New Artical

သာမဏေဝါဒ (၁)

 


သာမဏေဝါဒ (၁)

ဘုန်းတော်ကြီးကျောင်း တော်တော်များများ မနက်အစောကြီး ထလေ့ရှိတာကို အားလုံး သိပြီးသား ဖြစ်မှာပါ။ ရဟန်း သံဃာတော်များဆိုတာက မနက်တိုင်း အရုဏ်အမီထပြီး ဘုရားဝတ်ပြုရပါတယ်။ မနက်ခင်းဆိုတာက ဆိတ်ငြိမ်တယ်။ ဘုရားရှိခိုးရ၊ တရားထိုင်ရတာ စိတ်အလွယ်တကူ ကြည်လင်လွယ်တယ်။ တခုခုကို အာရုံစိုက်ရတာလည်း ပိုလွယ်တယ်။ ဒါကြောင့် စောစောထလေ့ ရှိကြတယ်။ စောစောထပြီး မနက်ခင်းကို ဘုရားရှိခိုးတာနဲ့ စတာကလည်း ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံစေတယ်။ ဆရာတော်ကြီးများ ထုံးစံကတော့ ဘုရားဝတ်ပြုပြီးရင် ဩဝါဒပေးလေ့ပေးထရှိတယ်။ အထင်ရှားဆုံးကတော့ အမရပူရမြို့က မဟာဂန္ဓာရုံကို တည်ထောင်ခဲ့ပြီး ပိဋကတ်သုံးပုံနှင့် အဖွင့်ကျမ်းတွေကို ခေတ်စကားနဲ့ အနက်အဓိပ္ပါယ်ဖွင့်ပြခဲ့တဲ့ ဆရာတော် အရှင်ဇနကရဲ့ “မနက်ခင်းဩဝါဒ”ပါပဲ။ ဆရာတော်ကြီးရဲ့ အပြုအမူကို မီငြမ်းပြီးကိုယ်လည်း မနက်ခင်းဆိုရင် ကိုရင်လေးတွေကို နည်းနည်းပါးပါး ဩဝါဒလေးပေးဖြစ်ပါတယ်။

ကိုယ့်ကျောင်းမှာတော့ သူများကျောင်းလို အရုဏ်တက်ချိန် အရုဏ်ဆွမ်း မဘုဉ်းပါဘူး။ အရုဏ်ဆွမ်းချက်လိုက်ရင် ဆွမ်းတွေအရမ်းပိုပိုသွားလို့ မနက်ဘုရားဝတ်ပြုပြီးမှ ဆွမ်းခံကြွ၊ ဆွမ်းခံပြန်လာမှ ဆွမ်းကို ဘုဉ်းပေးပါတယ်။ ဒီတော့ အရမ်းအစောကြီး မထကြရပါဘူး။ မနက် ၅ နာရီမှထရတယ်။ အရမ်းအေးတဲ့ တန်ဆောင်မုန်းလကနေစလို့ မနက်ပိုင်း မထခိုင်းတော့ပါဘူး။ မနက်ပိုင်းမထရတဲ့ အချိန်က တန်ဆောင်မုန်းကနေ ဘယ်ထိရောက်တတ်သလဲဆိုရင် တပို့တွဲလပြည့်အထိ၊ သို့မဟုတ် တပေါင်းလဆန်းအထိရောက်တတ်ပါတယ်။ သို့သော်လည်း ဆွမ်းခံချိန်ကတော့ မနက် ၆ ခွဲလို့ ပုံသေသတ်မှတ်ထားတယ်။ ဆွမ်းခံတာ ၃၅ မိနစ်အထိ ကြာတတ်တယ်။ ဒီလိုနဲ့ မနက် ၇ နာရီကနေ ၇ ခွဲကြားလောက်မှပဲ ဆွမ်းဘုဉ်းပေးဖြစ်ပါတယ်။

