New Artical

“သန်းခေါင်ယံ ကို နေ့မှတ်ပါလို့”


 

 သက္ကာဦး(ပညာရေး)

ညဉ့်ကလည်းနက်လာလေပြီ။ ညဉ့်ဦးယံ ကြက်တောင် တွန်နေလေပြီ။
ခေါင်းရင်ဘက်အိမ်မှ ဖိုးအေးတို့လင်မယား ခြင်ထောင်ထဲမှ စကားပြောသံကိုကြားနေရသည်။
“ဝှီး ဖတတ်..တတ်..တတ်”
“ကတော်…ကွက်ကွက်”
“အောက်…အီးအီးအွတ်”

“ကိုဖိုးအေး တော့်…ကိုဖိုးအေး၊ တော့်ကို မီးထပိတ်ပါပြောနေ မကြားဘူးလား”
“ဟာ မိထွေး..ဇိမ်ကျနေမှဟာ ခုမှ စနွေးခါစ ရှိသေး၊ ကြက်တွေ ထဖမ်းရတစ်မျိုး၊ ဘဲတွေ ထခြံသွင်းရတာ တစ်မျိုး၊ ဒီအထဲ…နင်ကတစ်မျိုး”
“ဘာ…တော်က ဘာဇိမ်ကျနေတာလဲ၊ နောက်မှ ဇိမ်ကျ ခုထပိတ်တော်…”
“နင်တို့ကလည်း…ချမ်းရတဲ့အထဲဟာ နေပါစေ ဖွင့်ထားလိုက်”
ကိုဖိုးအေး ခြင်ထောင်ထဲမှာ ကွေးနေတုန်း နောက်ဖေးကြက်တန်းဆီက တိုက်ကြက်ဖကြီး “စဥဒိုး”က အိမ်ထဲထိ ထပျံလာပြီး အိပ်နေသည့်ခြင်ထောင် အနားထိပင် ရောက်လာသည်။
“ဖလပ်…ဖလပ်”
“ဟ ဟ ဟ ဘာတုန်းဟ၊ လုပ်ပါဦးဟ”
“တော့်ကို မပြောဘူးလား။တော့်..တိုက်ကြက်ကြီး တော့်အနား လာတာလေ.. ခုမှ ဘာ လုပ်ပါဦးလဲ”
“ဖယ်…တော်မပိတ်ရင် ကျုပ်ထပိတ်မယ်၊ ဘယ်နဲ့တော်…ခုမှ လျှပ်စစ်မီးနဲ့ စနေရတာ တစ်ရက်တောင် မရှိသေးဘူး။ ဘဝင်က မြင့်ချင်နေပြီ..ဟွန်း..ပြောလိုက်ချင်ဘူး”
မမိထွေးလည်း သူ့ယောက်ျားကို ပြောမရတဲ့အဆုံး စိတ်တိုတိုနှင့် မီးထပိတ်ရန် ကြမ်းကို‌ ဆောင့်ဆောင့် အောင့်အောင့် နင်းသံကို ကြားနေရသည်။
“ဒုန်း…ဒုန်း…ဒုန်း”

သစ်ချီတင်တစ်ရွာလုံးရှိ လမ်းကြိုလမ်းကြားမကျန် လျှပ်စစ်မီးများထိန်လင်းနေသည်။ ယခုခေတ် ပြည်မြို့ နယ်တွင် ကျေးရွာမြောက်အမြား လျှပ်စစ်မီးတွေ သွယ်တန်းခွင့်ရရှိခဲ့သည်မှာ ကျေးလက်တွေအတွက် ဖွံ့ ဖြိုး တိုးတက်ရာ လမ်းစပင်ဖြစ်တော့သည်။ သို့သော် တန်ဖိုးရှိလှသည့် လျှပ်စစ်မီးကို ကောင်းစွာ အသုံး ပြုတတ်ဖို့လည်း လိုပေသည်။ ထို့အတူ ချွေတာစွာ သုံးစွဲတတ်ဖို့လည်း လိုပေဦးမည်ဖြစ်သည်။

