New Artical

အမျိုးသမီးများ တိုးတိုးတိတ်တိတ် (အဖြူဆင်းတဲ့ပြသနာ)


 အမျိုးသမီးများ တိုးတိုးတိတ်တိတ် (အဖြူဆင်းတဲ့ပြသနာ)

အခုတလော ကျွန်မ ဆေးခန်းလေးမှာ တွေ့နေရတဲ့ အမျိုးသမီးတွေရဲ့ တိုးတိိုးတိတ်တိတ် ပြဿနာလေးတစ်ခုရှိပါတယ်။ ကျွန်မတို့ မြန်မာမိန်းကလေးတွေဟာ အရှက်အကြောက်ကြီးလှပါ တယ်။ ဆရာဝန်ထံ ရောက်လာတော့လည်း ဆရာဝန်ဟာ ယောက်ျားဆိုရင် လိုရင်းပြောရမှာ ရှက်နေတာနဲ့ တော်ရုံမပြဖြစ်ကြပါဘူး။ ကျွန်မတို့လို မိန်းမဆရာဝန်ကိုတောင် အတော် ယုံကြည်ရင်းနှီး လာမှ သူတို့ပြဿနာတွေ ပြောပြတိုင်ပင်ကြပါတယ်။ ဒါနဲ့ပဲ မလွန်သင့်တာတွေ လွန်၊ မဖြစ်သင့်တာ တွေ ဖြစ်နဲ့ ရောဂါတွေ ကြီးထွားလာကြပါတော့တယ်။ ဆေးခန်းရောက်မလာဖြစ်ကြတဲ့ အမျိုးသမီး အများစုအတွက် ဒီနေရာကနေ အကြမ်းဖျင်းပြောပြချင်ပါတယ်။ လောလောဆယ်တော့ ကျွန်မတွေ့နေ ရတဲ့ ကိစ္စလေးတွေပဲ ပြောဖြစ်ပါလိမ့်မယ်။ နောင်ကိုတော့ အမျိုးသမီးများသိချင်တဲ့ မိန်းမပြဿနာလေး တွေကို မေးမြန်းနိုင်ပါတယ်။ အလျဉ်းသင့်သလို မီးယပ်သွားဖွားအထူးကုများနဲ့ တွေ့ဆုံမေးမြန်းပြီး ပြော ပြပေးပါ့မယ်။ ဒီတစ်ခေါက်တော့ OG ဒေါက်တာဒေါ်တင်စိုးနဲ့ တွေ့ဆုံမေးမြန်းထားတဲ့ မိန်းမများ အဖြူဆင်းခြင်းအကြောင်း ပြောပြချင်ပါတယ်။

တကယ်တော့ အဖြူဆင်းတယ်ဆိုတာ သဘာဝအားဖြင့်လည်း အမျိုးသမီးတိုင်း အနည်းနဲ့ အများတော့ ကြုံရတတ်ပါတယ်။ ဘယ်အခါမှ သဘာဝအတိုင်း ဆင်းတာလဲ။ ဘယ်အခါမှာ ပုံမှန်မဟုတ်တာလဲဆိုတာ ခွဲခြားသိနိုင်ဖို့ အရေးကြီးပါတယ်။

ပုံမှန်ဆိုရင် မိန်းမကိုယ်ဟာ အရည်နဲ့ အမြဲစွတ်စိုနေပါတယ်။ ပုံမှန်ရှိတတ်တဲ့ အရည်ဟာ သဘာဝအားဖြင့် မိန်းမအတွင်းအင်္ဂါတွေဖြစ်တဲ့ သားအိမ်၊ သားဥပြွန်နဲ့ မိန်းမကိုယ်များက ပေါင်းစုထွက် လာတဲ့ အရည်ဖြစ်ပြီး အက်စစ်ဓာတ်ရှိလို့ မိန်းမကိုယ်တွင်းကို တော်ရုံပိုးမွှားဝင်လာရင် ခုခံကာကွယ်ပေးပါတယ်။ ဒီအရည်ဟာလည်း အဖြူရောင်နဲ့ ခပ်ပျစ်ပျစ်ပါပဲ။ တစ်ခါတလေမှာ ပုံမှန်အဖြူဆင်းခြင်းကပဲ အတော်များများဆင်းလာပြီး မိန်းမတွေ ကြောက်တတ် လန့်တတ်ကြပါတယ်။ ပုံမှန်အရည်ဟာ အရောင်မရှိ၊ အနံ့မရှိပါဘူး။ သာမန်အားဖြင့်…

