New Artical

မြန်မာ့ဆေးဖက်ဝင် ကင်းပုံပင်


မြန်မာ့ဆေးဖက်ဝင် ကင်းပုံပင်

 Item Name ---------- Wild Snake Gourd (ကင်းပုံ)
Category ------------ Raw Material
Botany Term -------- Coccinia indica W & A
Species Family ----- Cucurbitaceae

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံတွင် အလေ့ကျပေါက်သည်။ သစ်ပင် ခြံစည်းရိုးတို့တွင်လည်း ပေါက်လေ့ရှိသည်။

♥ အပင်

အမြဲစိမ်း သစ်ပျော့နွယ်ပင် ဖြစ်သည်။ ပင်စည် သေးသွယ်၍ နွယ်နှာမောင်း ၂-၄ ခု ခွဲထွက်သည်။

♥ အရွက်

ပင်စည် သို့မဟုတ် ရိုးတံ၏ တစ်ဖက်တည်း မှ ထွက်၏။ အဝိုက် ၃ ၀ိုက်ပါ၍ ထိပ်အဝိုက်တွင် ထောင့် ၃ ထောင့် ပါပြီး ဘေးအဝိုက် ၂ ခုသည် လိပ်ပြာတောင်ပုံဖြစ်နေသည်။ ရွက်ရင်းဟိုက်သည် ၊ ရွက်ပြားပါး၍ ချောမွတ်သည် ။ ရွက်နား လှိုင်းတွန့် အနည်းငယ် ရှိ၏ ။ ရွက်ညာ အလွန်ရှည်သည်။


♥ အပွင့်

ရွက်ညှာကြားမှ ထွက်သည်။ အဖြူရောင် ပွင့်ဖတ် ၅ ခုပါသည်။ ပွင့်ချပ်အစိမ်းရောင်ရှိပြီး ထိပ်တွင် နီညိုရောင်သမ်းသည်။ ပွင့်ညှာတံ ရှည်သည်။

♥ အသီး

လုံး၍ ရှည်မျောမျောပုံရှိသည်။ ၂ လက်မကျော်ခန့် ရှည်သည်။ အခွံ ပြောင်ချောပြီး အစိမ်းပေါ်တွင် အဖြူစင်းများရှိ၏။ မှည့်သောအခါ လိမ္မော်နီရောင် ရှိသည်။ အစေ့လွန်းပုံရှိသည်။ နွေရော မိုးပါ သီးသော်လည်း မိုးရာသီတွင် ပိုသီးသည်။

► အသုံးဝင်ပုံ

ပဥ္စငါးပါး ၊ အရွက် ၊ အသီး ၊ အမြစ်။

♥ အာနိသင်

မြန်မာဆေးကျမ်းများ အလိုအရ ကင်းပုံသီးသည် ခါး၏ ၊ အေး၏ ၊ သလိပ်သည်းခြေကို နိုင်၏ ၊ ဝမ်းကိုသက်စေသည် ၊ အရွက်သည် ဖန်၏ ၊ ခန္ဓာကိုယ်ကြီးထွား သန်မာမှုနှင့် အရိုး ၊ သွားများ တည်ဆောက်မှုကို အားပေး၍ အာရုံကြောများကို လည်း လန်းဆန်း စေသည်။

► ပဥ္စငါးပါးအသုံးပြုပုံ

၁ ။ ပင်စည်ပြုတ်ရည်ကို သလိပ်ရွှင်ဆေးအဖြစ် အသုံးပြုရာ၌ အထူးထင်ရှား၏ ။

► အရွက်အသုံးပြုပုံ

၁။ အရွက်စိမ်းကို ဆီးချိုရောဂါရှိသူများ ကြော်ချက်စားသုံးရ၏ ။
၂ ။ ကင်းပုံရွက်နှင့် နံနံစေ့ ဆတူကို ပြုတ်၍ အဖျားကျဆေး ၊ ဝမ်းပျော့ဆေးအဖြစ် အသုံးပြုသည်။
၃။ ကင်းပုံရွက်ကို သန်ကျဆေး ဖော်စပ်ရာ၌ သုံး၏ ။
၄။ ကင်းပုံရွက် အရည်ကို ရေယုန်နာပေါ်သို့ မကြာခဏတို့ပေးလျှင် ရေယုန်နာ ပျောက်ကင်းသည်။
၅ ။ ကင်းပုံရွက်ကို သည်းခြေပျက်ခြင်းနှင့် အဆုတ်ပြွန်ရောင် ရောဂါတို့အတွက် ဖော်စပ်သောဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

► အသီးအသုံးပြုပုံ

၁ ။ ကင်းပုံသီးကို သားသည် မိခင်များ နို့ထွက်စေရန် နှင့် လေရောဂါ ၊ သွေးဖောက်ပြန်် သောရောဂါ ၊ ပန်းနာ ချောင်းဆိုး ရောဂါများ၌ အသုံးပြုသည်။

► အမြစ်အသုံးပြုပုံ

၁။ အမြစ်ကို အဖျားကျဆေး၊ ဝမ်းသက်ဆေး အဖြစ်သုံးသည်။ (ကင်းပုံတွင် အခါး၊ အချို နှစ်မျိုးရှိသည့် အနက် ဆေးဖက်တွင် အခါးကို အသုံးများသည်။)

မြန်မာ့ဆေးဖက်ဝင်အပင်များ

No comments