New Artical

လုပ်ငန်းရှင်တဦး မရှိမဖြစ်လိုတဲ့ ကျွမ်းကျင်မှုပညာရပ်များ


အသေးစားလုပ်ငန်းရှင်တွေမှာ အမျိုးမျိုးသော နောက်ခံအတွေ့အကြုံကို လိုက်ပြီး အားနည်းချက်၊ အားသာချက်အမျိုးမျိုး၊ စရိုက်ဝါသနာအမျိုးမျိုး ရှိတတ်ကြပါတယ်။

ဘယ်လိုပဲ အားနည်းချက်၊ အားသာချက်တွေ၊ ဝါသနာတွေ ရှိနေပါစေ၊ လုပ်ငန်းရှင်တယောက်ဖြစ်လာပြီဆိုတာနဲ့ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာရပ်တွေကို အခြေခံပိုင်အောင် လေ့လာဖို့နဲ့ အတွေ့အကြုံကတဆင့် ကျွမ်းကျင်တတ်မြောက်လာဖို့ ကြိုးစားအားထုတ်ရတော့မှာ ဖြစ်ပါတယ်။ ကိုယ့်ဝါသနာနဲ့ မကိုက်နဲ့ ပညာရပ်ဖြစ်နေလို့ မလေ့လာမဆည်းပူးဘဲ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ စာရင်းဇယားတွေနဲ့ နေသားကျလာတဲ့ စာရင်းကိုင်တယောက်က ဝန်ထမ်းတွေနဲ့ ပြောဆိုဆက်ဆံရတာ၊ ဖောက်သည်နဲ့ အဆင်ပြေအောင်နေရတာ၊ မိတ်သစ်ဆွေသစ်ရှာရတာမျိုးကို မလုပ်ချင်လည်း လုပ်ရမှာပါပဲ။ ကိန်းဂဏန်းတွေ မြင်ရရင်၊ အတွက်အချက်တွေလုပ်ရရင် ခေါင်းမူးတတ်သူတယောက်ဟာ လုပ်ငန်းရဲ့ ဘဏ္ဍာရေးစာရင်းဇယားတွေကို နားလည်သဘောပေါက်ဖို့၊ ခွဲခြမ်းစိပ်ဖြာတတ်ဖို့နဲ့ ဆုံးဖြတ်ချက်သစ်တွေ ချမှတ်တတ်ဖို့ မဖြစ်မနေကြိုးစားရပါလိမ့်မယ်။ ဒီလိုအချက်တွေကြောင့် လုပ်ငန်းတခုကို အလွယ်တကူ တည်ထောင်ဖို့ မလွယ်ကူရတာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တဦးအနေနဲ့ မဖြစ်မနေ လေ့လာဖို့ နဲ့ ကျွမ်းကျင်တတ်မြောက်ဖို့လိုအပ်တဲ့ ကျွမ်းကျင်မှုပညာရပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် –

Financial management (ငွေကြေးစီမံခန့်ခွဲမှု)

လုပ်ငန်းရှင်တဦးအနေနဲ့ ကိုယ့်လုပ်ငန်းအခြေအနေကောင်း-မကောင်းကို သိရှိဖို့ ငွေကြေးအဝင်အထွက် စာရင်းအင်းတွေကို နားလည်သဘောပေါက်မှ ဖြစ်မှာပါ။ ဝင်ငွေထွက်ငွေစာရင်း၊ ကုန်ပစ္စည်း ဝန်ဆောင်မှုတန်ဖိုးသတ်မှတ်ချက်နဲ့ ခန့်မှန်းဝင်ငွေတွက်ချက်မှုတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တတ်မြောက်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ လက်ရှိဘဏ္ဍာရေးအခြေအနေကို ကြည့်ရှုသုံးသပ်ပြီး အနာဂတ်အတွက် ခန့်မှန်းတတ်မှ အမြတ်အစွန်းကို ထိန်းထားနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်နိုင်မှာ ဖြစ်ပြီး လုပ်ငန်း ရေရှည်တည်တံ့ဖို့ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

