အလံတော်တစ်ခုတည်းရဲ့ အောက်မှာ
(တစ်)
ရာထူးတော်တော်ကလေး
ကြီးသည့် ဆွေနီးမျိုးစပ်တစ်ဦးက ပုသိမ်ရှိ သူ၏ ခြံနှင့် အိမ်ကို
ရောင်းလိုကြောင်း သတင်းပါးပါသည်။ နောက်တစ်ဖန်ထပ်၍ အံ့ဩရပြန်ပါသည်။
သူက
တိုင်းနှင့် ပြည်နယ်အဆင့် မြို့ကြီးများ၌ တာဝန်ကျသွားခဲ့သူဖြစ်ရာ
သူပိုင်ခြံတို့၊ အိမ်တို့က ရွက်ကျပင်ပေါက်ပမာ သူ ရောက်လေရာမှာ
ရှိနေခဲ့ပါသည်။ မော်လမြိုင်မှာ၊ တောင်ကြီးမှာ၊ ပဲခူးမှာ၊ မုံရွာမှာ
စသည်ဖြင့်။ စစ်အစိုးရလက်ထက် တိုင်းမှူးတို့ ခရီးနှင်ရင်း
မြို့သစ်တည်ကြသည့်အခါ သူတာဝန်ကျရာ ဒေသနှင့် တိုက်ဆိုင်နေသဖြင့်
ရော့တစ်ကွက်၊ ရော့တစ်ကွက်နှင့် ပေးသွားခဲ့ခြင်း ဖြစ်ပါလေသတဲ့။
ကာလပေါက်ဈေးနှင့် တွက်ဆကြည့်လိုက်သည့်အခါ တစ်ကွက်ချင်း ရောင်းစားကာ
အေးအေးလူလူ ထိုင်နေလျှင်ပင် သူ့အသက် သုံး၊ လေး၊ ငါးပြန် ကုန်ခန်းသွားစရာ
အကြောင်းမရှိ။
သူက ခါးကြားတွင် သေနတ်ချိတ်ထားသူ
မဟုတ်။ အရပ်ဘက်အရာရှိ။ သူပင်လျှင် ဤမျှအထိ ရောင်းပန်းဝယ်ပန်း
ပွင့်လန်းခဲ့ပုံကို ကြည့်လျှင် ကျန်သူများကို ဆပွား၍ တွက်ကြည့်နိုင်ပါသည်။
သူ့နယ်နှင့် ကိုယ့်နယ် မြေကွက်တို့၊ တိုက်ခန်းတို့၊ ဆိုင်ခန်းတို့
အပြန်အလှန် လက်ဆောင်လှမ်းဖလှယ်ရင်း နေမဝင့်တဝင် အင်ပါယာသဖွယ်
ပုဂ္ဂိုလ်တစ်ဦးကိုလည်း တွေ့ခဲ့ဖူးပါသည်။
ထိုအချိန်၌ နိုင်ငံသားချင်းအတူတူ ကျောတစ်ခင်းစာကလေးသော်မှ မရှိရှာသည့်သူတို့က ခေါင်းမှာ မီးစွဲလောင်၍ နေကြဆဲ။
(နှစ်)
မကြာမီကမှ
အငြိမ်းစားယူသွားသည့် ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်တစ်ခုက
ပါမောက္ခတစ်ဦးနှင့် ဖုန်းပြောဖြစ်ပါသည်။ သူ့ လက်ရှိနေရာကို မေးရပါသည်။
အိမ်ငှားနေလေသတဲ့။ မြေကွက်၊ တိုက်ခန်း စသည်မျိုး တစ်ခုခုမရဘူးလားဟု
မေးသည့်အခါ ရယ်နေပါသည်။ မရပါဘူးတဲ့။ တစ်ခါကတော့ စာရင်းလာကောက်ခဲ့ပါသေးသတဲ့။
ဟုတ်ပါသည်။
စတုရန်းပေ မည်မျှအကျယ်က ကျသင့်ငွေ မည်မျှ စသည်ဖြင့်ပင် စာရင်းလာကောက်၍
