New Artical

ရင်သားလှပဖို့ သဘာဝနည်းလမ်းရှိသလား


ဒီလောကကြီးမှာ လူတစ်ကိုယ်အကြိုက်တစ်မျိုးဆိုပြီး ပြောကြတတ်ပေမယ့် အားလုံးနီးနီး အကြိုက်ချင်းတူတတ်ကြတာတွေလည်း မနည်းပါဘူး။

အမျိုးသားတွေတိုင်းနီးပါးဟာ တောင့်တင်းတဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ချင်ကြသလို အမျိုးသမီးတိုင်းနီးပါးမှာလည်း လုံးဝန်းတင်းရင်းလှပတဲ့ ရင်သားနဲ့ ကျော့ရှင်းပြေပြစ်တဲ့ တင်ပါးတို့ကို ပိုင်ဆိုင်ချင်ကြသူချည်းပါပဲ။ အရာရာဟာ အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ ယနေ့ခေတ်မှာ မို့မောက်နေတဲ့ ရင်သားအလှပိုင်ရှင်ဖြစ်လိုသူ လေဒီတို့ဟာ ရင်သားဆီလီကွန်ထည့်ခြင်းဖြင့် ချက်ချင်းအမြန်နည်းဖြင့် လိုချင်တဲ့ ရင်သားကို ရယူနေကြပါပြီ။ မြန်မာနိုင်ငံမှာ ဟိုအရင်က အောင်မြင်ထင်ရှား မင်းသမီးများ၊ မော်ဒယ်လ်ဂဲလ်များကသာ ရင်သားကို ဆီလီကွန်ထည့်ပြီး လုံးဝန်းတဲ့ ရင်သားအဖြစ် ပြုလုပ်ကြတာများခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ငွေကြေးတတ်နိုင်ပြီး လှပချင်တဲ့ မိန်းကလေးတွေလည်း ရင်သားဆီလီကွန်ထည့်တာကို တွေ့လာပါတယ်။ ရင်သားဆီလီကွန်ထည့်ရာမှာ အမျိုးသမီးတို့ရဲ့ နို့ဂလန်းကို ခွဲစိတ်ခြင်းမရှိတဲ့အတွက် ကလေးမွေးပြီးနောက် နို့ချိုတိုက်ကျွေးနိုင်တယ် ဆိုတဲ့အချက်ကလည်း ရင်သားကြီးထွားချင်တဲ့ လေဒီတို့အတွက် ဆီလီကွန်ထည့်ဖို့ ပိုပြီး အဆင်ပြေစေခဲ့ပါတယ်။

 

ရင်သားကြီးထွားစေဖို့ ဆီလီကွန်ကို ထည့်သွင်းရာမှာ ခွဲစိတ်နည်း ၃ မျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။

– ရင်သားအောက်ဘက်မှ ဆီလီကွန်ထည့်ခြင်း

– ချိုင်းအောက်မှ ထည့်ခြင်း

– နို့သီခေါင်းမှ ထည့်ခြင်း တို့ဖြစ်ပြီး ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်တို့နဲ့ ညှိနှိုင်းတိုင်ပင်ကာ ရွေးချယ် ပြုလုပ် နိုင်ပါတယ်။

 

လှပချင်တဲ့အတွက် ရင်သားကို ဆီလီကွန်ထည့်ကြတဲ့အဖြေက ယခင်ထက် လုံးဝန်းတင်းရင်းလှပတဲ့ ရင်သားကို ပိုင်ဆိုင်တာချည်းပဲတော့ မဟုတ်ပါဘူး။ ခွဲစိတ်ကုသရတာဖြစ်တဲ့အတွက် ငွေကြေးကုန်ကျမှု ကြီးမားပါတယ်။ နောက်ထပ် အခြားသောဘေးထွက်ဆိုးကျိုးတွေကိုလည်း တွေ့ကြုံရနိုင်ပါတယ်။ ဒီတော့ သိလိုရာမေးက သဘာဝနည်းလမ်းတွေအတိုင်း လေ့ကျင့်ရင်း လေဒီလေးတို့ ရင်သားကို တင်းရင်းကြီးထွားစေဖို့ နည်းလမ်းအချို့ကို အလင်းပြလိုက်ပါတယ်။

