New Artical

တောင်ငူမှအခြေတည်သည့် ဘုရင့်နောင်၏ ဒုတိယမြန်မာနိုင်ငံတော်


မြန်မာရာဇဝင်မှာ တစ်နိုင်ငံလုံးတိုင်းရင်းသားပေါင်းစုံတို့ရဲ့ ပထမအကြိမ် တစ်ညီ တည်းစုစည်းမိတာကတော့ အနော်ရထာမင်းမြတ်တည်ထောင်ခဲ့တဲ့ ပထမမြန်မာနိုင်ငံတော်ကြီးပဲဖြစ်ပါတယ်။ ပုဂံခေတ်နှောင်းပိုင်း ကာလ တွေမှာ အုပ်ချုပ်ရေးစွမ်းရည် လျော့ပါးလာခဲ့ပြီး ပဒေသရာဇ် ထီးပြိုင်နန်းပြိုင်တွေလည်း ဒေသအနှံ့ ပေါ်ပေါက် လာပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းမှာ မြင်စိုင်း၊ ပင်းယ၊စစ်ကိုင်းတို့တည်ထောင်ခဲ့ကြပြီး မြန်မာ့ဦး စွန်း(အင်းဝခေတ်)ဆီကို ဆက်လက်လျှောက်လှမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း ရှမ်းစော်ဘွား၊ မွန် ဟံသာဝတီမင်း၊ ပြည်မင်း၊ တောင်ငူမင်းတွေရဲ့ နန်းပြိုင်တွေပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ ဒီလိုအစိတ်စိတ် အမြွှာမြွှာပြိုကွဲနေကြတဲ့ ထီးပြိုင်နန်းပြိုင်တွေကို  ဒုတိယအကြိမ်  တစ်ညီတည်းစုစည်းပေးခဲ့တာကတော့ တောင်ငူမင်းဆက်ရဲ့ ဘုရင့်နောင်မင်းတရားကြီးပဲဖြစ်ပါတယ်။ ဆင်ဖြူများရှင်အမည်နဲ့လည်း ဂုဏ်ရည် ကျော်ကြားခဲ့တဲ့ ဘုရင်မင်းမြတ်ရဲ့သမိုင်းဖြစ်စဉ်တွေကိုကနဦးအစတည်ရာတောင်ငူမင်းကြီးညိုလက်ထက်က  စတင်လို့ ခေတ်ပြိုင်မှတ်တမ်းတွေနဲ့ ယှဉ်တွဲဖော်ညွှန်းလိုက်ပါတယ်။

တောင်ငူရာဇဝင်အကျဉ်း

ပုဂံခေတ် ၄၈ ဆက်မြောက် နရပတိစည်သူမင်းလက်ထက် သူရဲကောင်း ရန်မန်ငထွေးရဲ့  အဆက်အနွှယ်   သဝန်ကြီး၊ သဝန်ငယ်ညီနောင်တို့က ပုဂံ ၅၂ ဆက်မြောက်  နရသီဟပတေ့မင်းလက်ထက်ခရစ်နှစ် ၁၂၇၉ ခုနှစ်မှာ တောင်ငူမြို့ကို တည်ထောင်ခဲ့ကြပါတယ်။  သားစဉ်မြေးဆက်အုပ်စိုးလာကြပြီး မင်းဆက် ၂၉ ဆက်မြောက် မင်းကြီးညိုလက်ထက်ကိုရောက်ခဲ့ပါတယ်။ မင်းကြီးညိုကတော့ ပုဂံကျော်စွာမင်းရဲ့မျိုးရိုးကနေ ဆင်းသက်လာသူဖြစ်ပါတယ်။ မင်းကြီးညိုလက်ထက်မှာ အနီးဝန်းကျင် ပြည်၊ ဟံသာဝတီ၊ အင်းဝတို့ရဲ့ အလယ်မှာ တောင်ငူအင်အားက ခိုင်မာနေပြီဖြစ်ပါတယ်။