ယခုမှ လျှပ်စစ်မီးသွယ်တန်းခွင့် စတင်ရရှိသော ကျေးရွာများအနက် ကျွန်တော် ပညာရေး တာဝန်ကျခဲ့ဖူးသော”သစ်ချီတင်ရွာ”ကလေးမှာလည်း အပါအဝင်ဖြစ်ခဲ့သည်။
ကိုယ်စာသင်ခဲ့ဖူးသော ပညာရေး(သို့မဟုတ်)ရွာရှိ(အ.မ.က)စာသင်ကျောင်းအတွက်လည်း ရွာသူရွာ သား ကျောင်းသားမိဘများမှ ထည့်ဝင်လှူဒါန်း၍ မီတာ၊မီးလုံးများ တပ်ပေးခဲ့၍ ကျေးဇူးတင်မိသည်။
ထိုရွာမှ မပြောင်းရွေ့ခင် အကြိမ်ကြိမ် ယဉ်ခဲ့ရသော စိတ်ကူးအိပ်မက်တစ်ခုကို ယခုတော့ မျက်ဝါးထင် ထင် မြင်တွေ့ခွင့်ရနေပြီဖြစ်သည်။ လျှပ်စစ်မီးတွေ ထိန်နေသည့် သစ်ချီတင်ရွာကလေး ဖြစ်ခဲ့ပါပြီ။

ရွာမှာ တာဝန်ကျစက အကြိမ်ကြိမ်မက်ခဲ့ရဖူးသော ကျွန်တော့်အိပ်မက်၊ ယခုတော့ အကောင်အထည် ပေါ်ခဲ့ပြီမို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်။ ကျွန်တော့် တပည့်လေးတွေ လျှပ်စစ်မီးဖြင့် စာကြည့်နိုင် ပြီဖြစ်၍ အထူးပင် ဝမ်းသာပီတိဖြစ်နေမိတော့သည်။ လျှပ်စစ်မီးကြောင့် ကျေးရွာကလေး အစစအရာရာ ဖွံ့ဖြိုးတိုးတက်ပေတော့မည်ကို မှန်းဆမျှော်တွေးရင်းလည်း ဝမ်းသာပီတိတို့အပေါ် ဂွမ်းဆီထိသကဲ့သို့ ဖြစ်ခဲ့ရပြီ။

သည်နေ့ နေ့လယ်မှ မီးလင်းခွင့်ရသဖြင့် တစ်ရွာလုံး မီးရှိသူတွေအိမ်မှာ မီးထွန်းအိပ်နေကြ၍ အိပ်မပျော်ကြဟန်တူသည်။ မနက်မိုးလင်းရင်လည်း မီးဖွင့်ပွဲ အခမ်းအနား ကျင်းပကြရဦးမည်။ မြို့မှ လွှတ်တော်လူကြီးများ၊ ဌာနဆိုင်ရာလူကြီးမင်းများ ကြွရောက်လာမှာဖြစ်လို့ ဧည့်ခံရေး ညံ့လို့မဖြစ်ပေ။ရပ်ရွာ၏ဂုဏ် သိက္ခာအတွက် ဝိုင်းဝန်းကျိုးပမ်းရမည်။ သို့သော် တစ်ရေးတော့ အိပ်မှဟန်ကျမည်။ မနက်ကျ မျက်စိ
မကြည်လို့ မဖြစ်ပေ။ ကြွလာသူတွေ ဧည့်ခံဖို့ နိူ့ခေါက်ဆွဲလည်း ထချက်ရ ဦးမည်။