မနက်ခင်းတိုင်းသူတို့ကို ပြောဖြစ်တဲ့ စကားတွေက ဘုရားရှိခိုးရာမှာပါတဲ့ ဘုရားစာတွေရဲ့ အဓိပ္ပါယ်ကိုပဲ ပြောဖြစ်ပါတယ်။ သူတို့ကို ပြောဖြစ်တာကလည်း အရမ်းကြီး မရှုပ်ထွေးပါဘူး။ ကလေးတွေ နားလည်လောက်တဲ့ အနေအထားမှာပဲ ပြောပါတယ်။ အရမ်းရှုပ်ထွေးနေရင်တော့ ‘ကိုရင်တို့ ကြားဖူးတယ်’ဆိုတဲ့ အဆင့်လေးရှိအောင် ပြောဖြစ်တာမျိုးလေးလည်း ရှိပါတယ်။ ဒီ့ထက်တိုးရင်တော့ဖြင့် သဘာဝပတ်ဝန်းကျင်အကြောင်းရယ်နှင့် သူတို့ဝယ်စားနေကြတဲ့ မုန့်တွေအကြောင်း အမှိုက်တွေအကြောင်းလေးတွေလည်း ပြောဖြစ်ပါတယ်။ ကိုရင်အသစ်တွေပါလာတိုင်းတော့ Bio Clock ကိုပြန်ပြောပါတယ်။ ကိုရင်အဟောင်းတွေလည်း မှတ်မိနေအောင်လို့။ တခါခါ သမာဓိနဲ့ ပတ်သက်တာတို့ စဉ်းစားဆင်ခြင်စရာအကြောင်းတို့ကို လိုအပ်လာရင် ပြောပါတယ်။

ဖိုးပြောချင်ကြီး မဟုတ်ပေမယ့် ကိုယ့်ကျောင်းမှာ ကိုရင်လာဝတ်ပြီး ဘာသာရေးနှင့်ပတ်သက်လို့ ဘာမှလည်းမသိ ဘာမှလည်းနားမလည်တာမျိုး ဖြစ်သွားမှာ ကြောက်လို့ ပြောဖြစ်တာပါ။ သဘာဝပတ်ဝန်းကျင်အကြောင်းစတာတွေကတော့ တချိန်က ကိုယ်ဟာ ဒါတွေနဲ့ ပတ်သက်ပြီး သင်တန်းပေးခဲ့သူဖြစ်လေတော့ ကိုယ့်ပညာကို အလကား မထားလိုတဲ့ ဇောနဲ့ပါ။ ဒါလေးရေးဖြစ်တာကလည်း မသိဖူး မမှတ်ဖူးတဲ့သူများ သိမှတ်ခွင့်ရလေမလားလို့ ရေးမိတာပါ။

ဟာ၊ ဒီ အသက် ၁၂ နှစ် ၁၃ နှစ်ကလေးတွေကို Bio Clock တို့အထိ ပြောသလား။ သင်သလား။ ဘယ်လိုလုပ်နားမလည်မှာလဲ။ အဲလို တွေးကြမှာ သေချာပါတယ်။ ဒါကြောင့် ကိုရင်လေးတွေကို ပြောပြဖြစ်တဲ့ Bio Clock လေးကို အရင်ဆုံးပြောပါရစေ။ ဪ ပြီးတော့လေ သူတို့ကို ဒီတိုင်းကြီး ပြောပြတာမျိုး မလုပ်ဘူးဗျ။ မေးခွန်းတွေ တောက်လျှောက်မေးပြီး Brain Storming တောက်လျှောက်လုပ်ပါတယ်။ ပြောရင် အထပ်ထပ်အခါခါ ပြောပါတယ်။ ပြီးတော့ တစ်နှစ်ပတ်လုံးပြောတယ်လို့ ပြောလို့လည်းရတယ်။ သူတို့မေ့လောက်ပြီလို့ ယူဆရင် ဒီအချက်ကို ပြန်ပြန်ပြောပါတယ်။ တစ်နှစ်ပတ်လုံး မနက်ခင်း ဘုရားဝတ်တက်ပြီး သူတို့ကိုပြောဖြစ်တဲ့ စကားလေးတွေက ဒါတွေပဲ ထပ်နေပါတယ်။ သူတို့ ဘုရားဝတ်ပြုတဲ့ ဘုရားစာတွေကို ထပ်ထပ်ပြီး မှတ်မိနေအောင် ထပ်ထပ်ပြီးတော့ပဲ ပြောနေတာပါ။