မင်းကြီးညို (ခရစ်နှစ် ၁၄၈၅-၁၅၃၀)၊တပင်ရွှေထီး (ခရစ်နှစ် ၁၅၃၀-၁၅၅၀)၊ဘုရင့်နောင်(ခရစ်နှစ် ၁၅၅၀-၁၅၈၁)တို့ရဲ့  တောင်ငူခေတ်နဲ့ခေတ်ပြိုင်  ပဒေသရာဇ်မင်းတွေကတော့ အင်းဝ-ရွှေနန်း ကြော့ရှင်၊ သိုဟန် ဘွား၊ အုန်းဘောင်ခုံမှိုင်း၊  မိုးဗြဲနရပတိ၊  စစ်ကိုင်းစည်သူကျော်ထင် (နရပတိ)၊ ပြည်-သတိုးမင်းစော၊ ဘုရင် ထွေး၊  နရပတိ၊  ရှင်သရက်၊  ဟံသာဝတီ-ဗညားရံ၊  သုရှင်တကာရွတ်ပိတို့ပဲဖြစ်ပါတယ်။

မင်းကြီးညိုမှသည် တပင်ရွှေထီးသို့

မင်းကြီးညိုတောင်ငူတစ်ခွင်ကို တိုင်းခန်းလှည့်လည်ရင်း ငနွယ်ကုန်းရွာသူကြီးရဲ့ သမီး ခင်ဦးနဲ့စုံဖက်ပြီး  သားတော်တပင်ရွှေထီးကို ခရစ်နှစ်  ၁၅၁၅  ခုနှစ်မှာဖွားမြင်ခဲ့ပါတယ်။ မွေးဖွားစဉ်ကာလ ဦးခေါင်းထက်မှာ ရွှေရောင်ဆံပင်တစ်ချောင်းပါလာခဲ့တာကြောင့် ဖခင်မင်းကြီးညိုက တပင်ရွှေထီးလို့ အမည်ပေးခဲ့တာဖြစ်ပါ တယ်။  မင်ကြီးညိုရဲ့  မိဖုရားခေါင်ကြီးက သားတော်မထွန်းကားတာကြောင့် တပင်ရွှေထီးရဲ့မိခင် ခင်ဦးကို မင်းကြီးညိုက မြတ်နိုးတော်မူလို့  ရာဇဒေဝီအမည်နဲ့ မိဖုရားတင်မြှောက်ခဲ့ပါတယ်။ တပင်ရွှေထီးကိုလည်း အထိန်းတော်တွေနဲ့ လိုလေသေးမရှိ ယုယပြုစုခဲ့ရာ အထိန်းတော်မင်းကြီးဆွေရဲ့ သားနဲ့သမီးဖြစ်တဲ့ ရှင်ရဲထွတ်နဲ့ ခင်ဖုန်းစိုး၊ ရှင်နီတာ၏ သမီး ခင်မြတ်တို့က ငယ်ဘဝသံယောဇဉ်တွယ်နှောင်ထားကြတဲ့ ကစား ဖော်တွေ ဖြစ်ကြပါတယ်။

တပင်ရွှေထီးနန်းတက်ခြင်း

မင်ကြီးညိုအလွန် တောင်ငူထီးနန်းရဲ့မင်းဆက်(၃၀) မြောက်မင်းဖြစ်တဲ့ တပင်ရွှေထီးနန်းသိမ်းပွဲခံယူချိန်  ငယ်စဉ် ကလေးဘ၀  အထိန်းတော်တွေကို  ဘွဲ့ဂုဏ်ထူးတွေပေးအပ်ချီးမြှင့်ခဲ့ရာမှာ ရှင်ရဲထွတ်ကို ကျော်ထင် နော်ရထာဘွဲ့ချီးမြှင့်ခဲ့ပါတယ်။ ဘုရင့်နောင်တော်ဖြစ်တာကြောင့်  နောင်အခါမှာ ဆင်ဖြူများရှင် ဘုရင့်နောင် ကျော်ထင်နော်ရထာလို့ အမည်တွင်ခဲ့တာ ဖြစ်ပါတယ်။ တပင်ရွှေထီးရဲ့အစ်မတော် သခင်ကြီးက   ဘုရင့်နောင် ရဲ့ မိဖုရား အတုလသီရိဖြစ်လာခဲ့ပါတယ်။  တပင်ရွှေထီးက  ခရစ်နှစ် ၁၅၃၀ အသက် ၁၅ နှစ်မှာ နန်းတက်ခဲ့ ပါတယ်။