 

(၁) ရင်သားကြီးထွားစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပါ။

လေ့ကျင့်ခန်းအချို့ဟာ ရင်သားကြီးထွားစေဖို့ အထောက်အကူပြုပါတယ်။

– နံရံတွန်းခြင်း

နံရံရှေ့မတ်တပ်ရပ် လက် ၂ ဖက်ဆန့်ပြီး နံရံကိုတွန်းပေးပါ။ တစ်ခါတွန်း ဆယ်စက္ကန့်ဖြင့် တစ်နေ့ အခါ ၂၀ ခန့်တွန်းပါ။

– လက်မောင်းလှည့်ခြင်း

မတ်တပ်ရပ် လက်ကိုဆန့်တန်းပြီး နာရီလက်တံလို လက်မောင်းကနေစပြီး လှည့်တာကို ၁၀ ကြိမ်ပြုလုပ်ပါ။ တစ်နေ့ ၁၅ မိနစ်ခန့်ပြုလုပ်ပါ။

 

(၂) အီစထရိုဂျင် ကြွယ်ဝတဲ့ အစာတွေကို စားပါ။

ရင်သားရဲ့ အရွယ်အစားဟာ ကိုယ်ခန္ဓာကထွက်တဲ့ ဟော်မုန်းတွေမှာလည်း မူတည်ပါတယ်။ အီစထရိုဂျင်ဟော်မုန်း အထွက်နည်းရင် ရင်သားကြီးထွားမှု လျော့နည်းမှာပါ။ အီစထရိုဂျင်ကြွယ်ဝတဲ့ အသီးများတွေ၊ နှမ်းစေ့၊ ကြက်ခေါင်းစွပ်ပြုတ် စတာတွေကိုစားသုံးနိုင်ပါတယ်။ ပြီးတော့ စမုံစပါးလိုမျိုး ရင်သားကြီးထွားဖို့ အထောက်အကူ ပြုတာတွေ စားနိုင်ပါတယ်။

 

(၃) ရင်သားကို နှိပ်နယ်ပေးပါ။

ရင်သားနှစ်ဖက်ကို ပုံမှန်နှိပ်နယ်ပေးခြင်းက သဘာဝနည်းနဲ့ ရင်သားကြီးထွားဖွံဖြိုးစေဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုပါ။တစ်နေ့ကို မိနစ် ၃၀ လောက် ရင်သားကို ပုံမှန်နှိပ်နယ်မယ်ဆိုရင် တစ်လလောက်အတွင်းမှာ ရင်သားကြီးထွားမှု သိသာလာတာကို သတိထားမိလာပါလိမ့်မယ်။ ရင်သားကို နှိပ်နယ်တာက သွေးလည်ပတ်တာကို အားကောင်းစေပြီး ရင်သားကြီးထွားစေဖို့ ဟော်မုန်းတွေ ထွက်လာစေလို့ပါ။

အထက်ပါ နည်းလမ်းတွေက ဆီလီကွန် ခွဲစိတ်ထည့်သလို အချိန်တိုအတွင်း ရင်သားကို ချက်ချင်းကြီးလာစေမှာ မဟုတ်ပေမယ့် စိတ်ရှည်ရှည် ဇွဲရှိရှိနဲ့ အချိန်ပေးလုပ်ဆောင်ရင် လေဒီလေးတို့ အရင်ထက်ပိုပြီး လှပလုံးဝန်းတဲ့ ရင်သားကို ရရှိလာမှာတော့ မလွဲပါဘူးလို့ တင်ပြလိုက်ရပါတယ်။

No comments