မကြိုက်ချင်းတူ - တင်ညွန့်
မကြိုက်ချင်းတူ---------------
“မေမေ”
“ဘာလဲသမီး”
“သမီးကို မုန့်ဖိုးနည်းနည်း ပိုပေးပါလား”
“ဘာဖြစ်လို့လဲသမီး”
“ဘာမှ မဟုတ်ပါဘူး ... ဒီနေ့သမီး သူငယ်ချင်းတွေနဲ့ ဆိုင်တစ်ဆိုင်မှာထိုင်ပြီးတော့ မုန့်စားချင်လို့။ သူတို့က ချည်းပဲ သမီးကို နေ့တိုင်းလိုလို ကျွေးနေတာ ကြာတော့ အားနာလာပြီ ... သမီးက ဒီနေ့ပြန်ပြီး ကျွေးချင်လို့”
“သမီးရယ် ... မေမေ့မှာ ဘယ်က အပိုငွေရှိလို့လဲ ... ဒီနေ့လုပ်ထားတဲ့ မုန့်တွေကို ဆိုင်သွားသွင်းပြီးမှ ပိုက်ဆံ ရမှာလေ။ သမီးကလည်း ကြိုမပြောဘူး။ မေမေက ကြိုပြောရင် ပိုက်ဆံဖယ်ထားမှာပေါ့”
“မေမေ့ကို ပြောလိုက်ရင် ဒီလိုချည်းပဲ ... နေတော့ သွားတော့မယ်”
“သမီး ထမင်းစားသွားလေ”
“မစားတော့ဘူး”
အမှန်တော့ ခင်လေး ယနေ့ ချစ်သူနှင့်ချိန်းထားသည်။ သူတို့ ကျောင်းပြီးလျှင် မြို့ထဲသွားကြမည်။ ရုပ်ရှင် ကြည့်မည်။ သူက သူ့ချစ်သူ မောင်နှင့် လဟာပြင်ဈေးတွင် အအေးသောက်ချင်သည်။ အအေးဖိုးကိုလည်း သူကပေးချင်သည်။
မောင်ကလည်း ပြည့်စုံသူတစ်ယောက်တော့မဟုတ်။ ချစ်သူဖြစ်သည်မှာ ၂ နှစ်ကြာခဲ့ပြီ။ ကျောင်းပြီးလျှင် ဆိုသည့် စကားနောက်တွင် အလုပ်အကြောင်းကိုသာ ဆွေးနွေးမိကြပြီး၊ အိမ်ထောင်ပြုမည့်အကြောင်းကို မဆွေးနွေးမိကြ။
သူတို့ နှစ်ယောက်စလုံး စိတ်ထဲတွင် ဖြစ်နေသည်က ကျောင်းပြီးလျှင် အလုပ်ပထမ၊ ချစ်သူချင်း အတူနေရေး သည် ဒုတိယ။ ကျန်တာတွေကိုတော့ မပြေလည်မှုများကြားတွင် ကြံဖန်ပြီး ပျော်ရွှင်အောင် နေသွားကြရန်သာ ဖြစ်သည်။
“မောင်ရယ် ... ရုပ်ရှင်ရုံတွေကလည်း လူတွေများပြီး တန်းစီနေရတာချည်းပဲ”
“လာပါကွယ် ... မှောင်ခိုလက်မှတ်ပဲ ဝယ်ကြရအောင်”
“နှစ်ကျပ်ခွဲတန်းကို ငါးကျပ်တောင် တောင်းနေတာ မတန်ပါဘူး”
“ဘယ်တတ်နိုင်ပါ့မလဲကွယ် ... ကြည့်ချင်နေမှတော့ ... ဒါနောက်ဆုံးအပတ် ရုံတင်တာလေ”
“မောင့်မှာ ပိုက်ဆံပါလို့လား”
“ပါတယ်”
ဤသို့ဖြင့်သူတို့ ဂုဏ်ရုံတွင် ရုပ်ရှင်ဝင်ကြည့်လိုက်ကြသည်။
ရုပ်ရှင်ပြီးသည့်အခါ သူတို့လဟာပြင်ဈေးဘက်ကို လာကြသည်။ ဗိုလ်ချုပ်ဈေးသို့ လှည့်မကြည့်မိအောင် သတိထားနေရသည်။ ရေငတ်သောကြောင့်