တပင်ရွှေထီးလက်ထက် တောင်ငူနယ်နိမိတ်ချဲ့ထွင်ခဲ့ခြင်း

အင်းဝမှာ ရှမ်းမင်းသိုဟန်ဘွား  နန်းတက်စဉ်  တပင်ရွှေထီးက ၁၀ နှစ်သား အရွယ်ပဲရှိပါသေးတယ်။ တောင်ငူ နယ်မှာ မင်းကြီးညိုလွန်မြောက်ခဲ့ချိန် ပြည်မင်းနရပတိအနေနဲ့ ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိနဲ့ ပေါင်းပြီး တောင်ငူထီးနန်းကိုလုယူဖို့ ကြံစည်ခဲ့ပါတယ်။ တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့က ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိရဲ့  အားအထားရဆုံး အမတ်ကြီးဗညားလောနဲ့ ဗညားကျန်းတို့ကို ဥပါယ်တံမျဉ်နည်းသုံးပြီး  ဟံသာဝတီနန်းကနေ ဖယ်ရှားခဲ့ပါတယ်။

တပင်ရွှေထီးနဲ့ ယောက်ဖတော် ဘုရင့်နောင်တို့က ဟံသာဝတီကို သုံးကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခရစ်နှစ် ၁၅၃၆ခုနှစ်မှာ ဟံသာဝတီကျဆုံးခဲ့ပါတယ်။ ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိက မိမိရဲ့ယောက်ဖတော် စပ်သူ ပြည်မင်းနရပတိထံ  ခိုလှုံအကူအညီတောင်းပြီး တောင်ငူတပ်တွေကို ခုခံခဲ့ကြပါတယ်။ ပြည်မင်း ဘက်ကနေ အင်းဝမင်း သိုဟန်ဘွားကို အကူအညီတောင်းလို့ ဟံသာဝတီ၊ပြည်၊    အင်းဝသုံးပြည်ထောင် တပ်တွေနဲ့တောင်ငူတပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။

ဘုရင့်နောင်ရဲ့ နောင်ရိုးတိုက်ပွဲ

ရာဇဝင်တွင်ခဲ့တဲ့  ဘုရင့်နောင်  ဖောင်ဖျက်တိုက်တဲ့တိုက်ပွဲက  ဒီအချိန်မှာ ဖြစ်ခဲ့တာပါ။ ပြည်တစ်ဖက်ကမ်း ကိုရောက်နေတဲ့ ဟံသာဝတီတပ်တွေရှိရာကို နောင်ရိုးချောင်းဖြတ်ပြီး တိုက်ပွဲဆင်နွှဲရချိန်မှာ စစ်သည်တွေရဲ့ လှေဖောင်အားလုံးကို ချောင်းကူးပြီးတာနဲ့ ဖျက်ဆီးလိုက်လို့ အနိုင်ယူရမယ်ဆိုတဲ့သတ္တိ ပြင်းပြတဲ့စိတ်ဓာတ် ဖြစ်ပေါ်လာအောင် မြှင့်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ရဲဝံ့စွန့်စားတဲ့ ဘုရင့်နောင်ရဲ့စိတ်ဓာတ်က မိမိထက်   အင်အားများစွာ သာလွန်တဲ့ ရန်သူကိုအောင်မြင်နိုင်ခဲ့ပါတယ်။

ဟံသာဝတီကို မြို့တော်ရွှေ့ခြင်း

တောင်ငူကိုအခြေပြုခဲ့တဲ့ မင်းတရားရွှေထီးက ပြည်မင်းကိုအောင်မြင်ပြီးတဲ့နောက် ရခိုင်အိမ်ရှေ့စံက   အကူအညီတောင်းလို့ ချီတက်ကူညီပေးခဲ့ရပါတယ်။အဲဒီနောက်  အထက်အညာတစ်ကြောကို ဆက်လက်သိမ်း ပိုက်ခဲ့ရာ မင်းဘူး၊ မြင်းခြံဒေသတို့တိုင် ရောက်ရှိခဲ့ပေမယ့်မြန်မာ့မြို့တော် အင်းဝကို သိမ်းပိုက်လိုပုံ မရခဲ့ပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကို ပိုပြီးစိတ်ဝင်စားခဲ့ပုံရပါတယ်။ ခရစ်နှစ် ၁၅၃၉ ခုနှစ်မှာ ထီးနန်းကိုတောင်ငူကနေ ဟံသာဝတီကို ရွှေ့ပြောင်းခဲ့တာကလည်း တိုင်းရင်းသားစည်းလုံးရေးအပြင် ဟံသာဝတီ-ပဲခူးရဲ့ ကြွယ်ဝတဲ့ဆိပ်ကမ်းအပါအဝင် ရှိတဲ့အရပ်အနေသင့်မှုကြောင့်လည်း ပါခဲ့ပါတယ်။ မွန်ပဒေသရာဇ်တွေရဲ့ ဒေသစည်းလုံးရေး ပြိုကွဲနေကြတာကလည်း မွန်ဒေသကို သိမ်းပိုက်အောင်မြင်ရေး အချက်ဖြစ်ပါတယ်။