မိုးပျံပူဖောင်းကအစ ဖဲကြိုး။ အားလုံးအဆင်သင့်တော့ လုပ်ပြီးသားဖြစ်သည်။
ယမန်နေ့ကလည်း မုခ်ဦးအခမ်းအနားလုပ်တာ ပင်ပန်းပေမယ့် ခုရက်ပဲ ပင်ပန်းမှာလေဟု စိတ်အားတင်းကာ အားလုံး တက်ညီလက်ညီ ကြိုးစားကြသည်။ တစ်ရွာလုံး စိတ်လှုပ်ရှားနေဟန်တူသည်။ လျှပ်စစ်မီးနှင့် မနေစဖူး စနေရ၍ ဖြစ်မည်။ အိပ်ရာထက်မှာ လူးလှိမ့်ကာ အလင်းနှင့်ဖက် အိပ်မပျော်ဖြစ်ကြသည်လားမသိပေ။ အထာမကျ ကျင့်သား မရသေး၍ မျက်စိကြောင်နေကြခြင်းလည်းဖြစ်မည်။

တစ်ချို့အိမ်တွေက စကားတွေ ထပြောနေကြသည်။သစ်ချီတင်ရွာသားတို့ ညကို နေ့မှတ်နေတာ ဖြစ်မည်။
အခါတိုင်းဆိုပါလျှင် သစ်ချီတင် ရွာကလေးသည် ညဉ့်မှာ ငြိမ်သက်နေမြဲ။ သို့သော် ယခု ညဉ့်ထက်မှာ ငြိမ်သက် မနေဘဲ လှုပ်လှုပ်ရွရွနှင့် လှုပ်ရှားနေသော ကြည်နူးမှုပုံရိပ်များကို အလင်းတွင် ကြည်လင်ပြတ် သားစွာ တောက်ပလျက် တွေ့နေရသည်။
“ဟေ့…ကိုလှပုံ အိပ်မရဘူးလားဗျ”
“ဘယ်အိပ်ရတော့မလဲကွာ၊ ငါမနက်ဖွင့်ပွဲအစီအစဉ်ဆွဲနေရတာ…ဟေ့၊ ကိုယ့်ရွာ အောက်ကျမှာစိုးလို့ဟ”
“ငအေးတို့ကကော ဘာလို့မအိပ်သေးတာလဲ”
“လူတွေက မျက်စိက အိပ်ချင်နေပြီ”
“မပြောချင်တော့ပါဘူးဗျာ”
“ဒါကြောင့် အိပ်ဖို့ ကျုပ်ကို မီးထပိတ်ခိုင်းနေတာ”
“ကျုပ်ကလည်း မပိတ်ချင်ဘူး၊ ခုလိုမြင်မြင်ထင်ကမှ အိပ်ရတာ ဇိမ်ကျသဗျို့”
ကိုယ်လည်း ရွာမီးလင်းရေးကော်မတီ ကိုလှပုံက မြို့တက်လာပြီး ဆရာကြီးကြွခဲ့ပါဖိတ်လို့ အခမ်းအနား ဖွင့်ပွဲကို တက်ဖို့ အမီ လာခဲ့ရသည်။

