New Artical

အပေါင်းအသင်းတတ်ခြင်းဖြင့် အောင်မြင်ကြစေချင်

 


ကမ္ဘာပေါ်တွင်  အသက်ရှင်သန်နေထိုင်ကြသော သတ္တဝါများအနက် လူသားများသည် အဆင့်မြင့်သော လူမှုဆက်ဆံရေးပုဂ္ဂိုလ်များပင်ဖြစ်သည်။ ထို့ကြောင့်လည်း တစ်ဦးတစ်ယောက်တည်းဖြင့် သီးခြားရပ်တည်နေထိုင်လေ့မရှိကြပေ။ ဘဝတွင် ရပ်တည်ရှင်သန်နိုင်ရေးအတွက် အပေါင်းအသင်းများ၊ မိတ်ဆွေများ၊ အဖွဲ့အစည်းများစွာဖြင့်  သင့်တင့်မျှတစွာ ဆက်ဆံကြရလေသည်။ လူသားတိုင်းတွင်  အနည်းဆုံးအားဖြင့် မိသားစုဟူသော အဖွဲ့အစည်းနှင့် မလွဲမသွေ ဆက်ဆံနေထိုင်ကြရသည်ပင်ဖြစ်သည်။ လူ့လောက၊  လူ့ပတ်ဝန်းကျင်သို့ ရောက်ရှိလာသည်နှင့် အသက်ရှင်သန်ရပ်တည်ရေးအတွက်  လှုပ်ရှားကြိုးစားကြရမည်မှာ ဓမ္မတာပင်ဖြစ်သည်။ ထိုသို့ ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက်  လှုပ်ရှားကြိုးစားရာတွင်  တစ်ဦးတစ်ယောက်တည်း ကြိုးစားလုပ်ကိုင်နေခြင်းထက် အဖွဲ့အစည်းများနှင့်  အတူတူကြိုးစားခြင်းကသာ ပို၍အဆင်ပြေအောင်မြင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့်ပင် ကျွန်တော်တို့သည် ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာသင်ကျောင်းဆိုသော ပတ်ဝန်းကျင်အဖွဲ့အစည်းအတွင်းသို့ဝင်ရောက်ပြီး ဘဝအတွက်   အသိပညာ၊ အတတ်ပညာများကို ကြိုးစားသင်ယူနေကြခြင်းဖြစ်ပေသည်။ လူ့လောကတွင် ရပ်တည်နိုင်ရေးနှင့် အောင်မြင်နိုင်ရေးတို့အတွက် ကြိုးစားရာတွင် ပတ်ဝန်းကျင်ရှိ အဖွဲ့အစည်းများနှင့် မလွဲမသွေရင်ဆိုင်ကြရပေမည်။ ထို့ကြောင့်   မိတ်ဆွေများ၊  အပေါင်းအသင်းများ၏ အခန်းကဏ္ဍသည်   အလွန်အရေးပါလှပေသည်။လူတိုင်းလူတိုင်းသည် မိတ်ဆွေကောင်းကို ရရှိရန် မျှော်လင့်ကြသည်ပင်ဖြစ်သည်။ သို့သော် လူအများစုသည် မိမိတို့ကိုယ်တိုင်က မိတ်ဆွေစစ်၊   မိတ်ဆွေကောင်းများဖြစ်ရန်ကိုမူ  မေ့လျော့နေတတ်ကြလေသည်။   ဈေးဝယ်ကြရာတွင်မူ    မိမိအလိုရှိသော ကုန်ပစ္စည်းနှင့် သင့်တော်သည့် ငွေကြေးကိုပေးမှသာ မိမိအလိုရှိသောပစ္စည်းကို  ရရှိနိုင်မည်ဖြစ်သည်။အပေါင်းအသင်း၊ မိတ်ဆွေများနှင့် ဆက်ဆံကြရာတွင်လည်း ထို့အတူပင်ဖြစ်လေသည်။ “မိမိကိုယ်တိုင်က အပေါင်းအသင်းကောင်း၊မိတ်ဆွေကောင်း ပီသပါမှ မိမိထံသို့ အပေါင်းအသင်းကောင်း၊မိတ်ဆွေကောင်းများက ရောက်ရှိလာမည်ကို အကြောင်းအကျိုးယှဉ်၍”သတိပြုကြရပေမည်။   အပေါင်းအသင်းနှင့် ပတ်သက်၍ လူဆိုး၊ လူမိုက်များကို မပေါင်းဖော်ရခြင်းနှင့် ပညာရှိသူတော်ကောင်း လူလိမ္မာတို့ကို ပေါင်းဖော်ရခြင်းသည် မင်္ဂလာမည်ကြောင်းကို သုံးလောကထွတ်ထား ဗုဒ္ဓမြတ်စွာဘုရားမှ  ဟောကြားဆုံးမတော်မူခဲ့ပါသည်။ ယနေ့ခေတ်တွင် လူနေမှုအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ  ပတ်ဝန်းကျင်နှင့် အဖွဲ့အစည်းများလည်း တိုးပွားလာကြလေသည်။ ထို့ကြောင့် အပေါင်းအသင်းများ၊မိတ်ဆွေများနှင့်  လူမှုဆက်ဆံရေးတို့တွင် ပိုမိုကျယ်ပြန့်လာပေသည်။ လူမှုဘဝတွင် ရပ်တည်ရှင်သန်ရေးနှင့် အောင်မြင်ရေးတို့အတွက် မိတ်ဆွေများ၊  အပေါင်းအသင်းများ၏ ဆက်ဆံရေးကဏ္ဍသည် အလွန်အရေးကြီးလှပေသည်။  ထို့ကြောင့် လူသားများအနေဖြင့်   အပေါင်းအသင်းမိတ်ဆွေများနှင့်   မည်သို့ပေါင်းသင်းဆက်ဆံကြရမည်ကို သိရှိနားလည်ပြီး လက်တွေ့အသုံးချတတ်ရန်  လိုအပ်ပါသည်။

