လူငယ်နှင့် ဝိပဿနာ
လူငယ်နှင့် ဝိပဿနာ ၊ ရဝေနွယ် (အင်းမ)
ဘယ်အရွယ်မှာ တရားအားထုတ်ရမလဲ။
ဒီမေးခွန်းရဲ့အဖြေကို မဖြေခင် အာရုံနှိုးတဲ့အနေနဲ့ အားလုံးကြားဖူးပြီးဖြစ်တဲ့ ၀တၳုလေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။
မဟာဓနသူဌေးသားရဲ့ ၀တၳုလေးပါ။
မြတ်စွာဘုရားလက်ထက်တော်က
ကုဋေရှစ်ဆယ်ချမ်းသာတဲ့ သူဌေးသားတစ်ယောက်ရှိပါတယ်။ သူဌေးသားရဲ့ မိဘတွေက
သားဖြစ်သူကို ချစ်လွန်းလို့ ဒီတစ်သက် စားမကုန်ဘူးဆိုပြီး ပညာမသင်စေဘဲထားကာ၊
သီချင်းဆိုတာ၊ တီးမှုတ်တာလောက်ပဲ သင်စေပါတယ်။ အရွယ်ရောက်လာတော့ သူ့လိုပဲ
ကုဋှေရှစ်ဆယ်ချမ်းသာတဲ့ ပညာမတတ်တဲ့ သူဌေးသမီးတစ်ယောက်နဲ့
အိမ်ထောင်ချပေးပါတယ်။
နှစ်ယောက်ပေါင်းလိုက်တော့ ကုဋေတစ်ရာ့ခြောက်ဆယ်ချမ်းသာတဲ့ သူဌေးလင်မယားပေါ့။ ဒီလိုနဲ့ နှစ်ဖက်မိဘတွေ ကွယ်လွန်သွားကြ ရောပဲဆိုပါတော့။
သူဌေးဆိုတော့
ဘုရင့်ဆီကို နေ့စဉ် အခစား၀င်ရပါတယ်။ ဒါကို နေ့စဉ်တွေ့နေရတဲ့ အရက်သမားတွေက
စည်းရုံးဖို့ပြင်ဆင်ကြပါတယ်။ တစ်နေ့ သူဌေးသား ဘုရင့်ဆီက ပြန်အလာ လမ်းမှာ
အရက်သမားတွေက အရက်ကို သောက်ပြ၊ အမြည်းကို စားပြနဲ့ ”အရှင့်သူဌေးသား
အသက်တစ်ရာရှည်ပါစေ၊ အရှင်သူဌေးသားကို အမှီပြုပြီး
စားနိုင်သောက်နိုင်ရပါလို၏” လို့ ဆုတောင်းကြပါတယ်။ ဒီလိုနဲ့
အရက်သမားတွေနဲ့ ပေါင်းမိပြီး အရက်တွေ သောက်ဖြစ်သွားပါတယ်။
စာထဲမှာ
ပြထားတာကတော့ သူဌေးသားက ငွေတွေကို ဘေးမှာပုံပြီး သူရဲ့သောက်ဖောက်သောက်ဖက်
အရက်သမားတွေနဲ့ ပန်းတွေ၀ယ်ခိုင်းလိုက်၊ နံ့သာတွေ၀ယ်ခိုင်းလိုက်၊ ပြီးတော့
တီးတတ်၊ မှုတ်တတ်တဲ့သူတွေခေါ်တီးခိုင်း၊ မှုတ်ခိုင်း၊
သီချင်းဆိုတတ်တဲ့သူတွေခါ် သီချင်းဆိုခိုင်း၊ ကတတ်တဲ့လူတွေကို ကခိုင်း၊
ဆုငွေတွေကို တစ်ထောင် နှစ်ထောင်မျိုး ဆုချလိုက်၊ အရက်တွေသောက်လိုက်နဲ့
အလုပ်မလုပ်ပဲ အရက်ချည်းထိုင်သောက်နေလိုက်တာ ပစ္စည်းတွေကုန်ခမ်းပြီး
တောင်းစားရတဲ့ဘ၀ရောက်သွားရောပဲ ဆိုပါတော့။
တစ်နေ့