ကိုယ်တိုင်ပင် စာရင်း ပေးခဲ့ဖူးသေးသည်မဟုတ်လား။ သိန်းနှစ်ရာတန်အခန်း၊
ရန်ကုန် နယ်နိမိတ်စသည်ဖြင့် တက္ကသိုလ်ရုံးက စာရင်းကောက်သူထံ
သတင်းပို့ခဲ့ရပုံကို အမှတ်ရနေမိ သည်။
ပါမောက္ခဘဝ
အငြိမ်းစား မယူမီကဖြစ်ရာ ယခု သုံး၊ လေးနှစ်ကြာသောအခါ ထိုအခန်းအကျယ်က
မည်မျှ၊ ကျသင့်တန်ဖိုးက မည်မျှ၊ ငွေကို တစ်ကြိမ်တည်းနှင့် ချေမည်၊
မချေမည်ဆိုသော ကိစ္စတို့က ပုံပြင်ပမာ ဟိုးရှေးရှေးတုန်းက
ဖြစ်သွားခဲ့ရပါပြီ။
(သုံး)
နိုင်ငံတော်သီချင်းထဲက
ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ပြည်ဟူသည့် စာသားကို စဉ်းစားတိုင်း
သီချင်းတခြား၊ နိုင်ငံတခြား ဖြစ်နေသည့် အခင်းအကျင်းကို စိတ်ပျက်မိသည်။
နိုင်ငံသားဟု
မစဉ်းစားဘဲ ဝန်ထမ်းဟု စဉ်းစားပုံကအစ လွဲချော်ခဲ့သည်ဟု ခံစားရပါသည်။
ခွင့်တူညီမျှဆိုသည့်စကားက မည်သူ့အတွက်ပါလိမ့်။ ဗိုလ်ကျစိုးမိုးထားသူ
လူ့အသိုင်းအဝိုင်းနှင့် သူတို့၏ မကင်းရာမကင်းကြောင်း
အဖျားအနားများအတွက်ပဲလား။ သို့မဟုတ် ဝန်ထမ်းတွေအတွက်ပဲလား။
နိုင်ငံသားအားလုံးအတွက် ရည်ရွယ်ထားသည့် စာသား မဟုတ်ဘူးလား။
ဩစတြေးလျနိုင်ငံသို့
ရောက်စဉ်က မိတ်ဆွေတို့၏ အိတ်ထဲက ကတ်ပြားတချို့ ယူကြည့်ဖြစ်ပါသည်။
ကတ်တစ်ခုက ကျန်းမာရေးကိစ္စ။ ကတ်တစ်ခုက ခရီးသွားလာရေးကိစ္စ။ Senior Citizen
ခေါ် အသက် (၆၀) ကျော်သူတို့ကို ထုတ်ပေးထားသည့် ကတ်များပဲ ဖြစ်ပါသည်။
သက်သာခွင့် ပေးထားသည့်ကတ်များ။
ထိုကတ်ဖြင့်
ခရီးသွားပြီဆိုပါစို့။ ပုံမှန်ခရီးသွားက တစ်ထောင်ကျပ်ဟုဆိုပါစို့။ ထိုကတ်
ကိုင်ဆောင်ထားသူက တစ်ရာကျပ်သာ။ လိုငွေအတွက် နိုင်ငံတော်က ကျခံသည်။ တစ်ဖန်
ထိုကတ်ဖြင့် ဆေးဝယ်ပြီဆိုပါစို့။ ပုံမှန်က ဆေးဖိုး
တစ်ထောင်ကျပ်ဟုဆိုပါစို့။ ထိုကတ်ကိုင်ဆောင်ထားသူက တစ်ရာကျပ်သာ။ လိုငွေအတွက်
နိုင်ငံတော်က ကျခံသည်။
ထိုအခွင့်အရေးကို Senior
Citizen ခေါ် လူကြီးတို့အတွက် ပေးသည့်အခါ နိုင်ငံသား လူကြီးမှန်သမျှ