ရာသီလာခါနီးအချိန် ရာသီလာပြီး ၂ပတ်ခန့်အကြာ (သားဥကြွေချိန်)၊ လိင်ဆက်ဆံချိန်၊ တား ဆေးများ စားနေချိန်၊ ကိုယ်ဝန်ဆောင်ချိန်တို့မှုာ အဖြူဆင်းများတတ်ပါတယ်။ ဒါဟာ သဘာဝပါပဲ။ အချို့မွေးခါစ သမီးမိန်းကလေးများမှာလ်း မိခင်ထံမှ ရထားသော မ, ဟော်မုန်းကြောင့် မွေးပြီးစ အဖြူ ဆင်းခြင်း ဖြစ်တတ်ပါတယ်။ စိုးရိမ်စရာမဟုတ်ပါ။

ဒီလို သဘာဝအဖြူဆင်းတာတွေဟာ ပမာဏများလာပေမဲ့ အနံ့အရောင်မရှိပါဘူး။ အဲ-အရေးကြီးပြီး သဘာဝမဟုတ်တော့တဲ့ အဖြူဆင်းခြင်းတွေကတော့-

မိန်းမကိုယ်အရည်ဟာ ပုပ်စော်နံလာရင်၊ ပြည်လိုမျိုး ခပ်ဝါ၀ါဖြစ်လာရင်၊ စိမ်းဝါရောင်ဖြစ်လာရင် (ရာသီလာချိန်မဟုတ်ဘဲ) သွေးစ သွေးရောင် ရောပါလာရင်၊ ဒိန်ခဲလို အဖတ်တွေ ပါလာရင်၊ မိန်းမအင်္ဂါ သို့မဟုတ် ပေါင်ခြံတွေ ယားယံလာပြီဆိုရင် ဒါဟာ သတိထားသင့်တဲ့ အဖြူဆင်းခြင်းဖြစ်လာပါပြီ။

ဒီလိုပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်းတွေရဲ့ အကြောင်းရင်းကို သိထားခြင်းအားဖြင့် အချို့အဖြူ ဆင်းခြင်းများဟာ ကြိုတင်ကာကွယ်နိုင်ပါတယ်။

ရိုးရိုးလေးနဲ့ မိမိဘာသာ ဂရုတစိုက် ကြိုတင်ကာကွယ်လို့ရတဲ့ အကြောင်းတစ်ခုကတော့ တစ်ကိုယ်ရေ သန့်ရှင်းမှုမရှိဘဲ မိန်းမကိုယ်ကို သန်ရှင်းစွာ မထားမိတာကြောင့် အနံ့နံတဲ့ အဖြူဆင်းလာ တာပါပဲ။ အမျိုးသမီးများ အားလုံးဟာ မျက်နှာလေးနဲ့ အပေါ်ယံ အလှအပလေးသာ ဦးစားမပေးကြဘဲ မိမိရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ကြပါရမယ်။ အချို့ မိန်းကလေးများဟာ ရာသီလာစဉ် အသုံးပြတဲ့ ပစ္စည်းတွေကို ညစ်ညစ်ပတ်ပတ်ထားကြ၊ ပြန်သုံးကြနဲ့ မသန့်ရှင်းကြပါဘူး။ စင်အောင် မလျှော်ကြ၊ နေမပြကြနဲ့ စိုစွတ်စွာ ပြန်သုံးတာ အစရှိသဖြင့် သန့်ရှင်းမှု မရှိကြပါဘူး။ ဒီအခါမှာ ပိုးမွှားတွေ ပေါက်ပွားပြီး မလိုအပ်ဘဲ မိန်းမကိုယ်တွေ ယားကြ၊ နံကြ၊ အဖြူဆင်းကြနဲ့ ဒုက္ခရောက်ကြရ ပါတယ်။ ဒါဟာ အမျိုးသမီးကြီးတွေမှာသာမကဘဲ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေမှာပါ ဖြစ်လေ့ရှိတာမို့ ဂရုစိုက်သင့်ပါတယ်။ အချို့မိန်းကလေးငယ်တွ ဘောင်းဘီမပါဘဲ ဆော့ကြ၊ ကစားကြ ရင်း ဖုန်တွေ၊ သဲတွေ မိန်းမကိုယ်ထဲဝင်ပြီး ကြာတော့ ရောဂါပိုးဝင်ပြီး နံတဲ့အဖြူတွေ ဆင်းတတ်ကြပါ တယ်။

ဆင်းလာလတဲ့ အဖြူဟာ စိမ်းဝါရောင်ရှိပြီး အနံ့လည်းနံ၊ မိန်းမကိုယ်ကိုလည်း ယားယံစေခဲ့ရင် တော့ ဒါဟာ ပါရာဆိုက်တစ်မျိုး (Trichomonasvaginalis) နဲ့ မှိုတစ်မျိုး (Candida albicans) တို့ မိန်းမကိုယ်အတွင်း ဝင်ရောက်လာခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြသရပါ မယ်။