ဖွင့်ပွဲအခမ်းအနားကလည်း စည်ကား၍ အနီးပတ်ဝန်းကျင် အုပ်စုရွာများမှ လူကြီးအနည်းငယ်လည်း တက်ရောက် ချီးမြှင့်ကြကြသည်။
ဖွင့်ပွဲပြီးလို့ ရွာလူကြီးတွေနှင့်ရေနွေးကြမ်းဝိုင်းမှာ ပဋိသန္ဓာရ စကား၊ ဝမ်းသာစကား မုဒိတာလေးများ ပွား စကားပြောနေကြစဉ် ရွာက အသက်ကြီးကြီး ဘကြီးတစ်ဦး ထပ်ရောက်လာကာ-
“ဆရာကြီးကသာ မီးလင်းလို့ ဝမ်းသာနေတာ၊ ညက ကျုပ်တို့ရွာမှာ လျှပ်မီး စလင်းကတည်းက တစ်ရွာလုံး အိပ်ရေးဝဝ မအိပ်ကြရဘူး၊ အိမ်တွေမှာရှိကြတဲ့ ကြက်တွေ၊ ဘဲတွေလည်း လျှပ်စစ်မီးအလင်းရောင် ကြောင့် မအိပ်ကြတော့ဘဲ၊ ဝရုန်းသုန်းကား ဖြစ်လို့ဖြစ်၊ တစ်ချို့အိမ်တွေမှာဆို ကြက်တွေ အိပ်တန်းကနေ ထလာပြီး ဟိုပျံသည်ပျံနဲ့ အိမ်ထဲက အိပ်ယာ၊ ခြင်ထောင်တွေပေါ်အထိ ရောက်လာပြီး ဖြတ်ပျံလို့ပျံ။တစ် ချို့ခြံတွေထဲက ဘဲတွေကတော့”တဂတ်ဂတ် တဖျပ်ဖျပ် တဝှီးဝှီး တဘဲဘဲ”နဲ့ တစ်ညလုံး အိပ်ရေးပျက်ကြတော့တာ”ဟု ဆိုလာသည်။
“လူတွေတောင် မီးရလို့ ဒီလောက်ဝမ်းသာပျော်ရွှင်နေကြဆိုတော့ ရွာက ကြက်၊ ဘဲ၊ တိရစ္ဆာန်တွေလည်း ပျော်လွန်းလို့ တစ်ညလုံးမအိပ်ဘဲ နေသူနေ၊ မိုးလင်းပြီထင်ပြီး ထပျံ၊ ထတွန်၊ ထအော်၊ ထအစာကောက်ကြတာ ဖြစ်မှာပါ ဘကြီးရာ”ဟု ကျွန်တော်က ဆိုလိုက်ရာ အားလုံး “ဝါး” ခနဲ ပွဲကျသွားကြလေတော့ သည်။
တစ်ချို့ အိမ်တွေ မီးစရ၍ တစ်ညလုံး မီးထွန်းအိပ်လိုက်မည် အားခဲထားကြသော်လည်း ၎င်းတို့မွေးမြူထားကြသော ကြက်၊ ဘဲ၊ နွားများက တစ်ညလုံး မအိပ်ကြဘဲ ဟိုထပျံ ဒီထပျံ၊”တဂတ်ဂတ် တဖျပ်ဖျပ် တဝှီးဝှီး..တဘဲဘဲ”ဖြစ်နေကြသဖြင့် အိပ်မရကြဘဲ မိုးလင်းခါနီးမှ မိန်း(Main)ချပြီး အိပ်ကြရတော့ သည်ဟု သိလိုက်ရသောအခါ ကျွန်တော်လည်း မရယ်ပဲကို မနေနိူင်တော့ပေ။
“ဪ…သစ်ချီတင်ရွာကလေး… မီးရခဲ့ပြီပဲ”
မြန်မာပြည် သိန်းတန် သီချင်းထဲကလို”တို့ရွာကလေး ပြောင်းလဲ”နေပေပြီဟု စိတ်ထဲတွင်လည်း တွေး လိုက်မိ၏။

ထိုတစ်ည၏ သစ်ချီတင်ရွာတွင် မီးများ လင်းထိန်နေသဖြင့် ရွာက ကြက်၊ဘဲများနဲ့ ဝက်တွေ၊ နွားတွေသန်းခေါင်ယံကို နေ့မှတ်ခဲ့ကြသည်။ ရွာသူရွာသားတွေသည် မီးစရသောညတွင် ကြက်များ၊ ဘဲများ၏ဒဏ်ကြောင့် အိပ်ရေးဝဝ မအိပ်ခဲ့ကြရပေ။
ထို”လျှပ်စစ်မီး”စလင်းသောပထမ”အလင်းည”တွင်”သန်းခေါင်ကို နေ့မှတ်သော သစ်ချီတင်ရွာကလေး” ၏အဖြစ်မှာ”ပျော်ရွှင်ဖွယ် အိပ်ရေးမဝသော ညလေးတစ်ညပင်” ဖြစ်တော့သည်ဟုလည်း ကျွန်တော် တွေးနေမိတော့သည်။

(ဝန်ခံချက်။ ။နတ်သီချင်းစာသားအား ခေါင်းစဉ်နှင့်လိုက်ဖက်၍ ယူသုံးထားပါသည်)
ချမ်းမြေ့ပျော်ရွှင်ကြပါစေ—-
သက္ကာဦး(ပညာရေး)

No comments