောင့် ထိုသို့ထားရှိရသည်ကိုမူ ဂဃနဏ သိရှိဖြေဆိုနိုင်သူ နည်းပါးပါလိမ့်မည်။ စာရေးသူအနေဖြင့် နောင် မျိုးဆက်သစ်လူငယ်ကလေးများ သိရှိ ဗဟုသုတရရှိစိမ့်သောငှာ  ရှာဖွေ ဖတ်မှတ် လေ့လာထားသမျှတို့မှ တင်ပြလိုက်ရပါသည်။
ဂေါတမ မြတ်စွာဘုရားအလောင်းလျာသည်‘’သုမေဓာရှင်ရသေ့”ဘဝက စတင်ကာ ဗျာဒိတ်ခံခဲ့သော(၂၄)ဘဝ ဖြစ်တော်မူရာ‘‘ပဒုမ”မြတ်ဘုရားရှင်လက်ထက်တွင် ဂေါတမ မြတ်စွာဘုရား အလောင်းတော်သည် ကေသရာဇာခြင်္သေ့မင်းဘဝသို့ ရောက်ရှိခဲ့စဉ်အခါက ဖြစ်သည်။ တစ်ခါရံသော် အလောင်းတော်ခြင်္သေ့မင်းသည် တောအုပ်အတွင်းသို့ အစာရှာထွက်စဉ် တောအုပ်အလယ် တစ်နေရာ အရောက်၌ ‘’နိရောဓသမာပတ်”ဝင်စားနေသော‘’ပဒုမ”မြတ်စွာဘုရားရှင်အား ရုတ်တရက် ဖူးတွေ့လိုက်ရသည်။ ထိုအခါ အလောင်းတော် ခြင်္သေ့မင်းသည် အလွန်ကြည်ညိုလွန်း သည်ဖြစ်၍(၇)ရက် ပတ်လုံး အစာရှာ မထွက်တော့ဘဲ ဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြုကာ နှစ်သက်ခြင်းပီတိဖြင့် မြတ်စွာဘုရားရှင်၏ရှေ့တွင် ရိုသေဝပ်တွား ပူဇော် ဆည်းကပ်နေလေ တော့သည်။‘’ပဒုမ”မြတ်စွာ ဘုရားရှင်‘’နိရောဓသမာပတ်”ဝင်စားရာမှ ထတော်မူသည့်အခါ(၇)ရက်ပတ်လုံး အစာရှာမထွက်ဘဲ ကြည်ညိုသဒ္ဒါထက်သန်စွာဖြင့် ပူဇော် ဝပ်တွား ဆည်းကပ်နေ သည့်  ခြင်္သေ့မင်းကို မြင်တွေ့တော်မူ သည့်အခါ‘’နောင်အခါ ငါကဲ့သို့ပင် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်”ဟုဗျာဒိတ်စကားဆိုခဲ့လေသည်။

ထို့သို့ ‘’ပဒုမ”မြတ်စွာဘုရားရှင် ‘’နိရောဓသမာပတ်”ဝင်စားနေစဉ်(၇)ရက်ပတ်လုံး အစာမရှာ‘’ပဒုမ”မြတ်စွာဘုရားရှင်ကို ကြည်ညိုသဒ္ဒါထက်သန်စွာဖြင့် ဝပ်တွားဆည်းကပ်ပူဇော်ခဲ့သည့် ဘုရား အလောင်းတော်ခြင်္သေ့မင်းကို အကြောင်းပြု၍ နှောင်းခေတ်လူတို့သည်ဘုရား၊စေတီ၊ပုထိုး၊ဘုရားစောင်းတန်းမုခ်ဦးတို့တွင် ခြင်္သေ့ရုပ်များ ထုလုပ်ထားခဲ့ကြခြင်းဖြစ်သည်ဟု လေ့လာသိရှိရပါ သည်။ ဘုရားအလောင်းတော် ခြင်္သေ့မင်းကဲ့သို့ ဘုရားရှင်အား စူးစူးနစ်နစ် ယုံယုံကြည်ကြည် ကြည်ညိုသဒ္ဒါအာရုံထားကာ လေးလေးစားစား ဆည်းကပ်ကိုးကွယ်ကြစေရန် စံနမူနာပြုသည့် အထိမ်း