Bio Clock ကို ဘယ်လို စပြောသလဲ။

“ကိုရင်တို့ ဘာနဲ့ အသက်ရှင်နေတာလဲ”

ဆိုပြီး စမေးပါတယ်။ ကိုရင်တွေ မဖြေပါဘူး။ ဒီလိုပဲ ကိုယ့်ကို ကြောင်ကြည့်နေတယ်။ နာမည်ကောက်တပ်လိုက်ရင် ခေါင်းငုံ့သွားတာပါပဲ။ သို့ပေမယ့် သူတို့ စဉ်းစားတတ်အောင် မေးရတာပဲ။ အခု မစဉ်းစားခဲ့ရင်တောင် မေးခွန်းအမေးခံရတဲ့ အကျင့်လေးရှိသွားမှာပဲ။ ဒီလိုတွေးပြီး မနက်တိုင်းနီးပါး မေးခဲ့တာပဲ။

“အသက်အောင့်ထားကြည့်၊ အသက်မရှူဘဲနေရင် ဘာဖြစ်လာမလဲ၊ ရေနစ်တဲ့သူ ဘာကြောင့် သေသွားရတာလဲ”

သူတို့ကို ဒီလိုနဲ့ ကိုယ်သိထားမိတဲ့ RWCT စာသင်နည်းတို့ CCA စာသင်နည်းတို့ဆီကရတဲ့ ပညာနဲ့ ဆွဲခေါ်ရတာပဲ။

“ငါတို့ အသက်ရှူလို့ အသက်ရှင်နေတာ မဟုတ်ဘူးလား”

“ဪ”

ဒါကတော့ ပအိုဝ်းတိုင်းရင်းသားတွေ တလေးတစားတုံ့ပြန်တဲ့ ခွန်းတုံ့စကားပါပဲ။ “ဪ” သို့မဟုတ် “ဩ” လို့ဖြစ်ပါတယ်။ အောက်ပြည်အောက်ရွာက “တင်ပါ့” ဆိုတဲ့စကားနဲ့ ညီပါတယ်။

“ငါတို့ အသက်ရှူသွင်း ရှူထုတ်တဲ့အခါ ဘာကို ရှူသွင်း ရှူထုတ်သလဲ”

ဒီလိုနဲ့ ငါတို့ အဓိက အသက်ရှင်နေရတဲ့ ပထမတခုသော အကြောင်းရင်းက ‘လေ’။ လေ မရှိရင် ငါတို့ အသက်မရှင်နိုင်ဘူး။ ဒါကို ပါဠိလိုဆိုရင်တော့ဖြင့် ‘ဝါယောဓာတ်’လို့ခေါ်တယ်။

“ရေမရှိရင်ရော အသက်ရှင်နိုင်သလား”

ဒီလိုနဲ့ ငါတို့ခန္ဓာကိုယ်ဟာ ရေကို လိုအပ်တယ်။ ပါဠိလို “ဝါယော” လို့ခေါ်တယ်။ ငါတို့ သွေးဟာ လေနဲ့ ရေပေါင်းပြီး ငါတို့ခန္ဓာကိုယ်ထဲမှာ အပေါ်ဆင်းလိုက် အောက်တက်လိုက်လုပ်နေတာပေါ့။

“သေသွားတဲ့သူရဲ့ ခန္ဓာကိုယ်ဟာ အေးစက်သွားတယ်၊ ဒါဟာ အပူဓာတ်မရှိတော့လို့ပါပဲ”