ခရစ်နှစ် ၁၅၄၉ ခုနှစ်မှာ သံလျင်-သမိန်ထောရာမ ပုန်ကန်မှုကိုနှိမ်နင်းဖို့ ဘုရင့်နောင်ဒလကို ချီတက်နေတုန်း စစ်တောင်းစားသမိန်စောထွတ်ကလုပ်ကြံခဲ့လို့  ခရစ်နှစ်၁၅၅၀ ခုနှစ်မှာ  တပင်ရွှေထီးနတ်ရွာစံခဲ့ပါတယ်။

ဆင်ဖြူများရှင် ဘုရင့်နောင်ကျော်ထင်နော်ရထာ

မြန်မာ့သမိုင်းစဉ်တစ်လျှောက်  ဘုရင့်နောင်ကျော်ထင်နော်ရထာ လက်ထက်မှာအကျယ်ဝန်းဆုံး နိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့ပါတယ်။ ယိုးဒယား၊ ဇင်းမယ်၊ ရှမ်း၊မဏိပူရ စတဲ့အနီးဝန်းကျင်ဒေသတွေကို သိမ်းပိုက်နိုင် ခဲ့ပါတယ်။  မင်းတရားရွှေထီး နတ်ရွာစံချိန်မှာ ထီးပြိုင်နန်းပြိုင်ပဒေသရာဇ်တွေက ပြန်ပြီးလှုပ်ရှား လာကြပြန် ပါတယ်။ အညာတစ်ကြောဒေသတွေကလည်း မိမိမြို့ရွာတွေကို ခိုင်ခံ့အောင်ပြုလုပ်ကြပြန်ပါတယ်။ ဒီလိုပြန် လည်ရှုပ်ထွေးလာတဲ့အခြေအနေတွေကို ထီးနန်း ဆက်ခံခဲ့သည့် ဘုရင့်နောင်မင်းတရား ရင်ဆိုင်ခဲ့ရပါတယ်။ အစောဆုံး တောင်ငူကိုချီတက်သိမ်းယူပြီး အညာတစ်ကြောမှာ လူသူစုဆောင်းလို့ ပြည်မြို့ကို သိမ်းယူခဲ့ ပါတယ်။ ဆက်ပြီး ပုဂံ၊ စလေဒေသတွေကို သိမ်းပိုက်ပြီး ခရစ်နှစ် ၁၅၅၂ ခုနှစ်မှာ ဟံသာဝတီကို အောင်မြင်ခဲ့ပါတယ်။

အင်းဝကိုလည်း  ခရစ်နှစ် ၁၅၅၅  ခုနှစ်မှာ  အောင်မြင်ခဲ့ပါတယ်။ မြောက်ဘက်ရှမ်းပြည်နယ်ကို ခရစ်နှစ် ၁၅၅၆ ခုနှစ်မှာ ဆက်လက်ချီတက်ပြီး ခရစ်နှစ် ၁၅၆၂ ခုနှစ်မှာ  ရှမ်းပြည်ဒေသအများစုကို သိမ်းပိုက နိုင်ခဲ့ပါတယ်။