အမှတ် အနေဖြင့် ခြင်္သေ့ရုပ်ထုများ ထုလုပ်ထားခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ပြည်မြို့၏အထင်ကရ စေတီတော်မြတ်ကြီးဖြစ်သော ရွှေဆံတော်စေတီမြတ်ကြီးရှိ ခြင်္သေ့ကြီးများ၏ပါးစပ်တွင် အစာထည့်သွင်းကိုက်ချီထားဟန် ထုလုပ်ထားသည်ကိုလည်း အများပြည်သူတို့ သတိမူမိ ကြလိမ့်မည်ဟု ယူဆပါသည်။ ထိုသို့အစာကိုက်ချီထားဟန် ထုလုပ်ထားခြင်း အကြောင်းရင်းကို လေ့လာကြည့်ရာ-
ပြည်မြို့ရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီး၏မုခ်ဦးစောင်းတန်း(၄)သွယ်ရှိသည့်အနက် မြောက်စောင်းတန်းဦး၊ အရှေ့ဘက်နှင့်အနောက်ဘက် စောင်းတန်းဦးတို့တွင် ခြင်္သေ့ရုပ်ထုကြီးများ ထုလုပ်ထားသည်ကို တွေ့မြင်နိုင်ပါသည်။ ၎င်းတို့အနက် မြောက်စောင်းတန်းဦးနှင့် အရှေ့ဘက်စောင်းတန်းဦးတို့ရှိ ခြင်္သေ့ကြီးများ၏ပါးစပ်တွင် တိရစ္ဆာန် အကောင် ရုပ်လုံးများကို ထုလုပ်ထည့်သွင်း အစာကျွေးထားသည်ကို လည်းတွေ့ရှိရပါသည်။
၎င်းခြင်္သေ့ကြီးများတွင် လက်ျာခြင်္သေ့က ကျားသတ္တဝါ၊ လက်ဝဲခြင်္သေ့က သမင်သတ္တဝါကို ကိုက်ချီထားပါသည်၊ လက်ျာခြင်္သေ့ ရုပ်ဝမ်းဗိုက် အောက်တွင် မောင်နှမသူငယ်ရုပ်၊ လက်ဝဲ ခြင်္သေ့ရုပ် ဝမ်းဗိုက်အောက်တွင် ဝိဇ္ဇာဓိုရ် နှင့်ကုလားမင်းသမီးရုပ်များ ကိုလည်း ထွင်းထုထားသည်ကို တွေ့ရှိနိုင်ပါသည်။ကျားကိုကိုက်ချီထားသော လက်ျာ ခြင်္သေ့ရုပ်ထုကြီးသည် အမြင့် ၃၇ပေ၊ ၇လက္မနှင့် အလျား ၂၇ ပေရှိပြီး သမင်ကိုကိုက်ချီထားသော လက်ဝဲဘက် ရှိ ခြင်္သေ့ရုပ်ထုကြီးမှာ အမြင့် ၃၅ပေ၊၅ လက္မနှင့် အလျား ၂၇ပေနှင့် ၉လက္မ ရှိကြောင်း သိရပါသည်။ကိုယ်လုံး ကိုယ်ထည် ပို၍ ကြီးမားသော လက်ျာဘက် ခြင်္သေ့ကြီးအား အထီးဟု သတ်မှတ်ထားပြီး လက်ဝဲဘက်ရှိ ခြင်္သေ့ကြီးကို အမဟု သတ်မှတ်ထားပါသည်။ ၎င်းခြင်္သေ့ရုပ်ထုများ အနီးတွင် ၎င်းတို့အစာ စားသောက်ပြီးပါက ရေ သောက်နိုင်အောင် ရေတွင်း တစ်တွင်း တူးဖော်ပေးထားပါသည်။ ရွှေဆံတော်မုခ်ဦးများရှိ ခြင်္သေ့ကြီးများသည် သရေခေတ္တရာခေတ်တွင် ထွင်းထုထား လက်ရာများဖြစ်ကြကာ ကုန်းဘောင်ခေတ်၌  ဘိုးတော် ဘုရား၏သားတော် ပြည်ဘုရင် သီရိမဟာသီဟ ဓမ္မရာဇာက ယနေ့မြင်တွေ့ရသော ခြင်္သေ့များအဖြစ် ရိုးရိုးလက်ရာမှ ပြောင်း လဲ၍ ထူးထူးခြားခြား ထုလုပ်ထားခြင်းဖြစ်သည်ဟုလည်း သိရပါသည်။မည်သည့်ရည်ရွယ်ချက်ဖြင့်  ယခုကဲ့သို့ ထုလုပ်ထားသည်ကို မည်သူမျှ သေချာဂနစွာ မပြောနိုင်ခဲ့ပါ။ ထိုခေတ်ထိုအချိန်က ပထမံဘိုးဘိုးအောင်သည် ပြည် ရွှေဆံတော်ဘုရား တည်ရှိရာ သုဒဿနတောင်တော်၌ ကျင့်ကြံအားထုတ်ရင်း ထွက်ရပ်ပေါက်သွားသူဖြစ်ရာ ယနေ့မြင်တွေ့နေရသော ခြင်္သေ့ကြီး များအား အစာကျွေးထားဟန် ထုလုပ်ထားခြင်းမှာ  ပထမံ ဘိုးဘိုးအောင်၏အစီအမံဖြစ်သည်ဟုလည်း အချို့က ယုံကြည်ကြသည်။ ပထမံဘိုးဘိုးအောင်သည် ပြည်မြို့ကြီးကို အန္တရာယ် ကင်းဝေးစေ ရန်အတွက် ယတြာပြုလုပ်ထားခြင်းဖြစ်နိုင်သလို အဂ္ဂိရတ် ပညာလမ်းဖြစ်သော ရွှေဖြစ်ငွေဖြစ်လမ်း၊ သိဒ္ဓိထွက်ရပ်ပေါက်လမ်းတို့ကို မိမိနှင့် ကံ၊ဉာဏ်၊ ဝီရိယနှင့် ပါရမီတူမျှသူ၊ ဘုန်းရှင်ကံရှင်များ အတွက် ခြင်္သေ့ကြီးနှစ်ကောင်ရှိ လျှို့ဝှက်ချက် များကို ဖော်ထုတ်ယူနိုင်ဖို့ ညွှန်ကြားထားခြင်းဖြစ်သည်ဟုလည်း ပြောဆိုသူတို့ ရှိကြပါသည်။ အချို့သော ပါးစပ်ရာဇဝင်များအရ ခြင်္သေ့ကြီးများကို အစာကျွေးထားသည်မှာ တောသုံးထောင်ကိုအစိုးရသော ကေသရာဇာခြင်္သေ့မင်းတို့သည် အလွန်ဆာလောင် မွတ်သိပ်သောအခါ သားကောင်ဖမ်းရန်အတွက် ကြောက်မက်ဖွယ် အသံကြီးနှင့်သုံးကြိမ်တိုင်ဟိန်းဟောက်လေ့ရှိကြောင်း၊ ၎င်း ကေသရာဇာ ခြင်္သေ့မင်းတို့ ဟိန်းဟောက်သည့်အခါ ဟိန်းဟောက်သံ ကို(၃)ယူဇနာ ပဲ့တင်ထပ်မျှ ကျယ်လောင်စွာ ကြားကြရ ကြောင်း သိရှိရပါသည်။ တစ်ယူဇနာလျှင်(၁၀)မိုင်ခန့်ရှိသည်ဟုဆိုရာ မိုင်(၃၀)မျှအထိကပင် အသံပဲ့တင်ထပ်မည်ဖြစ်ပါသည်။ အဆိုပါ ခြင်္သေ့ဟိန်းဟောက်သံ ကြားရသည့်တောနေ တိရစ္ဆာန်တို့ ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်ကြရကြောင်း၊ တွင်းနေသတ္တဝါများမှာ တွင်းများထဲတွင် ပုန်းအောင်းကြရပြီး ရေနေသတ္တဝါများမှာ ရေထဲတွင် ငုတ်လျှိုး၍ လည်းကောင်း၊ တောနေသတ္တဝါများမှာ တောနက်ထဲသို့ ကြောက်လန့်တကြား ပြေးဝင်ကြခြင်းဖြင့်လည်းကောင်း ပုန်းရှောင်ကြရသည် ဟု