ဆက်ပြီးတော့ တေဇောဓာတ်ဖြစ်တဲ့ အပူအကြောင်းပြောပါတယ်။ အေး ငါတို့ ခန္ဓာကိုယ် အစိုင်အခဲဖြစ်တဲ့ မာကျောနေတဲ့အရာမှန်သမျှ ပထဝီဓာတ်ပါပဲ။ မြေဓာတ်လို့လည်း ခေါ်တယ်။ လူတွေဟာ ဒီ လေ၊ ရေ၊ မီး နှင့်မြေဆိုတဲ့ ဓာတ်ကြီးလေးပါးကြောင့် အသက်ရှင်နေထိုင်နေကြရတယ်။ ဓာတ်ကြီးလေးပါးမှာ တခုခု ချို့ယွင်းသွားတာနဲ့ လူတွေဟာ ကျန်းမာရေး စပြီး ချို့ယွင်းလာပါတယ်။

“ငါတို့တွေ လေကို ရှူလို့ အသက်ရှင်တယ်။ ရေသောက်လို့ အသက်ရှင်တယ်။ ခန္ဓာကိုယ်ကို ပူနွေးစေတဲ့ အာဟာရကို စားသုံးတယ်။ ပူနွေးစေတဲ့အဝတ်ကို ဝတ်တယ်။ ပူနွေးစေတဲ့ ဝန်းကျင်မှာနေထိုင်တယ်။ ဒါပေမယ့် တချို့သောလူတွေဟာ ဒီလောက်နဲ့တင် လုံလောက်ပြီလို့ ထင်ကြတယ်။ သူတို့တွေဟာ ပထဝီဓာတ်ကို မေ့နေကြတယ်။ မြေကြီးနဲ့ မထိတွေ့ဘူး။ မြေကြီးကနေ ပေါက်လာတဲ့ သစ်ပင်တွေ မြက်ပင်တွေ ပန်းပင်တွေနဲ့ မထိတွေ့ကြဘူး။ ဒါဟာ မှားယွင်းသော နေထိုင်မှုတစ်ခုဖြစ်တယ်။

ကိုရင်တို့ ဖိနပ်ချွတ်ပြီး ဆွမ်းခံကြွကြရတယ်။ ဒါဟာ အကောင်းဆုံးသော ပထဝီဓာတ်နဲ့ထိတွေ့ပြီး ခြေဖဝါးမှာရှိတဲ့ အကြောတွေကို ဖွင့်ပေးတဲ့သော့ချက်ပါပဲ။ ညနေခင်း ဘောလုံးကန် ခြင်းလုံးခတ်တယ်။ ဒါကလည်း ပထဝီနဲ့ ထိတွေ့ရတဲ့ အကောင်းဆုံးသော အချက်တွေပဲ။ တခါခါ ကိုရင်တွေကို စိုက်ထားတဲ့ ထောပတ်ပင်၊ ကော်ဖီပင်ခြေရင်းတွေမှာရှိတဲ့ မြက်ပင်တွေကို နှုတ်ခိုင်းတာကလည်း ပထဝီဓာတ်နဲ့ ထိတွေ့ခိုင်းချင်လို့ပဲ။ ကိုရင်တို့ ဘဝတလျှောက်လုံးမှာ ကိုယ့်ကိုယ်ကို ဓာတ်ကြီးလေးပါးနဲ့ ထိတွေ့နေဖို့ ဘယ်သောအခါမှ မမေ့ကြပါနဲ့။

ပြီးတော့ ကိုရင်တွေမှတ်ထား။ ကိုရင်တို့ ခန္ဓာကိုယ်က ကိုရင်တို့ အချိန်နဲ့ အလုပ်လုပ်ကြရသလို သူလည်း အချိန်နဲ့ အလုပ်လုပ်တယ်။

မနက် ၃ နာရီကနေ ၅ နာရီအချိန်ဟာ ငါတို့ရဲ့ အသက်ရှူဖို့ အဓိက ပံ့ပိုးပေးနေတဲ့ အဆုတ် အလုပ် လုပ်ချိန်ဖြစ်သလို သဘာဝပတ်ဝန်းကျင်လေထုကလည်း အသန့်ဆုံးအချိန်ဖြစ်တယ်။ ဒါကြောင့် ငါတို့ မနက်စောစောထတာ ငါတို့အတွက် အရမ်းကောင်းတဲ့ ကျန်းမာရေးလေ့ကျင့်ခန်းတခုပဲ။