တစ်ခါတလေ ဆင်းတဲ့အဖြူဟာ ပုပ်စော်နံနေရင်တော့– ကွန်ဒုံးအသုံးပြုတဲ့အခါ ကွန်ဒုံးဟာ မိန်းမကိုယ်အတွင်း ပြုတ်ကျန်ခဲ့ပြီး ကြာလာလို့ ပိုးဝင်ပြီး ပုပ်စော်နံတတ်ပါတယ်။ လိင်ဆက်ဆံဘက်မှာ ဂနိရောဂါရှိနေရင်လည်း ပိုးကူးစက်ပြီး ပုပ်စော်နံတတ်ပါတယ်။ ကလေးမွေးပြီးစ ဆိုရင်လည်း မွေးဖွားစဉ် အသုံးပြုတဲ့ ဂွမ်းလုံးတွေကျန်ခဲ့ပြီး ပိုးဝင်ကာ ပုပ်စော်နံတတ်ပါတယ်။ ကလေးမွေးတုန်းက အနာရှိပြီး မကျက်ခဲ့ရင်လည်း နံတဲ့အဖြူ ဆင်းတတ်ပါတယ်။

အဖြူဆင်းတဲ့ ပမာဏဟာ အလွန်များပြားပြီး အနံ့မရှိခဲ့ရင်တော့ – သုက်ပိုးသေစေရန် အသုံးပြု တဲ့ ခရင်မ်၊ ကွန်ဒုံး၊ မိန်းမကိုယ်ကိုဆေးတဲ့ ဆေးရည် စတာတွေနဲ့ ဓာတ်မတည့်တဲ့အခါ ဖြစ်တတ်ပါ တယ်။

ဆင်းတဲ့အဖြူဟာ ပုပ်စော်နံပြီး သွေးစလည်း ရောဆင်းလာရင်တော့ သားအိမ်ခေါင်း သို့မဟုတ် သားအိမ်လည်တံကင်ဆာ ဖြစ်နိုင်ပါတယ်။ လိင်ဆက်ဆံပြီးချိန် ဆင်းတတ်ပါတယ်။ သတိထားသင့်ပါ တယ်။ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အချို့ သွေးဆုံးခါနီး သွေးဆုံးပြီး မိန်းမကြီးများမှာ သားအိမ်ကျရင် သုံးတဲ့ (Pessary) ကို ကြာရှည်ထားရာက ပိုးဝင်ပြီးလည်း အဖြူများ ဆင်းတတ်၊ နံတတ်ပါတယ်။ အချို့လည်း သားအိမ်ဟာ အပြင်ထွက်ကျနေပြီး လုံချည်နဲ့ ပွတ်တိုက်၊ အနာဖြစ်ရာက ပိုးဝင်ပြီး အဖြူဆင်းတတ်ပါတယ်။

အရေးအကြီးဆုံးကတော့ ဒီလိုအရွယ်တွေ အဖြူဆင်းရင် အထူးသတိထားသင့်ပါတယ်။ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာတို့ ဖြစ်တတ်လိ့ပါပဲ။ အရမ်းလည်း ကြောက်စရာမလိုသလို၊ ပေါ့လည်း မပေါ့ဆသင့်ပါဘူး။

ရာသီလုံးဝ မလာတာ တစ်နှစ်ရှိရင် သွေးဆုံးပြီလို့ ယေဘုယျ သတ်မှတ်ပါတယ်။ ဒီလို သွေးဆုံးပြီးမှ အဖြူတွေ အများကြီးဆင်းရင်၊ နံရင်၊ သွေးစတွေပါလာရင် ကင်ဆာ ဟုတ်၊ မဟုတ် စစ် ဆေးသင့်ပါတယ်။ အမျိုးသမီးများ အသက် ၂၀ မှ ၆၄ နှစ်အတွင်း လိင်ဆက်ဆံဖူးသူအားလုံး အိမ်ထောင်ရှင်အားလုံးဟာ သားအိမ်ခေါင်းကင်ဆာကာကွယ်နိုင်ဖို့ Pap smear ကို ၃နှစ်တစ်ကြိမ်ယူပြီး စစ်ဆေးသင့်ကြောင်း အကြံပေးရင်းနဲ့ အမျိုးသမီးများ အဖြူဆင်းခြင်းပြဿနာမှ ကင်းဝေးကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

(မီးယပ်နှင့်သားဖွားအထူးကုသမားတော် မမ ဒေါက်တာဒေါ်တင်စိုး အား ကျေးဇူးတင်စွာဖြင့် )

No comments