အပေါင်းအသင်း၊  မိတ်ဆွေများကို   ရွေးချယ်ပေါင်းသင်းကြရာတွင်    နိမ့်ကျသူများနှင့်လည်း ပေါင်းသင်းကြရပေမည်။ ထိုနေရာတွင် နိမ့်ကျသူများဆိုသည်မှာ လူမိုက်များကို ရည်ရွယ်ခြင်းမဟုတ်ပေ။ လူမိုက်များကိုဖြင့် “ဝေးဝေးကပင် ဝေရမဏိ” ပြုကြရပေမည်။ နိမ့်ကျသူဆိုသည်မှာ ဘဝပေးအခြေအနေ အရ အသိပညာ၊ အတတ်ပညာ သင်ယူခွင့်မရကြသူများနှင့် လူမှုရေး၊စီးပွားရေးတို့တွင် မိမိတို့လောက် အဆင်မပြေကြသေးသူများကို ရည်ရွယ်ခြင်းဖြစ်ပေသည်။  ထိုသို့  နိမ့်ကျသူများနှင့်   အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့ရာတွင် သူတို့အပေါ်တွင်  ဖိနှိပ်လိုခြင်းကြောင့်မဖြစ်စေရန် သတိထားလိုက်နာကြသင့်ပေသည်။ သူတို့အပေါ်တွင် ကြင်နာသနားတတ်ရန်၊ မေတ္တာစိတ်ဖြင့် လမ်းညွှန်ပြသနိုင်ရေးတို့အတွက်  အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့ကြရမည်ဖြစ်သည်။ နိမ့်ကျသူများအပေါ်တွင် ထိုစိတ်ဓာတ်မျိုးနှင့် အပေါင်းအသင်း၊ မိတ်ဆွေပြုလုပ်ရခြင်းသည် မိမိတို့အပေါ်တွင် အကျိုးကျေးဇူးများ ရရှိစေပါသည်။  နိမ့်ကျသူတစ်ယောက်အပေါ်တွင် မိမိအနေဖြင့် လမ်းညွှန်ပြသလိုက်၍ ထိုသူအောင်မြင်သွားခဲ့လျှင် သင်လည်း အောင်မြင်သွားပေသည်။ ထိုသို့ဖြစ်လာခဲ့လျှင် သင်သည် လူနှစ်ယောက်ကို  တစ်ပြိုင်နက်တည်း အောင်မြင်စေရန် ပြုလုပ်ပေးနိုင်သူဖြစ်လာပါသည်။  အဘယ်ကြောင့်ဆိုသော် သင်၏လမ်းညွှန်ပေးမှုကြောင့်  ထိုသူအောင်မြင်သွားရသလို သင်သည်လည်း   လမ်းညွှန်မှုပေးရာတွင် အောင်မြင်စွာ    ပေးနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။ထို့ကြောင့်   နိမ့်ကျသူများအပေါ်တွင်  ဖိနှိပ်ရန်မဟုတ်ဘဲ လမ်းညွှန်ပြသပေးရန်  အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့ကြရပေမည်။ မိမိထက် ကြီးမြင့်သူများနှင့်လည်း  အပေါင်းအသင်း၊ မိတ်ဆွေများ ဖွဲ့ကြရမည်ဖြစ်သည်။ မိမိထက် အစစအရာရာ သာလွန်ပြီး အောင်မြင်နေကြသူများ၊ ကြီးမြင့်သူများနှင့် အပေါင်းအသင်းဖွဲ့ရာတွင် မနာလိုဖြစ်ရန်မဟုတ်ပေ။ အတုယူ ကြိုးစားအားထုတ်ကြရန်အတွက်သာဖြစ်သည်။ သူတို့ဆီမှ  လေးစားအတုယူစရာ ကောင်းမွန်သောအချက်များကို  စံနမူနာထားရင်းဖြင့် မိမိတို့၏ လိုအပ်ချက်၊အားနည်းချက်များကို သုံးသပ်ပြုပြင်ကြရပေမည်။  