မနက် ၅ နာရီကနေ ၇ နာရီက ငါတို့ရဲ့ အူမကြီးအလုပ်လုပ်တဲ့အချိန်ပေါ့ကွာ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လေ့ကျင့်ခန်းလုပ်ချင်ရင် အလုပ်သင့်ဆုံးအချိန်ဖြစ်တယ်။ ကိုရင်တို့ ညနေပိုင်းမှ ကျန်းမာရေးဆိုပြီး ဘောလုံးကန်ကြတာက တကယ်တော့ အချိန်ကောင်းမဟုတ်ဘူး။ ညနေ ၅ နာရီကျော်သွားရင် ကိုရင်တို့ ခန္ဓာကိုယ်ထဲက ကျောက်ကပ်က အလုပ်လုပ်ချိန်။ ကျောက်ကပ်ဆိုတာ ကိုရင်တို့ မစားသင့်တဲ့ အစားအစာမျိုးတွေကို စားတဲ့အခါ ပါလာတဲ့အဆိပ်တွေကို ကျင်ငယ်အဖြစ်ပြောင်းပေးတဲ့ အစိတ်အပိုင်းပဲ။ သူက အဆိပ်တွေကို ထုတ်ပေးနေချိန် ကိုရင်တို့က ဘောလုံးကန် ခြင်းခတ်လုပ်နေရင် ကျောက်ကပ်အလုပ်ကောင်းကောင်းမလုပ်ရဘဲ အားနည်းပြီး စိတ်မကြည်တာ၊ စာကျက်ရခက်တာ၊ ခံစားချက်နည်းတာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် ကျန်းမာရေး လေ့ကျင့်ခန်းတွေ လုပ်ချင်ရင် မနက် ၇ နာရီနောက်ပိုင်းလုပ်ကြ။ ဒါပေမယ့် ကိုရင်တို့ ဆွမ်းခံကြွကြတာဟာ အကောင်းဆုံးလေ့ကျင့်ခန်းပါပဲ။ ခြေထောက်တွေ မြေကြီးနဲ့ တိုက်ရိုက်ထိတွေတဲ့အပြင် ကျောက်စရစ်ခဲတွေက နှိပ်နယ်ပေးပြီးသား ဖြစ်တယ်။ ပြီးတော့ လမ်းလျှောက်ခြင်းဟာ အကောင်းဆုံးနဲ့ အလွယ်ဆုံး ကျန်းမာရေးလေ့ကျင့်ခန်းဆိုတော့ ကိုရင်တို့ ဆွမ်းခံကြွကြတာဟာ ရွာထဲက တကာတကာမတွေ မပင်မပန်းဘဲ ဆွမ်းကုသိုလ်ကို ရစေတယ်။ ပြီးတော့ တကာ တကာမတွေ ကိုရင်တို့ရဲ့ သင်္ကန်းဝါဝါတွေကိုတွေ့မြင်တဲ့အခါ ငါတို့တတွေရဲ့ ဗုဒ္ဓသာသနာ ထွန်းကားနေသေးပါလားဆိုပြီး သူတို့တွေ ကုသိုလ်နဲ့ အကုသိုလ်တွေကို သတိတရဖြစ်သွားမယ်။ ဆွမ်းခံသွားခြင်းဟာ ကုသိုလ်အများကြီးရတာမို့ ငါတို့ရဲ့ ဘုရားရှင်တောင်မှ ထိုင်နေပြီး အခန့်သား အကောင်းတကာ့အကောင်းဆုံးဆွမ်းတွေကို ဘုဉ်းပေးနိုင်ရက်သားနဲ့ ဆွမ်းခံကြွခဲ့တာ။ ဒါကြောင့်မို့ ကိုရင်တို့ ဆွမ်းခံကြွ မပျင်းကြနဲ့။ ညနေ ၅ နာရီကျော်ရင် အပြင်းအထန် မကစားကြနဲ့တော့။ အေး မနက် ၅ နာရီကနေ ၇ နာရီအတွင်း အိမ်သာတက်တတ်တဲ့အကျင့်ကို လေ့ကျင့်ထား။ ဒီအချိန်က အူမကြီး အလုပ်လုပ်တဲ့အချိန်မို့ မဖြစ်မနေ အိမ်သာတက်ဖြစ်အောင်တက်ကြ။