Marketing, sales and customer service (မားကတ်တင်း၊ အရောင်းကဏ္ဍနဲ့ ဖောက်သည်ဆက်ဆံရေး)

ကိုယ့်ကုန်ပစ္စည်း(သို့မဟုတ်)ဝန်ဆောင်မှုက အရည်အသွေးကောင်းနေတိုင်း ဝယ်သူတွေ တဖွဲဖွဲရောက်မလာနိုင်ပါဘူး။ စားသုံးသူတွေရှိတဲ့နေရာကို သိအောင်လုပ်ပြီး ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို လူသိအောင် လုပ်ဖို့လည်း လိုပါတယ်။ မားကတ်တင်းကောင်းကောင်းလုပ်တတ်ဖို့ နေရာရွေးမှန်ဖို့ လိုပါတယ်။ ဒီဘက်ခေတ်မှာ စားသုံးသူတွေကို တစုတဝေးတည်းတွေ့နိုင်တဲ့နေရာကတော့ အွန်လိုင်းပါပဲ။ ဒီဂျစ်တယ်မားကတ်တင်းနည်းလမ်းတွေဟာ အသေးစားလုပ်ငန်းတွေအတွက် မရှိမဖြစ်လိုအပ်လာပါပြီ။ လေ့လာသင်ယူဖို့လည်း မခက်ခဲတော့ပါဘူး။ ဝန်ဆောင်မှုကောင်းတဲ့လုပ်ငန်းတွေရဲ့ မားကတ်တင်းလုပ်နည်းလုပ်ဟန်တွေကို စောင့်ကြည့်လေ့လာပြီး ကိုယ်ပိုင်ဟန်နဲ့ ထိုးဖောက်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ စားသုံးသူစိတ်ချမ်းသာအောင်လုပ်ပေးနိုင်မယ့် ဖောက်သည်ဆက်ဆံရေးနည်းလမ်းတွေကိုလည်း ရှာဖွေလေ့လာကျင့်သုံးနေရမှာ ဖြစ်ပါတယ်။

Communication and negotiation (ဆက်သွယ်ပြောဆိုဆက်ဆံရေးနဲ့ ညှိနှိုင်းရေး)

သင်ဟာ ကိုယ့်ဆီကို ကုန်ကြမ်းသွင်းနေသူတွေ၊ ဖောက်သည်တွေနဲ့ ဝန်ထမ်းတွေကို နေ့စဉ်နဲ့အမျှ ဆက်သွယ်ပြောဆိုနေရမှာ ဖြစ်တဲ့အတွက် သတင်းအချက်အလက်တွေကို တဖက်နဲ့တဖက် ထိထိရောက်ရောက် ဆက်သွယ်ပို့ဆောင်နိုင်ဖို့ နည်းလမ်းတွေကို လေ့လာသင်ကြားရမှာ ဖြစ်ပါတယ်။ ပါးချင်တဲ့ သတင်းစကားတွေကို လိုရင်းတိုရှင်းနဲ့ နားလည်လွယ်အောင် မျှဝေတတ်ဖို့လည်း အရေးကြီးပါတယ်။ ဝန်ထမ်းတွေနဲ့ သင့်အကြား အရေးပေါ် Viber, WhatsApp ဂရုဖွဲ့ထားတာမျိုး၊ စားသုံးသူနဲ့ ဆက်သွယ်ရတာ အဆင်ပြေအောင် ဒီဂျစ်တယ်ဆက်သွယ်ရေးနည်းလမ်းအမျိုးမျိုး စီစဉ်ပေးထားတာမျိုး၊ ကိုယ့်ဘက်က သတင်းအချက်အလက်တွေကို သက်ဆိုင်တဲ့ စားသုံးသူနဲ့ စီးပွားရေးမိတ်ဖက်တွေ အချိန်နဲ့အမျှ သိနေအောင် နည်းပညာအသုံးပြုပြီး မျှဝေတာမျိုး – စတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ ရင်းနှီးကျွမ်းဝင်ထားဖို့ လိုပါတယ်။