ပေးအပ်ခြင်းဖြစ်ပါသည်။ ဝန်ထမ်းမို့၊ မြို့သားမို့၊ ခါးကြားတွင်
သေနတ်ချိတ်ထားသူမို့ စသည်ဖြင့် ရွေးချယ်ပေးအပ်နေခြင်း မဟုတ်ပါ။
ခွင့်တူညီမျှမှုက နိုင်ငံသားအားလုံးအပေါ်သို့ သက်ရောက်ပါသည်။
အာဏာရှင်နိုင်ငံများ၌
မိမိတို့၏ အာဏာယန္တရားအတွက် ဝန်ထမ်းကို ထိန်းချုပ်ဖို့ ကြိုးစားသည့်အခါ
အရိုးအရင်းပစ်ကျွေးကာ အခွင့်အရေးပေးသည့်အနေနှင့် မြေကွက်ပေးခြင်း၊
လက်ကိုင်ဖုန်းပေးခြင်း၊ ကားဝယ်ခွင့်ပေးခြင်းကဲ့သို့သော
အထူးရပိုင်ခွင့်များနှင့် မက်လုံးပေးရလေ့ရှိပါသည်။
ထိုရပိုင်ခွင့်ဆိုသည်များကပင် ဝန်ထမ်းတိုင်းနှင့် မသက်ဆိုင်နေပြန်ပါလေခဲ့။
လက်လုပ်လက်စား သာမန်ပြည်သူလူထုဆိုသည်ကြီးက ဟိုးအဝေးကြီးမှာ။
ဆရာတင်မိုးက ‘တောင်ကုန်းထိပ်က အလံ’ ဟူသည့် ကဗျာထဲ၌ ကဗျာတစ်ပိုဒ် ထည့်ရေးပါသည်။
‘အလံလွင့်လွင့်၊
မြင်သဖြင့်လျှင်၊
ခွန်းဆင့်ကာသာ၊
မေးလိုပါ၏၊
လွတ်လပ်သောအခါ၊
ငါတို့ရွာက၊
အေးသာ ပိန်မ၊
ပါပါစ’
လွတ်လပ်၍ အလံထူပြီးသည့်အခါ အေးသာ၊ ပိန်မ စသည့်ရွာကသူတွေ လွတ်လပ်ခြင်း၏ အရသာကို ခံစားသည့်အထဲမှာ ပါကြပါစတဲ့။
ဆရာကြယ်နီက သူ၏ ကိုတံငါဝတၳုများထဲ၌ ဤသို့ဖွဲ့ပါသည်။
‘လှေကလေးပေါ်မှာတော့
လူတစ်ယောက်။ ဘုရားစူးပါစေ့ ကမ်ဘာ့လူစုလူဝေးထဲက လူတွေနှင့် ဘယ်လိုမှ
မခြားနားသည့် လူတစ်ယောက် ××××××× ဒါပေမဲ့ အဲဒီလို လူ့အခွင့်အရေးတွေ
ဆုံးရှုံးခဲ့သော၊ ဆုံးရှုံးဆဲဖြစ်သော၊ ဆုံးရှုံးလတ္တံ့သော လူချင်းမတူသည့်
လူတစ်ယောက်’ တဲ့။
ဘာကြောင့်များ နိုင်ငံသား
အချင်းချင်း ကြွင်းကျန်နေခဲ့ကြရပါလိမ့်။ ငတ်သော် အကုန်ငတ်။ လွတ်သော်
အကုန်လွတ်။ စစ်ဘက်မို့၊ အရပ်ဘက်မို့၊ ဝန်ထမ်းမို့၊ မဝန်ထမ်းမို့၊
အသင်းဝင်မို့၊ အသင်းမဝင်မို့၊ လူကြီးခရီးစဉ်နဲ့ ကြုံသွားတာမို့၊
မကြုံသွားတာမို့ စသည့်အခြေအနေ အကြောင်းတရားများကို အခြေခံကာ
ခွင့်တူညီမျှမှုမရှိသည့် ခေတ်ကြီး ကုန်သင့်ပါပြီ။
နိုင်ငံသားတိုင်း လူတွေချည်းသာ။ ။
မောင်သာချို
No comments