ဆိုပါသည်။ ထို့အတူ ကောင်းကင်တွင် ပျံသန်း နေသော ငှက်သတ္တဝါတို့မှာလည်း ပျံသန်းနေရင်းမှ ထိတ်လန့်တကြား ဖြစ်ကာ ဆောက်တည်ရာမရ ဖြစ်ပြီး မည်သည့်အရပ်ဒေသသို့ သွားရလာရမှန်း မသိအောင်ပင် ဖြစ်ကြရကြောင်းလည်း လေ့ လာ သိရှိရပါသည်။ထိုသို့ သတ္တဝါအပေါင်း ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်ခြင်းတို့ ဖြစ်နေကြရသည့်အချိန်တွင် ကေသရာဇာ ခြင်္သေ့ဆိုသော သတ္တဝါမှ ၎င်းစိတ်ကြိုက်သတ္တဝါကို ဖမ်းယူ စားသောက် တတ်လေ့ ရှိသည်ဟုလည်း သိရပါသည်။ ထိုသို့ ခြင်္သေ့သတ္တဝါသည် ဆာလောင်မွတ်သိပ်သောအခါတွင် ဟိန်းဟောက်တတ်သည့်အတွက် တောနေ သတ္တဝါများ အစဉ်အမြဲ ဘေးဒုက္ခရောက်ရှိတတ် ကြကြောင်း၊ ခြင်္သေ့သည် သူ့ပါးစပ်ထဲ အစာရှိနေပြီး အစာစားနေရမှ သူ၏စိတ်နှလုံးချမ်းမြေ့ကာ မဟိန်းမဟောက် ရှိတတ်ကြောင်းလည်း သိရပေသည်။ ပြည်ရွှေဆံတော်ဘုရားကြီး မုခ်ဦးရှိ ခြင်္သေ့ ကြီး နှစ်ကောင်တွင် ကျားနှင့်သမင်ကို ခြင်္သေ့ကြီးများ၏ပါးစပ်ထဲသို့အစာအဖြစ် ထည့်ပေးထားကာ သတ္တဝါများ ဘေးဒုက္ခ မရောက်ကြစေရန် ရည်ရွယ်လျက် အစာကျွေးထားဟန် ထွင်းထုထားခြင်း ဖြစ်သည်ဟုလည်း သိရှိရပါသည်။ အနီးနားတွင် အစာစားပြီးက ရေချိုသောက်ရန် ရေတွင်း တစ်တွင်းစီ တူးဖော်ပေးထားသည်ကိုလည်း ယနေ့တိုင်တွေ့မြင်နိုင်ကြမည် ဖြစ်ပါသည်။

အချုပ်ဆိုရသော် နောင် မျိုးဆက်သစ်လူငယ် ပြည်မြို့သူ၊ ပြည်မြို့သားများအနေဖြင့် မိမိတို့မြို့သို့ ပြည်ပနိုင်ငံများမှဖြစ်စေ၊ ပြည်တွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှဖြစ်စေ လာရောက်ကြ သော ဘုရားဖူး၊လေ့လာရေးဧည့်သည်များက မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ ဘုရား စေတီ ပုထိုးများ၏ တန်စောင်းမုခ်ဦးများတွင်  ခြင်္သေ့ကြီးများ၏ ပါးစပ်တွင် အစာကျွေးကိုက်ချီထားဟန် ခြင်္သေ့ ရုပ်များ အကြောင်းကို သိရှိလို၍ မေးမြန်းလာပါက ပြန်လည်ဖြေကြားနိုင်စေရန် ရည်ရွယ်လျက် လေ့လာသိရှိထားသမျှကို ပြန်လည်မျှဝေ ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
ကျန်းမာချမ်းသာကြပါစေ…
အောင်(ဓာတုဗေဒ)

No comments