ဒါ့အပြင် စေ့စပ်ညှိနှိုင်းရေးနည်းစနစ်တွေကိုလည်း အတွေ့အကြုံကတဆင့် သင်ယူသွားဖို့လိုပါတယ်။ စေ့စပ်ညှိနှိုင်းရေးဆိုတာ ခပ်လွယ်လွယ်ပြောရရင် နှစ်ဦးနှစ်ဖက်လိုချင်တဲ့ အပေးအယူတစ်ခုကို မရမချင်း အပြန်အလှန်ဈေးဆစ်ညှိနှိုင်းရတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ လုပ်ငန်းရှင်တဦးအနေနဲ့ စရိတ်စက သက်သာအောင် ကုန်ကြမ်းရောင်းသူကို ဈေးလျှော့ခိုင်းရပါတယ်။ ဆိုင်ခန်းငှားခ၊ ရုံးခန်းငှားခ တိုးမတောင်းဖို့ ပိုင်ရှင်နဲ့ ညှိနှိုင်းရပါတယ်။ လစာတိုးတောင်းနေတဲ့ ဝန်ထမ်းနဲ့ ပြေလည်အောင် စကားပြောရပါတယ်။ ဒစ်စကောင့်များများတောင်းတဲ့ ဈေးဝယ်သူကို အကျိုးအကြောင်းရှင်းပြပြီး ရောင်းရပါတယ်။ ဒါတွေအားလုံးဟာ စေ့စပ်ညှိနှိုင်းရေးလုပ်နေရတာပါ။

စာအုပ်တွေကို ဖတ်ရင် စေ့စပ်ညှိနှိုင်းရေးကို နည်းစနစ်အဆင့်ဆင့်နဲ့ အလုပ်လုပ်ရတာကို တွေ့နိုင်ပေမယ့် လက်တွေ့မှာ အတိအကျ လိုက်ကျင့်သုံးဖို့ မလွယ်ပါဘူး။ ဒါကြောင့် စေ့စပ်ညှိနှိုင်းရေးနဲ့ပတ်သက်ရင် ကိုယ်ပိုင်အတွေ့အကြုံက အကောင်းဆုံးဆရာပါ။ အတွေ့အကြုံများများရှိထားတဲ့သူတွေဆီကနေလည်း လေ့လာသင်ယူသင့်ပါတယ်။

Leadership (ခေါင်းဆောင်မှုစွမ်းရည်)

ဒါကတော့ မရှိမဖြစ်လေ့လာဖို့ အထူးပြောစရာမလိုတဲ့ အရည်အချင်းတရပ်ပါ။ လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေ တက်တက်ကြွကြွနဲ့ လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် နှိုးဆော်ပေးရတာကအစ သူတို့ရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မှုတွေ တိုးတက်လာအောင် လေ့ကျင့်သင်ကြားပေးရတာအဆုံး အားလုံးဟာ သင့်ရဲ့ခေါင်းဆောင်မှုစွမ်းရည်နဲ့ တနည်းတဖုံဆက်စပ်နေပါတယ်။

Project management and planning (ပရောဂျက်စီမံခန့်ခွဲမှုနဲ့ အစီအမံရေးဆွဲရေး)

လုပ်ငန်းရှင်တဦးအနေနဲ့ စီးပွားရေးလုပ်ငန်းတခုစလုပ်တာနဲ့ သင့်ရှေ့မှာ ပရောဂျက်အမျိုးမျိုး တန်းစီနေပါပြီ။ လုပ်ငန်းမှတ်ပုံတင်လုပ်တာ၊ အွန်လိုင်းစာမျက်နှာထူထောင်တာ၊ ရုံးနေရာ ငှားရမ်းတာ စတဲ့ ပရောဂျက်တွေကစပြီး လုပ်ငန်းခွင်မှ ကျင့်သုံးမယ့် လုပ်ငန်းစဉ်တွေ၊ အစီအမံတွေရေးဆွဲတာ စတာတွေကို ပရောဂျက်လို့ ခေါင်းစဉ်တပ်လို့ရပါတယ်။ ဒီလို ပရောဂျက်တွေကို စီမံခန့်ခွဲတဲ့အခါ သင့်မှာ ရှိတဲ့ အချိန်၊ လူအား၊ ငွေအား စတာတွေကို အလေအလွင့်နည်းနည်းနဲ့ တွင်ကျယ်အောင် စီမံကွပ်ကဲတတ်ဖို့ သင်လေ့လာရတော့မှာ ဖြစ်ပါတယ်။

