New Artical

သိန်း(၂၀၀၀) ကျော်တန်ဖိုးရှိ မြေများကို ရပ်စောက်တွင် ဆေးရုံတည်ဆောက်ဖို့ ဒေသခံတဦးမှ လှူဒါန်း

 

သိန်း(၂၀၀၀) ကျော်တန်ဖိုးရှိ မြေများကို ရပ်စောက်တွင် ဆေးရုံတည်ဆောက်ဖို့ ဒေသခံတဦးမှ လှူဒါန်း


ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာတွင် လိုအပ်လျှက်ရှိသည့် တိုက်နယ်ဆေးရုံတည်ဆောက်ရေးအတွက် ဒေသခံပြည်သူတစ်ဦးက ၎င်းပိုင် သိန်း (၂၀၀၀) ကျော်တန်ဖိုးရှိ ယာမြေများကို နိုင်ငံတော်သို့ လှူဒါန်းလိုက်သည်ဟု သိရသည်။

ယင်းကောင်းဘို့တိုက်နယ်ဆေးရုံ ဆောက်လုပ်ပေးရန် ပြည်သူ့လွှတ်တော်အမတ် ဦးခင်မောင်မြင့်က လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးမြန်းခဲ့ပြီး အစိုးရကလည်း တည်ဆောက်ပေးမည် ဟု ကတိပြုထားခဲ့ပြီးဖြစ်သည်။ သို့သော် ဆေးရုံဆောက်လုပ်ရန်မှာ မြေနေရာမရှိသေးသဖြင့် ဆောက်လုပ်ခြင်းမပြုနိုင်ခဲ့ရာမှ ယခုကောင်းဘို့ကျေးရွာနေ တောင်သူ ဦးအောင်စိုးက ၎င်း ပိုင်ဆိုင်သည့် မြေလေးဧကကို ဆေးရုံနေရာအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယင်းလှူဒါန်းခဲ့သည့် မြေနေရာသည် အောင်ပန်း- ရပ်စောက်ကားလမ်းမဘေးတွင်ရှိပြီး စိန် တလုံးသရက်များ စိုက်ပျိုးထား သည့် နေရာဖြစ်သည်။ မြေနေရာ (၄) ဧကထိ လှူဒါန်းရခြင်းမှာ တိုက်နယ်ဆေးရုံပြီးပါကလည်း ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် ကျယ်ကျယ်ဝန်းဝန်းနှင့် နေနိုင်ရန် လှူဒါန်းခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်က ပြောသည်။

“သူက ဒေသခံ တိုင်းရင်းသား။ အဲဒီမှာပဲ နေထိုင်တဲ့သူ။ အရင်ကတည်းက ဘိုးပိုင်၊ ဘွားပိုင်မြေရှိတာကိုး။ အဲဒီထဲကနေ ဖဲ့လှူပေးတာပေါ့။ တောင်သူကြီးကိုယ်တိုင် အဲဒီလိုလှူလို့ တကယ်ကို လေးစားတယ်။ စီးပွားရေးလုပ်ငန်းရှင်လည်း မဟုတ်ပါဘူး။ ဒေသခံတောင်သူကြီး။ တကယ်ကို ဓားမဦးချတောင်သူကြီး။ အင်မတန်မှ လေးစားစရာကောင်းပါတယ်” ဟု ဦးဇော်မင်းလတ်က ပြောသည်။

ထိုသို့ လှူဒါန်းသည်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ် အပါအဝင် ရပ်စောက်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ကောင်းဘို့ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာအကြီး အကဲများက ဇန်နဝါရီ ၁၉ ရက် တွင် သွားရောက်လက်ခံရယူပေးခဲ့သည်။

ပြည်ထောင်စုအစိုးရက တည်ဆောက်ပေးရန် ကတိကဝတ်ပြုပြီးသားဖြစ်သည့်အပြင် မြေနေရာလည်း ရှိပြီဖြစ်သောကြောင့် လာမည့်ဘဏ္ဍာနှစ်အတွင်း ဆေးရုံအား အမြန်ဆုံးဆောက် လုပ်ပေးမည်ဟု ယုံကြည်ကြောင်း ဦးဇော်မင်းလတ်က ဆိုသည်။


ကောင်းဘို့ကျေးရွာအုပ်စု တွင် ကျေးရွာပေါင်း ၇၅ ရွာ၊ အိမ်ခြေ ၇,၂၀၀ ကျော်၊ လူဦးရေ ၃၃,၀၀၀ ကျော်ရှိပြီး ယင်းကောင်း ဘို့ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးပါက လူဦးရေ ၂၅,၆၀၀ ကျော်တို့၏ ကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်။

Credit

No comments