ယိုးဒယားကို အောင်မြင်ခြင်း

တပင်ရွှေထီးနတ်ရွာစံပြီး မြန်မာနိုင်ငံပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေချိန်ယိုးဒယားတို့က စစ်အင်အား စုဆောင်းမှုတွေပြုလုပ်လာပါတယ်။ ဘုရင့်နောင်ကျော်ထင်နော်ရထာက  ဆင်ဖြူနှစ်စီး ပေးအပ်ဖို့  ယိုးဒယား ဘုရင်ထံ တောင်းဆိုခဲ့ပါတယ်။ ရည်ရွယ်ချက်က ဘုန်းကံကြီးမားလာတဲ့ ဘုရင့်နောင်ရဲ့ဘုန်းရိပ်ကို  ခိုလှုံမ လား၊ စစ်တိုက်မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ယိုးဒယားကို နှစ်ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ခရစ်နှစ်  ၁၅၆၃ ခုနှစ် ပထမအကြိမ်သိမ်းပိုက်အပြီးမှာ ယိုးဒယား ဘုရင် ဗြယာဓိရာဇာနဲ့ မင်းသားတွေ၊ မှူးမတ်တွေကို ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့ပါတယ်။ ယိုးဒယား ဘုရင့်သား တော်ကြီးဗြမဟိန်ကို နန်းစောင့်ထားခဲ့ပါတယ်။ ကြေးနဲ့လုပ်ထားတဲ့ မင်း၊ မိဖုရား၊ ဆင်ရုပ်ကြီး ၃၀ ကျော် ကိုလည်းသယ်ဆောင်လာခဲ့ပါတယ်။ ဆင်ဖြူတော်လေးစီးလည်းရခဲ့ပါတယ်။ ဒုတိယအကြိမ်က ခရစ်နှစ် ၁၅၆၈ ခုနှစ်မှာဖြစ်ပါတယ်။ စစ်ဖြစ်ရတဲ့အကြောင်းရင်းက ဖမ်းဆီးလာတဲ့  ယိုးဒယားမင်းက  ရဟန်းပြုဖို့  ခွင့်တောင်းပြီး ယိုးဒယားကိုပြန်လို့ ပုန်ကန်ခြားနားခဲ့တာကြောင့်ဖြစ်ပါတယ်။

စစ်ဆင်နွှဲနေစဉ်မှာပဲ  ယိုးဒယားမင်းဗြယာဓိရာဇာလည်း  နတ်ရွာစံ၊ သားတော်လည်းအဖမ်းခံရပြီး ယိုးဒယား မင်းရဲ့သမက်တော် ပိသလောက်မြို့စား စော်ဘွားသောင်ကျည်ကို နန်းစောင့်ထားခဲ့ပါတယ်။ ဆင်ဖြူများရှင် နတ်ရွာစံချိန်အထိ ယိုးဒယားက မင်းတရားကြီးကို လေးစားကြည်ညိုပြီး မြန်မာ့လက်အောက်ခံအဖြစ် ပြေလည် စွာဆက်ဆံခဲ့ပါတယ်။

ဆင်ဖြူသုံးစီး ဘုန်းတန်းကြီးသည့် ဟံသာဝတီနိုင်ငံတော်

ဘုရင့်နောင်မင်းတရားကြီးလက်ထက်မှာ မြန်မာ့သမိုင်းရဲ့ ကြီးကျယ်အခမ်းနားဆုံး၊ နယ်ပယ် အကျယ်ဝန်း ဆုံးသော ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ခဲ့တာက အစကောင်းလို့ အနှောင်းသေချာ ခဲ့တယ် လို့ဆိုနိုင်ပါတယ်။ မင်းကြီးညိုလက်ထက်မှာ အင်အားအစပြုလို့ သားတော်တပင်ရွှေထီးနဲ့ဆက်ခံသူ ဘုရင့်နောင်တို့ရဲ့  ရဲစွမ်းသတ္တိ၊ စစ်ရေးကျွမ်းကျင်မှု၊ စစ်ပရိယာယ်ကြွယ်ဝမှုတို့က  အနိုင်ရခဲ့တဲ့တိုက်ပွဲတိုင်းက သက်သေပြုနေကြပါတယ်။ အနိုင်ရခဲ့တဲ့ ဒေသတွေပေါ်မှာလည်းမျှတမှုနဲ့ စည်းရုံးဆောင်ရွက်နိုင်ခဲ့တာ ကြောင့်  စစ်ရှုံးသူတွေကပင်   လေးစားကြည်ညိုခဲ့တာကို သမိုင်းက သက်သေပြုပေးခဲ့ပါတယ်။  ဆင်ဖြူသုံးစီး ဘုန်းတန်းကြီး နေမီးတန်ဆောင်ထွန်းလတ္တံလို့ ပြောနိုင်တဲ့ မင်းကြီးညို၊ တပင်ရွှေထီးနဲ့ ဘုရင့်နောင် မင်းမြတ်သုံးပါးတို့ရဲ့ ဒုတိယမြန်မာနိုင်ငံတော်ကြီးက မြန်မာတို့ရဲ့ ကြီးမြတ်တဲ့မှတ်တိုင်တစ်ခုဖြစ်သလို အတုယူအားကျစရာများစွာကို   အမွေခံထားခဲ့ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ   ရေးသားလိုက်ရပါတယ်။

ဟန်တင်(သမိုင်းကျောင်းသား)

No comments