New Artical

သေပါရစေ - တင်ညွန့်

 

သေပါရစေ
-----------
လူတစ်ယောက် ဘုရားသခင်ထံရောက်လာသည်

“အရှင် ... သေခြင်း ... မသေခြင်းကို အဘယ်ကြောင့် အသင်က အဆုံးအဖြတ်ပေးနေရသနည်း ... ကျွန်တော်မျိုးတို့ကို ကိုယ်တိုင်ဆုံးဖြတ်ခွင့် ပေးသနားတော်မူပါ”

“ကောင်းပြီ ... သင့်သေခြင်းကို သင်ကိုယ်တိုင် ဆုံးဖြတ်စေ”

ဘုရားသခင်ကခွင့်ပြုလိုက်သဖြင့် လူသားကပျော်ရွှင်သွားသည်။

“ငါသည် ငါ့ဘဝ၏ သေခြင်း ရှင်ခြင်းကို ဆုံးဖြတ်ပိုင်ခွင့်ရှိသွားပြီ” ဟု ဝမ်းမြောက်စွာ ထခုန်သည်။

နောက်ကိုပစ်လဲသဖြင့် လက်ထောက်လိုက်ရာ လက်ကျိုးသွားသည်။ ဆေးရုံကိုသွားပြရန် ကားငှားသည်။ ပိုက်ဆံအိတ်ပျောက်သွားသည်။ လက်ကိုကျောက်ပတ်တီးစည်းပြီး အိမ်ပြန်လာသည်။ အိမ်ကမိန်းမ နောက်မီးလင်းနေသည်ကို ပက်ပင်းတိုးသည်။ ဒေါသထွက်ထွက်နှင့် လိုက်ရိုက်သည်။ လှေကားပေါ်ကကျပြီး ခြေထောက်ကျိုးသည်။

မိန်းမက အိမ်ပေါ်ကဆင်းသွားသည်။ အိမ်နီးချင်းတွေက ဆေးရုံထပ်ပို့ပေးသည်။ ခြေထောက်ကို ကျောက် ပတ်တီး ထပ်စည်းရသည်။ ဆေးရုံတက်နေသော်လည်း သူ့ကိုလာကြည့်မည့်သူမရှိ။ ရေဆာသဖြင့် ကုတင်ပေါ်က စောင်းပြီး ရေပုလင်းကိုယူလိုက်သည်။ ကုတင်ပေါ်က ပြုတ်ကျသည်။ နောက်ထပ်လက် တစ်ဖက် ထပ်ကျိုးသည်။ ပုလင်းကွဲတွေစူးကုန်ပြန်သည်။
ယခုသူ့တွင်ကောင်းတာဆို၍ ခြေထောက်တစ်ဖက်သာရှိသည်။

ဆေးရုံကမဆင်းမီ သတင်းဆိုးကြားရသည်။ သူ့အိမ်မီးလောင်သည်။ ပိုဆိုးသည်မှာ အလုပ်ပြုတ် သွားခြင်း ဖြစ်သည်။ မိန်းမကလည်း ကွာရှင်းခွင့်တောင်းထားသည်။ စားစရာကလည်းမရှိ။ ဘာမျှလည်း ထွက်မလုပ်နိုင်။ ဘုရားကျောင်းတွင် သွားကပ်နေရသည်။ နောက်ဆုံး လမ်းဘေးတွင် တောင်းစားရသည်။

လမ်းဘေးတွင်တောင်းစားစဉ် ရဲကဖမ်းသည်။ ပြုပြင်ရေးစခန်းကိုပို့သည်။ အလုပ်မလုပ်လျှင် ထမင်းမစား ရသည့် နေရာဖြစ်နေသောကြောင့် တစ်နေကုန် ပင်ပန်းစွာလုပ်ရသည်။ ဒုက္ခကို မခံနိုင်သောကြောင့် ထွက်ပြေးသည်။ ချောင်းထဲပြုတ်ကျပြီးရေနစ်သည်။ လူတစ်ယောက်က ကယ်သဖြင့် ကမ်းပေါ်ကို ရောက်လာသည်။ ကားလမ်းပေါ်တက်သည့်အခါ ကားကတိုက်ပြန်သည်။

ဆေးရုံကိုရောက်လာသည်။

“သေပါရစေ”

“ဒါလူတွေကို သေအောင်လုပ်တဲ့နေရာမဟုတ်ဘူး ... ရှင်အောင်ကုတဲ့နေရာ”

ဆိုးရွားစွာ ဝေဒနာကို ခံစားနေရာမှ တွေ့သူတိုင်းကို

“သေပါရစေ” ဟုတောင်းပန်သည်။

သို့သော် သူအသက်ရှင်နေသည်။ ဆေးရုံကအထွက်ချော်လဲသည်။ ခြေထောက်ကျိုးသည်။ ဆေးရုံကိုပြန် ရောက်သည်။ ကုတင်ပေါ်ကပြုတ်ကျပြီး လက်ကျိုးသည်။

ဆေးရုံကဆင်းသည့်နေ့တွင် ကားလမ်းပေါ်ပြေးတက်ပြီး ကားတစ်စင်းအောက်ကိုဝင်သည်။ ကားက အချိန်မီ ဘရိတ်အုပ်ပြီး သူ့ကို ဒရိုင်ဘာက ဆင်းထိုး ဆင်းရိုက်သည်။ လမ်းဘေးတွင် မေ့နေသည်။ မိုးတွေကရွာသည်။ သေပါစေဆိုပြီးမထ။ သူ့ကို လူတစ်ယောက်ကပွေ့ပြီး ဆေးရုံပို့ပြန်သည်။

“မပို့ပါနဲ့ ... အဲဒီကို မပို့ပါနဲ့ ... သေပါရစေ”

ဆေးရုံကိုရောက်သည်။ လက်တွန်းလှည်းမှောက်သည်။ ခြေထောက်ထပ်ကျိုးသည်။

သူက တိုးတိုးလေးညည်းသည်

“သေပါရစေ”

(I Want to Die)

တင်ညွန့်

၃၀.၃.၂၀၂၀ 

No comments