မနက် ၇ နာရီကနေ ၉ နာရီအတွင်း မနက်စာကို စားဖြစ်အောင် စားကြ။ အစာအိမ်ရောဂါဖြစ်တာ ညနေစာ မစားရလို့မဟုတ်ဘူး။ မနက်စာ မစားကြလို့။ ခုခေတ်မှ ညနေစာ မစားရလို့ အစာအိမ်ဖြစ်တယ်လို့ ပြောနေကြတာဟာ လိမ်နေကြတာ။ ဘုရားရှင်လက်ထက်ကနေ ခုအထိ ရဟန်းသံဃာတွေ ညနေစာမစားဘဲ နေခဲ့ကြတာ။ အစာအိမ်ရောဂါဖြစ်တယ်လို့ မကြားဖူးဘူး။ ဒါကြောင့် အစာအိမ်ရောဂါမဖြစ်ချင်ရင် မနက်စာကို စားဖြစ်အောင်စားကြ။

ည ၉ နာရီကျော်ရင် ခန္ဓာကိုယ်ကြီးက လိုအပ်တဲ့ စွမ်းအင်တွေ ပြန်ဖြည့်ပေးတဲ့အချိန်။ အဲဒီအချိန်က အအိပ်သင့်ဆုံးအချိန်။ ည ၉ နာရီကျော်လို့မအိပ်ရင် ခန္ဓာကိုယ်က စွမ်းအင်တွေ လိုအပ်သလောက် ပြန်မရလို့ ဉာဏ်ထိုင်းတာ၊ ကျန်းမာရေးချို့တဲ့တာ အလွယ်တကူဖြစ်တတ်တယ်။

ကိုရင်တို့က မနက် ၅ နာရီထကြတာဆိုတော့ အဆုတ်အားကောင်းမယ်၊ ဆွမ်းခံကြွကြတာဆိုတော့ ကျန်းမာရေးလည်း ကောင်းပြီးသားပဲ။ ၇ နာရီကျော်ကျော်လေးမှာ ဆွမ်းဘုဉ်းပေးကြတာဆိုတော့ အာဟာရဓာတ်လည်း အပြည့်အဝရကြတယ်။ ဘဝတလျှောက်လုံး ဒီလိုနေထိုင်ကြ။ နောက်ဆုံးတခု သတိပေးချင်တာက မြေကြီးနဲ့ ထိတွေ့ခွင့်ရအောင် အမြဲကြိုးစားကြ။ နောက်ပိုင်းမှာ အတန်းပညာတွေအောင်လို့ ငါတို့တွေ အရိပ်ထဲမှာ အလုပ်လုပ်ရတယ် မြေကြီးထိစရာမလိုဘူးဆိုပြီး မာန်မတက်ကြနဲ့။ အဲဒါ ကိုယ့်ကျန်းမာရေးကို ကိုယ့်ဘာသာကိုယ်ထိခိုက်အောင် လုပ်နေတာနဲ့ အတူတူပဲ။

ဒီလိုလေးတွေ မနက်ခင်းတွေမှာ နည်းနည်းသွန်သင်ဖြစ်ပါတယ်။ အခု စာဖတ်ကို ဖတ်များဖတ်မိရင် သင်လည်း မြေကြီးနဲ့ အရမ်းကြီး မကင်းကွာနဲ့လို့ သတိပေးလိုက်ပါရစေ။

No comments