သို့မှသာ  မိမိထက် ကြီးမြင့်သူများနှင့် အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့ရင်းဖြင့်  မိမိတို့၏  အောင်မြင်မှုလမ်းကြောင်းပေါ်သို့  မယိမ်းမယိုင် လျှောက်လှမ်းနိုင်ကြမည်ဖြစ်ပေသည်။ ထို့ပြင် မိမိနှင့်  အသိပညာ၊ အတတ်ပညာ တူညီသော၊ လုပ်ငန်းရည်ရွယ်ချက်တူညီသော တန်းတူလူသား အချင်းချင်းနှင့်လည်း   အပေါင်းအသင်း၊ မိတ်ဆွေ ဖွဲ့ကြရပေမည်။  အောင်မြင်မှုလမ်းကြောင်းပေါ်သို့ အတူတူလျှောက်လှမ်းနေကြသော တန်းတူလူသား အချင်းချင်းငြင်းခုံနေကြဖို့၊  တိုက်ခိုက်နေကြဖို့ မဟုတ်ပေ။ ကြုံတွေ့လာသော အခက်အခဲ၊ ပြဿနာများကို အတူတူပူးပေါင်း၍  ဖြေရှင်းနိုင်ရန်ဖြစ်ပေသည်။ အောင်မြင်မှုရရှိစေရန်  ကြိုးစားနေကြဆဲဖြစ်သောကြောင့် မိမိတို့၏လိုအပ်ချက်များ၊ အားနည်းချက်များကို  အချင်းချင်းဆွေးနွေးတိုင်ပင်အဖြေရှာကြရင်း အတူတူ လျှောက်လှမ်းကြရပေမည်။ တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်ကြခြင်းဖြင့် ရရှိလိုသော အောင်မြင်မှုများကို ရှာဖွေတွေ့ရှိနိုင်ကြပေမည်။ ထို့ကြောင့် အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့ကြရာတွင် မိမိတို့ကိုယ်တိုင်က စိတ်ထားမှန်ကန်စွာ ထားရှိရန်သာ ပဓာနကျပေသည်။ မိမိအောက် နိမ့်ကျသူဖြစ်စေ၊မိမိထက် ကြီးမြင့်အောင်မြင်သူဖြစ်စေ၊ မိမိနှင့် တန်းတူကြိုးစားနေသူဖြစ်စေ  အပေါင်းအသင်း၊ မိတ်ဆွေဖွဲ့သင့်ကြပေသည်။ သူတစ်ပါး၏အပေါ် မိမိပေးလိုက်သည့် အရာပေါ်တွင်မူတည်၍ အကျိုးရလဒ်အဖြစ် မိမိရရှိမည်ဖြစ်သည်။မိမိအနေဖြင့် ကောင်းခြင်းကို ပေးမှသာ မိမိအပေါ်တွင်လည်း  ကောင်းသော အကျိုးရလဒ်ပြန်လာမည်ဖြစ်သည်။ မိမိက ဆိုးခြင်းကိုပေးလျှင် ဆိုးသောအကျိုးရလဒ်သည်   မိမိထံသို့ ရောက်ရှိလာမည်ဖြစ်သည်။  ထို့ကြောင့်    နိမ့်ကျသူအပေါ်တွင် မဖိနှိပ်ဘဲ သနားညှာတာ စောင့်ရှောက်ခြင်း၊  ကြီးမြင့်သူအပေါ်တွင်   မနာလိုခြင်းမဖြစ်ဘဲ လေးစားအတုယူတတ်ခြင်း၊ တန်းတူအချင်းချင်းအပေါ်တွင် ငြင်းခုံတိုက်ခိုက်ခြင်းမပြုဘဲ  ဆွေးနွေးတိုင်ပင် အဖြေရှာတတ်ခြင်းရှိကြ၍ လူသားတိုင်း  အပေါင်းအသင်းမှန်ကန်ကြပြီး အောင်မြင်မှုများ ရရှိနိုင်ကြစေကြောင်း ဆုမွန်တောင်းရေးသားလိုက်ပါသည်။       ။

ကိုငြိမ်းငယ်(ကျွန်းဒေါင့်)

No comments