Delegation and time management (ကိုယ်စားလွှဲဆောင်ရွက်ခိုင်းခြင်းနဲ့ အချိန်စီမံခန့်ခွဲမှု)

အသေးစားလုပ်ငန်းတခု ထူထောင်တဲ့အခါ လုပ်ငန်းရှင်တဦးအနေနဲ့ လုပ်စရာရှိတာကို ကိုယ်တိုင်သိမ်းကြုံးပြီး လုပ်ရတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် အသေးအဖွဲက အစ သင်ကိုယ်တိုင်နေရာတကာ ဝင်လုပ်ကိုင်နေဖို့တော့ မလိုအပ်လှပါဘူး။ တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးသွားတတ်ပါတယ်။ ဒါကြောင့် တာဝန်ဝတ္တရားအချို့ကို ဝန်ထမ်းနဲ့လွှဲပြီး ဆောင်ရွက်ခိုင်းတတ်ဖို့လိုပါတယ်။ ဝန်ထမ်းမခန့်ရသေးရင်လည်း ပြင်ပက ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အပ်ပြီး ဆောင်ရွက်ခိုင်းလို့ရပါတယ်။ ဥပမာ – ကုမ္ပဏီအတွက် လိုအပ်တဲ့ လိုင်စင်၊ မှတ်ပုံတင် လျှောက်တာမျိုး၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် ပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်တာမျိုး – စတာတွေ ဖြစ်ပါတယ်။

Problem solving (ပြဿနာကိုင်တွယ်ဖြေရှင်းနိုင်စွမ်း)

လုပ်ငန်းအစီအမံတွေ ဘယ်လောက်ကောင်းအောင် ရေးဆွဲထား၊ ရေးဆွဲထား၊ တကယ်တမ်း စလုပ်ပြီဆိုတာနဲ့ မျှော်လင့်မထားတဲ့ ပြဿနာတွေ တခုပြီး တခုပေါ်လာနိုင်ပါတယ်။ ဒါကြောင့် သင်ဟာ ဖိအားအမျိုးမျိုးကြားထဲမှာ ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချမှတ်တတ်အောင်လည်း သင်ယူရမှာ ဖြစ်ပါတယ်။

Networking (မိတ်သစ်ကွန်ရက် ဖြန့်ကျက်နိုင်စွမ်း)

မိတ်သစ်ဆွေသစ်တိုးပွားအောင်လုပ်ပြီး ကိုယ့်လုပ်ငန်းကိုင်ငန်းအတွက် အထောက်အကူရအောင် လုပ်နိုင်စွမ်းကလည်း မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတစ်ရပ်ပါ။ ကိုယ်နဲ့ခင်မင်ပြီးသား မိတ်ဆွေတွေကနေတဆင့် မိတ်သစ်ရှာပါ။ အသိအကျွမ်းအသစ်တွေ တွေ့လာတဲ့အခါမှာလည်း ကိုယ့်လုပ်ငန်းက သူတို့အတွက် ဘယ်လိုအသုံးဝင်တယ်ဆိုတာမျိုး၊ ကိုယ်ကလည်း သူတို့အတွက် မိတ်သစ်ဆွေသစ်တွေ ဘယ်လိုကူညီပြီး ရှာဖွေပေးနိုင်တယ်ဆိုတာမျိုးကိုလည်း ထည့်ပြောပေးပါ။

Crd : busybook

No comments