“မောင် ရေခဲရေသောက်ရအောင်” ဟုပြောကြည့်ကာ သူ့အိတ်ထဲမှာ အကြွေစေ့ကိုရှာသည်။ သူ့ထံတွင်လည်း ဒါပဲပါသည်။
“အို ရေခဲရေတွေ မသောက်ပါနဲ့ လဟာပြင်ဈေးမှာ ဖာလူဒါသွားသောက်မယ်”
“ပိုက်ဆံတွေ ကုန်ပါတယ်”
“ကုန်ကုန်ပေါ့ ... တစ်ခါတလေပဲဟာ”
လဟာပြင်ဈေးတွင် လူတွေစည်ကားလှသည်။ မောင်က ခင်လေးကို ဆိုင်တစ်ဆိုင်သို့ခေါ်သွားသည်။ သူတို့ ထိုင်လိုက်ပြီးနောက် မောင်က
“ဖာလူဒါတစ်ခွက်” ဟုမှာလိုက်သည်
“မောင့်ဖို့ရော”
“မောင်က ဖာလူဒါမကြိုက်ဘူး ... အချိုများတယ်”
အမှန်တော့ ခင်လေးသိလိုက်သည်။ မောင့်ထံတွင် ပိုက်ဆံများများမကျန်။
ထိုအချိန်တွင် သူတို့ထိုင်နေသည့်ဘက်ကို မေမေလာနေသည်။ မေမေ့လက်ထဲတွင် အားလူးကြော်ထုပ်တွေ ဆွဲလာသည်။ မေမေက သူတို့ဆိုင်ဘက်ကို လာနေပြီးမှ ဆိုင်တစ်ဆိုင်က ခေါ်သဖြင့် ဝင်လိုက်သည်။
ထိုအချိန်တွင် ခင်လေးက
“မောင် ... ခင်လေး အိမ်သာသွားဦးမယ်”
ပြောပြောဆိုဆိုနှင့် ခင်လေး အိမ်သာဘက်ကို ပြေးထွက်ခဲ့သည်။
အတန်ကြာမှ ခင်လေးပြန်လာသည်။
“ခင်လေး သောက်လိုက်ဦး ... ရေခဲမုန့်တွေ အရည်ပျော်နေပြီ”
“မောင်သောက်လေ”
“မောင်မကြိုက်ပါဘူး”
“မောင်ဘာမှ မစားရသေးဘူး”
“ရတယ် ... မောင်တစ်ခုခုစားမယ်”
မောင်ကထလိုက်ပြီး ဆိုင်တွင် ချိတ်ထားသည့် အားလူးကြော်ထုပ်တစ်ထုပ်ကို သွားဖြုတ်လိုက်သည်။
မောင်ကအားလူးကြော်အိတ်ကိုဖွင့်ပြီး ခင်လေးဘက်လှမ်းကာ
“စားလေ ... ခုဏကမှ လာပို့သွားတာ”
“ဟင့်အင်း မစားတော့ဘူး ... မောင်ပဲစား”
“စားပါကွယ် ရွရွလေး ... စားကောင်းတယ်”
“မစားချင်ပါဘူး ... ခင်လေး အားလူးကြော် မကြိုက်ဘူး"
ခင်လေး မျက်ရည်မကျအောင် မနည်းထိန်းထားရသည်။ ဤအထုပ်များသည် အမေနှင့်သူ တစ်ညလုံး ဖယောင်းတိုင်မီးနှင့် ပိတ်ထားရသော အထုပ်များဖြစ်သည်။
ညကအမေပြောသည်
“သမီး ဆီဈေးတွေရော အာလူးဈေးတွေကို နည်းနည်းတက်သွားတော့ အမြတ်နည်းတော့မယ်ထင်တယ်။ ဒါပေမဲ့ မိတ်မပျက်အောင်တော့ ဆက်လုပ်နေရာမှာပဲ”
မောင့်ကိုပြောလိုက်ချင်သည်
“ဒီ အာလူးကြော်တွေကို မကြိုက်တာ မဟုတ်ဘူးမောင် ... မစားရက်တာ”
မောင်ကတော့ အာလူးကြော်တွေကို ဝါးလိုက် ... သူ့ရှေ့တွင်ချထားသည့် စာအုပ်ကိုဖတ်လိုက်
ထို့ကြောင့် ခင်လေးကျလာသည့် မျက်ရည်ကို မမြင်လိုက်။
တင်ညွန့်
၂၄.၃.၂၀၂၀
No comments