New Artical

❝ သောက်တော်ရေ အမြဲ ကပ်ပါ ❞


ဂါထာတွေ၊ မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ။
ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်၊သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်းအေးနေအောင်ထားမယ် ဆိုရင်အိမ်တွင်းရေးလည်း အေးချမ်း၊စီးပွားလမ်းလည်းဖြောင့် ၊အစစအရာရာ အဆင်ပြေမှာပါ။
သောက်တော်ရေ တနေ့ ဘယ်နှစ်ခါလဲတုံး။“နှစ်ခါ”။နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ်ထင်တယ်နော်။
ကဲ…ကိုယ်ကတော့ “ရေ” တနေ့ဘယ်နှစ်ခါ သောက်တုံး။“ဆယ်ခါ”။
တော်တော်တရားတယ်။ဘုရားကျတော့ ရေငတ် ထားတယ်။
ကိုယ်ကျတော့ ဆာတိုင်း သောက်တယ်။
အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကိုသောက်တော်ရေ လဲပြီး ကပ်မယ်ဆိုရင်ပိုကောင်းတယ်နော်။
အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူး ဆိုရင်တောင်မှ“မနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ”တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော်ရေလေးလဲပြီး ၊ ကပ်ရင်ကောင်းတာပေါ့။
ကိုယ် ရေသောက်တိုင်း၊ သောက်တိုင်းလည်းပဲကိုယ်ပါးစပ်ထဲ ရေမထည့်ခင်
ကိုယ်သောက်မယ့်ခွက်ကိုလက်ကလေးနဲ့ ကိုင်ထားပြီးတော့“မြတ်စွာဘုရားရှင်အား သောက်တော်ရေလှူဒါန်းပါတယ်”လို့ စိတ်ကအာရုံပြုပြီးတော့မြတ်စွာဘုရားရှင်ကို သောက်တော်ရေ ကပ်လိုက်ပေါ့။
ကိုယ်သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့ကပ်လိုက်ရုံပါပဲ။
ဘုရားဆီ သွားပြီး ကပ်စရာမလိုပါဘူး။
ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။
ကိုယ်ရေသောက်တိုင်း မြတ်စွာဘုရားကိုသောက်တော်ရေချမ်း လှူဒါန်းပြီးမှ ကိုယ်က စွန့်သောက်ပါ။
အရက်သမား၊ဘီယာသမား တချို့တောင်အရက်သောက်ခါနီး၊ဘီယာသောက်ခါနီး ကိုယ်သောက်မယ့်အရက်ပုလင်း၊ဘီယာပုလင်းကို “အရက်သမားနတ် ကိုကြီးကျော်” ကိုပသတဲ့ အနေနဲ့ နဖူးရှေ့ လက်နဲ့ မြှောက်ပြီး၊အာရုံပြုကြသေးတယ်မဟုတ်လား။
ကိုကြီးကျော် တပည့်တွေထက်၊ဘုရားတပည့်တွေက သာမှ ဖြစ်မှာနော်။ သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး။ဘာပဲစားစား။
သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ်။
နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်၊မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား။
မစားခင် “သရဏဂုံလေး၊ ဘာလေး” လည်း ရွတ်ပေါ့။သရဏဂုံရွတ်နေတဲ့အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့အချိန်လို့ သဘောထားပေါ့။
သရဏဂုံလေး “သုံးခေါက်” ရွတ်ပြီးသွားပြီ ဆိုတော့မှ“ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရား”လို့စွန့်ပြီး စားပေါ့နော်။
မြတ်စွာဘုရားရှင်က တန်ခိုးနဲ့ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့။ ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။
အဲဒီတော့ ဘုရားကပ်ပြီးတော့စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွားတာပေါ့။ နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့ သူတွေမှ ရောက်တာနော်။ အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။ သောက်တော် ရေချမ်းမနွေးပါစေနဲ့။
ဒါ အရေးကြီးပါတယ်။။
 
ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments