New Artical

မိတ်ဖွဲ့ကြတဲ့အခါ


လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားခဲ့တဲ့ လုပ်ငန်းသုံးဒီဇိုင်နာကြီး တယောက်ဟာ အသက်(၅၀) ကျော်လောက်မှာပဲ ဖောက်သည်တွေ နည်းပါးသွားပြီး သူ့လုပ်ငန်းကို ဒေဝါလီခံသွားရတယ်။ သူဟာ သူ့လုပ်ငန်းနယ်ပယ်မှာ သူမတူအောင် ကျွမ်းကျင်တတ်မြောက်သူ တယောက်ဖြစ်နေပါရက်နဲ့ ဘာကြောင့်သူ့လုပ်ငန်းကို ဒေဝါလီခံချင်ရတာလဲလို့ တာဝန်ရှိသူတွေက မေးကြသတဲ့။ အဲဒီမှာ ဒီဇိုင်နာကြီး ပြန်ဖြေလိုက်တာကတော့ အထူးသတိပြုမှတ်သားဖို့ သိပ်ကောင်းပါတယ်။

ဒီဇိုင်နာကြီးဟာ အသက်အရွယ်ကြီးလာတာနဲ့ အမျှ သူနဲ့ဆက်သွယ်နေကျ ဖောက်သည်တွေ၊ သူ့ဝန်ဆောင်မှုကို သုံးစွဲနေကျ ကုမ္ပဏီတွေက ဝန်ထမ်းတွေဟာ အငြိမ်းစာယူသူက ယူ၊ ကွယ်လွန်သူက ကွယ်လွန် ဖြစ်ကုန်ကြသတဲ့။

အဲဒီအချိန်မှာ သူ့အတွက် ဖောက်သည်တွေဟာလည်း မကျန်တော့သလောက် ဖြစ်သွားပါရော။ သူအဓိက မှားခဲ့တဲ့ အမှားကတော့ တစ်ခုတည်းပါ။ ဒါကတော့ လူငယ်မျိုးဆက်သစ်တွေနဲ့ မိတ်ဖွဲ့ခြင်း မရှိခဲ့တာပါပဲ။ ဒီဇိုင်နာကြီးဟာ အရွယ်ကောင်းခဲ့စဉ်မှာ လူငယ်ဒီဇိုင်နာတွေ၊ ဖောက်သည်ကုမ္ပဏီတွေက သူ့မိတ်ဆွေတွေရဲ့ လက်ထောက်ဝန်ထမ်းငယ်တွေ အစရှိတဲ့ နောင်တချိန်မှာ သူနဲ့ဆက်ဆံရမယ့်သူတွေ ဖြစ်လာနိုင်သူတွေကို အဖက်လုပ်ပြီး မပေါင်းသင်းခဲ့ပါဘူး။ ဒီလို မိတ်သစ်ဖွဲ့ရတာကို ဝန်လေးခဲ့တဲ့အတွက် ဖောက်သည်သစ်တွေလည်း မရ၊ ရှိရင်းစွဲဖောက်သည်တွေလည်း တဖြည်းဖြည်း နည်းပါးသွားတဲ့အခါ သူကိုယ်တိုင် အလုပ်လုပ်ပြီး ငွေရှာနိုင်သေးပေမယ့် သူ့ကို အလုပ်အပ်မယ့် ဖောက်သည်မရှိတော့တဲ့ အဖြစ်ကို ရောက်ရှိသွားရပါတယ်။

ဒီပုံပြင်က ပေးတဲ့ သင်ခန်းစာကတော့ မိတ်ဆွေသစ်ဖွဲ့ဖို့ အခွင့်အလမ်းတွေရနေတဲ့အချိန်မှာ ဘယ်တော့မှ လက်လွတ်မခံကြပါနဲ့ ဆိုတာပါပဲ။

အဲဒီတော့ ဘယ်လို မိတ်ဖွဲ့ကြမလဲ။ မိတ်ဖွဲ့တဲ့အခါ အသုံးဝင်မယ့် ဆောင်ရန်/ရှောင်ရန်အချက်လေးတွေကို အောက်ပါအတိုင်း မျှဝေလိုက်ပါရစေ။

၁။ ရင်းနှီးပြီးသူတွေကတဆင့် မိတ်ဖွဲ့ပါ။

သင်နဲ့ရင်းနှီးပြီးသူတွေကတဆင့် မိတ်သစ်ရှာတာဟာ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းပါပဲ။ သင်နဲ့သိကျွမ်းပြီးသား မိတ်ဆွေတွေဆီကို သင်နောက်ထပ်မိတ်ဖွဲ့လိုသူတွေနဲ့ မိတ်ဆက်ခိုင်းပါ။ ဒီလိုနည်းနဲ့ မိတ်ဖွဲ့ခြင်းအားဖြင့် လူသစ်တွေဟာ သင့်ကို ကောင်းကောင်းမွန်မွန် ရင်းရင်းနှီးနှီး ပြန်လည်နှုတ်ဆက်စကားပြောဖို့ အလားအလာများပါတယ်။

၂။ လူမှုကွန်ရက်ကနေလည်း မိတ်ဖွဲ့နိုင်တယ်။

လူမှုကွန်ရက်ကနေ မိတ်ဖွဲ့ရတဲ့ အားသာချက်က လူချင်းတွေ့ဖို့ အဆင်သင့်မဖြစ်သေးခင်မှာ သိကျွမ်းအောင်ကြိုးပမ်းလို့ရတာပါပဲ။ ဖေ့စ်ဘွတ်နဲ့ LinkedIn စတဲ့ လူမှုကွန်ရက်တွေမှာ သင်နဲ့ဝါသနာတူ၊ စရိုက်တူသူတွေ၊ ထင်ပေါ်တဲ့သူတွေကို လိုက်ရှာပါ။ သူတို့တင်ထားတဲ့ ပို့စ်တွေမှာ မှတ်ချက်စကားတွေ ပေးတာမျိုး၊ သူတို့ပေးထားတဲ့ မှတ်ချက်တွေမှာ တုန့်ပြန်မှတ်ချက်ရေးတာမျိုး စတာတွေ လုပ်ပြီး သူတို့ သတိပြုမိအောင် အစပျိုးနိုင်ပါတယ်။ ပြီးရင် သူတို့နဲ့ စကားစမြည်သွားပြောပြီး သူတို့စိတ်ဝင်စားတဲ့အရာတွေနဲ့ ပတ်သက်ပြီး သင်သိထားတဲ့ အချက်အလက်တွေရှိရင် မျှဝေပေးပါ။ သူတို့ကို သင်ကူညီနိုင်တာတွေရှိရင်လည်း ပြောပြပေးပါ။ အဲဒီအတွက် သူတို့ကို အပြင်မှာ လူချင်းတွေ့တဲ့အခါ အွန်လိုင်းမှာ သင်တို့စကားစမြည်ပြောခဲ့တာကို နောက်ကြောင်းပြန်လှန်ပြီး ရင်းနှီးမှုထပ်တိုးပွားအောင် လုပ်ဖို့ လွယ်ကူသွားပြီပေါ့။

၃။ အလုပ်မတောင်းပါနဲ့။

မိတ်ဖွဲ့တယ်ဆိုတာ တွေ့သမျှလူတိုင်းကို အလုပ်လိုက်တောင်းဖို့ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူ့ကိုမှ အလုပ်မတောင်းမိအောင် ကြပ်ကြပ်ဂရုပြုပါ။ ဒါပေမဲ့ သင်အလုပ်ရှာတဲ့အခါမှာ အထောက်အကူဖြစ်မယ့် အချက်အလက်များကိုတော့ မေးမြန်းလို့ရပါတယ်။ မိတ်ဖွဲ့တယ်၊ မိတ်သစ်ရှာတယ်ဆိုတာ ရင်းနှီးတဲ့ ဆက်ဆံရေးတရပ် တည်ဆောက်ဖို့နဲ့ ရှိပြီးသားရင်းနှီးမှုကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ ဖြစ်ပါတယ်။ ဒါမှသာ သင့်အတွက် အခွင့်အလမ်းသစ်တွေပေါ်လာတဲ့အခါ သင်နဲ့ရင်းနှီးပြီးသူတွေဟာ သင့်ကို လမ်းညွှန်ပေးတာပဲ ဖြစ်ဖြစ်၊ ထောက်ခံပေးတာပဲဖြစ်ဖြစ် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

၄။ မိတ်ဖွဲ့ဖို့ အချိန်အများကြီး မယူပါနဲ့။

အချိန်ဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ သင်သွားရောက်ပြီး မိတ်ဆွေဖွဲ့နေတဲ့ သူတွေအတွက်လည်း ထပ်တူအရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။ လူတဦးတယောက်အတွက်နဲ့ အချိန်တွေအများကြီးဖဲ့ပေးရတာကို ဘယ်သူမှ မနှစ်သက်ပါဘူး။ ဒါကြောင့် မိတ်ဖွဲ့မှု မပြုမီမှာ သင်ပြောချင်တဲ့ အကြောင်းအရာအစီအစဉ် သုံး/လေးခုလောက်ကို ခေါင်းထဲမှာ စီစဉ်ထားပါ။ ဥပမာအားဖြင့် – နံပါတ်(၁) သင့်အလုပ်အကိုင်အကြောင်း ပြောမယ်၊ သူ့အလုပ်အကိုင်ကို မေးမယ်။ နံပါတ်(၂) သူရော ကိုယ်ရော သိကျွမ်းထားတဲ့သူတွေအကြောင်း နည်းနည်းပါးပါး ဆက်ပြောမယ်။ နံပါတ်(၃) သူ့ကို အကူအညီဖြစ်လောက်မယ့် သင်သိထားသမျှအချက်အလက်တွေ မျှဝေမယ်၊ နိဂုံးချုပ်မယ် – စတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။

၅။ သူများကို စကားများများပြောအောင်လုပ်ပါ။

မိတ်ဖွဲ့တဲ့အခါ သင်ကပဲ ဦးဆောင်ပြီး စကားတွေ မပြောပါနဲ့။ စကားစမြည် အပြောကောင်းသူဆိုတာ သူတပါးပြောတာကို ကျကျနန နားထောင်တတ်သူတဦးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် တဖက်လူကို စကားပြောဖို့ အခွင့်အရေး များများပေးပါ။ အဲဒီလိုမှ မပေးဘဲ သင်ကချည်းပြောနေရင် တဖက်လူဟာ သူပြောတာကို သင်က စိတ်မဝင်စားဘူးလို့ ထင်သွားနိုင်သလို သင်ပြောနေတဲ့ အကြောင်းအရာတွေကို နားထောင်ပြီး ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားနိုင်ပါတယ်။ သင့်အနေနဲ့ တဖက်လူ စကားပြောချင်လာအောင် အောက်က မေးခွန်းလေးတွေ မေးပေးနိုင်ပါတယ် –

  • “ဒီကုမ္ပဏီမှာ ဘယ်လောက်ကြာပြီလဲ။ ဒီအပိုင်းမှာ လုပ်ကိုင်နေတာ ဘယ်လောက်ကြာပြီလဲ။”
  • “ခင်ဗျားအလုပ်နဲ့ပတ်သက်ပြီး ဘယ်အချက်တွေကို သဘောကျသလဲ။ ဘာတွေကို သဘောမကျဘူးလဲ။”
  • “ဒီအလုပ်နေရာကိုရဖို့ ဘယ်လိုလေ့ကျင့်သင်ယူခဲ့ရသလဲ။”
  • “ဒီကုမ္ပဏီရဲ့ လုပ်ငန်းခွင်ကရော ဘယ်လိုနေလဲ။”

၆။ စွမ်းဆောင်အောင်မြင်မှုတွေကို ပြောပြပါ။

တဖက်လူ စိတ်ဝင်စားလောက်မယ့် အကြောင်းအရာတခုကို အစပျိုးမိပြီဆိုရင်၊ သင့်ဘက်က သူ့ကို အကူအညီပေးနိုင်လောက်တဲ့ အနေအထားတရပ်ရပ် ရှိနေပြီဆိုတာနဲ့ အလားတူအခြေအနေမျိုးမှာ အခြားလူတွေကို သင်ဘယ်လိုကူညီပေးဖူးတယ်၊ ဘယ်လိုအဆင်ပြေသွားကြတယ်ဆိုတဲ့ ဖြစ်ရပ်ကလေးတွေကိုလည်း ထည့်ပြောပြပါ။ တိုတိုတုတ်တုတ်နဲ့ ချိုချိုသာသာလေးတော့ ဖြစ်ပါစေ။ ဘယ်လိုပြဿနာမျိုးမှာ သင်က ဘယ်လိုကူညီလိုက်လို့ ပြေလည်သွားတယ် ဆိုတာမျိုး ဖြစ်ပါတယ်။

၇။ သင့်ရဲ့အသိုင်းအဝိုင်းကို ထပ်ပြီးချဲ့ထွင်လို့ရမယ့် နည်းလမ်းတွေကို မေးမြန်းပါ။

မိတ်ဖွဲ့ခြင်းအတွက် အဓိကပန်းတိုင်ဆိုတာ လူတယောက်၊ နှစ်ယောက်လောက်ကိုပဲ တွေ့ဖို့ မဟုတ်ပါဘူး။ သင်တွေ့ဆုံပြီး မိတ်ဖွဲ့သမျှ လူတွေရဲ့ အသိုင်းအဝိုင်းတွေထဲကို ထပ်ပြီး တိုးဝင်နိုင်ဖို့ ဖြစ်ပါတယ်။ သင်တွေ့သမျှ လူတဦးချင်း၊ တဦးချင်းမှာ နောက်ထပ်သိကျွမ်းသူ အများဆုံး ၂၀၀ ဦးခန့် ရှိနေပါတယ်။ ဒါကြောင့် သင်နဲ့သိကျွမ်းပြီးသူတွေကတဆင့် နောက်ထပ်လူအများကြီးနဲ့ ထပ်မံသိကျွမ်းခွင့်ရဦးမယ်ဆိုရင် သင့်မိတ်ဆွေအသိုင်းအဝိုင်းဟာ အများကြီးထပ်ကျယ်ပြန့်သွားဖို့ ရှိပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဘယ်လိုထပ်ပြီး အသိုင်းအဝိုင်းချဲ့ထွင်လို့ရမလဲ ဆိုတဲ့ နည်းလမ်းမျိုးတွေကို သင်နဲ့သိကျွမ်းပြီးသူတွေဆီမှာ မေးမြန်းပါ။ သူတို့နဲ့ ခင်မင်သူတွေထဲမှာ သင်မိတ်ဖွဲ့ချင်သူတွေရှိရင် မိတ်ဆက်ပေးဖို့ အကူအညီတောင်းပါ။

၈။ အကြောင်းရှာပြီး နောက်ထပ်စကားပြောခွင့် ဖန်တီးပါ။

သင်နဲ့ တခေါက်လောက် တွေ့ဆုံဖူးတဲ့သူတွေနဲ့ ရင်းနှီးမှုကို တိုးပွားအောင်လုပ်ပါ။ သူတို့နဲ့ပြန်ဆက်သွယ်နိုင်ဖို့ အကြောင်းရှာပါ။ ဥပမာအားဖြင့် တွေ့ဆုံပွဲတခုခုမှာ ပြောဖူးတဲ့အကြောင်းအရာနဲ့ ဆက်စပ်တဲ့ ဆောင်းပါးတပုဒ်ကို သင်ရှာတွေ့ထားတယ် ဆိုပါစို့။ သင်နဲ့စကားပြောခဲ့သူဆီကို စာတိုလေးတစောင်လောက်ရေးပြီး ဆောင်းပါးကို မျှဝေပေးပါ။ ခင်ဗျား စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ် စသည်ဖြင့်ပေါ့။ ဒီလိုပုံစံမျိုးနဲ့ ပြန်ဆက်သွယ်လို့ရမယ့် အခွင့်အလမ်းမျိုးကို တနှစ်မှာ နှစ်ခေါက်၊ သုံးခေါက်လောက် ရှာပေးပါ။

၉။ ကျေးဇူးတင်စကားပြောဖို့ မမေ့ပါနဲ့။

မိတ်ဖွဲ့တယ်ဆိုတာ တဦးနဲ့တဦး အလေးထားမှုရှိတဲ့ ဆက်ဆံရေးအစစ်အမှန်တရပ်ကို တည်ဆောက်တာလဲ ဖြစ်ပါတယ်။ တဦးဦးက သင့်အတွက် အသုံးဝင်မယ့် အချက်အလက်မျိုးပေးလာတဲ့အခါ ကျေးဇူးတင်စကား ပြောဖို့ မမေ့ပါနဲ့။ သင့်ဘက်ကလည်း အလားတူကူညီပေးနိုင်မယ့် နည်းလမ်းတွေကို အမြဲကြံဆထားပါ။ သင်နဲ့ မိတ်ဖွဲ့ထားသူတွေနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်၊ အီးမေးလ် စတာတွေကိုလည်း သေသေချာချာ မှတ်သားထားပါ။

၁၀။ အွန်လိုင်းက သင့်အချက်အလက်ကို အမြဲတမ်းသစ်လွင်နေအောင်လုပ်ပါ။

လူမှုကွန်ရက်နဲ့ အွန်လိုင်းမှာ သင့်အကြောင်းနဲ့ပတ်သက်ပြီး တင်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေမှာ အပြောင်းအလဲတခု ဖြစ်တိုင်း အမြဲတမ်းပြုပြင်ထည့်သွင်းပေးပါ။ ဝန်ထမ်းသစ်ရှာဖွေခန့်အပ်သူတွေဟာ နောက်ပိုင်းမှာ သူတို့လိုချင်တဲ့ ဝန်ထမ်းသစ်တွေကို လူမှုကွန်ရက်ကနေပြီး ရှာဖွေလာကြပါတယ်။ ဒါကြောင့် သင်ဟာ အတတ်ပညာတခုခု သင်ယူပြီးတဲ့အခါပဲဖြစ်ဖြစ်၊ အလုပ်အတွေ့အကြုံများပြားလာတဲ့အခါပဲ ဖြစ်ဖြစ်၊ အသိအမှတ်ပြုခံရတဲ့အခါပဲဖြစ်ဖြစ် လူမှုကွန်ရက်က ကိုယ်ရေးအချက်အလက်မှာလည်း ထည့်သွင်းဖော်ပြပေးဖို့ မမေ့ပါနဲ့။

Crd : BusyBook

No comments