New Artical

၀မ်ပေါင်ကုမ္ပဏီ မြေလျော်ကြေးညှိနှိုင်းမှု လက်မခံသေးဟု လက်ပံတောင်း ဒေသခံများပြော


၀မ်ပေါင်ကုမ္ပဏီ မြေလျော်ကြေးညှိနှိုင်းမှု လက်မခံသေးဟု လက်ပံတောင်း ဒေသခံများပြော

 

ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် မြေသိမ်းခံရသူများထဲမှ မြေယာလျော်ကြေး မယူသေးသည့် ဒေသခံအချို့သည် ဝမ်ပေါင်ကုမ္ပဏီပေးမည့် လျော်ကြေးပမာဏကို လက်မခံနိုင်သေးကြောင်း မီဒီယာများအား ရှင်းလင်းပြောဆိုသည်။

လျော်ကြေးယူမထားသည့် တောင်သူများထဲမှ အချို့မှာ ကုမ္ပဏီကပေးသည့် လျော်ကြေးကို လက်ခံရန် ပြင်ဆင်နေသဖြင့် လက်မခံနိုင်သည့် တောင်သူများက ဆည်းတည်းရွာဟောင်းအနီးကွင်းပြင်တွင် ယနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြောဆိုကြခြင်း ဖြစ်သည်။

ဒေသခံတောင်သူအချို့က စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ဆည်တည်းရွာဟောင်းရွှေ့ပြောင်းရေးနှင့် မြေယာလျော်ကြေးရယူရန် ဆန္ဒရှိနေကြရာ တောင်သူအားလုံး၏ ဆန္ဒမဟုတ်ကြောင်း သိစေလို၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပွဲလုပ်သူများက ဆိုသည်။

“ဆည်းတည်းရွာရွှေ့ရေးနဲ့ မြေယာလျော်ကြေးယူဖို့ဆိုတာ ဒေသခံအားလုံးရဲ့ သဘောဆန္ဒလည်း မဟုတ်ပါဘူး။ ဒေသခံအားလုံးနဲ့ ညှိနှိုင်းတိုင်ပင်ထားတာလည်း မဟုတ်လို့ လက်မခံနိုင်ကြောင်း သိစေချင်လို့ပါ”ဟု တုံအလယ်ရွာမှ မစန္ဒာက ပြောသည်။

ဒေသခံဦးရေ ၅၀ ခန့်ပါသော အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် မြေယာလျော်ကြေး တစ်ဧက ၁၈ သိန်း ပေးမည့်အချက်အပါအဝင် အခြားလက်မခံနိုင်သည့် အချက်များ ရှိနေသေးသည်ဟု ပြောဆိုကြသည်။

JIT (Joint Implementation Team) အစည်းအဝေးအရ ဒေသခံအချို့ တောင်းဆိုနေသည့် အချက် ၉ ချက်အနက် အချက် ၅ ချက်ကို ညှိနှိုင်းအဆင်ပြေသဖြင့် လျော်ကြေးထုတ်ယူကာ ရွာရွှေ့ပြောင်းရန် ပြင်ဆင်နေသူများ ရှိနေသည်။

တစ်ဧက ၁၈ သိန်းနှုန်းဖြင့် မြေယာလျော်ကြေး မယူချင်သည့် ဒေသခံတောင်သူများက ကုမ္ပဏီ၊ အစိုးရအဖွဲ့တို့နှင့် သီးသန့်တွေ့ဆုံ ညှိနှိုင်းမှု ရယူလိုခြင်းဖြစ်သည်။

“အစီရင်ခံစာအတိုင်း ဆောင်ရွက်ပေးပါ။ ဒေသခံတွေကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်များနဲ့ တွေ့ဆုံညှိနှုင်းမယ်ဆိုရင် ဒီကိစ္စက အမြန်ဆုံး ပြေလည်မှာ ဖြစ်ပါတယ်”ဟု တုံတောကျောင်းရွာမှ ဦးဝင်းနိုင်က ပြောသည်။

တောင်သူအချို့က မြေယာလျော်ကြေးကို ကာလပေါက်ဈေး သိန်း ရာဂဏန်းအထိ ရယူလိုသည်ဟု ၎င်းတို့က ဆိုသည်။

စီမံကိန်းဘက်မှ တာဝန်ရှိသူ မစ္စတာ ဒေါင်ယန်းဖီးက ကုမ္ပဏီအနေဖြင့် မြေငှားရမ်းသူများဖြစ်ရာ မြေယာလျော်ကြေး ပမာဏသတ်မှတ်သည့် ကိစ္စသည် မြေယာပိုင်သည့် အစိုးရအပေါ်သာ မူတည်နေကြောင်း မုံရွာဂေဇက်ကို ပြောဆိုထားသည်။

လက်ပံတောင်းကြေးနီစီမံကိန်းသည် ၂၀၁၁ ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့တွဲဖက် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် မြေဧက ၇၈၀၀ ကျော်ကို သိမ်းယူခဲ့ပြီး မြေယာလျော်ကြေးကိစ္စအား ဖြေရှင်းပေးရန် ဧက ၁၇၀ဝ ကျော် ကျန်နေသေးသည်။

စီမံကိန်းအတွက် ကျေးရွာပေါင်း ၂၆ ရွာမှ လုပ်ကိုင်နေသော မြေယာများ ပါဝင်သွားခဲ့သည်။

ထို့အပြင် စီမံကိန်းဧရိယာနှင့်အနီးဆုံးဖြစ်သော ကျေးရွာ ၄ ရွာအား ရွာသစ်တည်၍ ပြောင်းရွှေ့ပေးခဲ့ရာ ဝက်မှေးနှင့် ဆည်တည်းရွာမှ ဒေသခံအချို့သည် ယနေ့တိုင်မပြောင်းရွှေ့ပဲ နေထိုင်လျက်ရှိသည်။

 

အိအိမွန်
ဆားလင်းကြီး၊ ဇန်နဝါရီ – ၂၅

No comments