မြတ်စွာဘုရားက တောင်းစားနေတဲ့ သူဌေးလင်မယားကို ရဟန်းသာမဏေတွေက
စားကြွင်းစားကျန်တွေ ပေးနေတာ တွေ့မြင်တော့ အရှင်အာနန္ဒာကို အောက်ပါအတိုင်း
မိန့်တော်မူပါတယ်။
”ချစ်သားအာနန္ဒာ
အခုမြင်နေရတဲ့နှစ်ယောက်ကို ကြည့်စမ်းပါ။ သူဌေးသားဟာ ပထမအရွယ်မှာ တကယ်လို့
စီးပွားရှာလိုက်ရင် ဒီမြို့မှာ ပထမအချမ်းသာဆုံး သူဌေးကြီးဖြစ်လိမ့်မယ်။
အိမ်မှထွက်ပြီး ရဟန်းပြု တရားအားထုတ်လိုက်မယ်ဆိုရင် အရဟတ္တဖိုလ်ကို
ရလိမ့်မယ်။ သူ့မယားဟာလည်း အနာဂါမိဖိုလ်ကိုရလိမ့်မယ်။ ဒါမမဟုတ်
ဒုတိယအရွယ်မှာ စီးပွားရှာလိုက်ဦးမယ်ဆိုရင်လည်း ဒီမြိုမှာ ဒုတိယအချမ်းသာဆုံး
သူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြုတရားအားထုတ်မယ်ဆိုရင်
အနာဂါမ်ဖြစ်လိမ့်မယ်။ မယားကလည်း သကဒါဂါမ်ဖြစ်လိမ့်မယ်။ ဒါမှမဟုတ်
သတိဉာဏ်၀င်ပြီး တတိယအရွယ်မှာ စီးပွားရှာလိုက်မယ်ဆိုရင်လည်း
တတိယအချမ်းသာဆုံး သူဌေးကြီးဖြစ်လိမ့်မယ်။ ရဟန်းပြုတရားအားထုတ်မယ်ဆိုရင်တော့
သကဒါဂါမ်ဖြစ်လိမ့်မယ်။ မယားက သောတာပန်ဖြစ်လိမ့်မယ်။
အခုအရွယ်မှာတော့
အခိျန်တွေလွန်ခဲ့လှပြီ။ လူ့စည်းစိမ်တွေမှ ဆုတ်ယုတ်ခဲ့သလို
ရဟန်းအဖြစ်ဆိုတဲ့ မဂ်ဖိုလ်တွေမှလည်း ဆုတ်ယုတ်ခဲ့ပြီ။ ရေခြောက်သွေ့နေတဲ့
ရေအိုင်ကို ရောက်ရှိနေတဲ့ ကြိုးကြာငှက်လို့ ဖြစ်ခဲ့ရရှာပြီ”
အားလုံးကြားဖူးထားတဲ့ ၀တၳုလေးပါ။
အထက်က၀တၳုလေးမှာ
မြတ်စွာဘုရားက အရှင်အာနန္ဒာကို မှတ်ချက်ချပြတဲ့စကားလေးက အဓိကလိုရင်းပါ။
မြတ်စွာဘုရားရဲ့ အဓိကလိုရင်း မှတ်ချက်ကလေးကိုပဲ ကိုင်ပြီး ပြောရအောင်ပါ။
လောကလူသားတွေ ပြောနေကြတဲ့ စကားရှိပါတယ်။ ဘာလဲဆိုတော့ ”ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာတဲ့”
ဒီဆောင်းပါးမှာတော့ တရားထူးတရားမြတ်ရဖို့ နည်းလမ်းကိုပဲ ဦးစားပေးရေးသွားမှာဆိုတော့ ကျန်တဲံအစိတ်အပိုင်းတွေကို မသုံးသပ်တော့ပါဘူး။
ဒီတော့
တရားထူးတရားမြတ်ရဖို့ ဘယ်အရွယ်ဟာ အခွင့်အရေးအသာဆုံးလဲဆိုရင်
မြတ်စွာဘုရားရှင်ရဲ့စကားတော်ကို ထောက်ပြီး ပထမအရွယ်ဟာ တရားထူးတရားမြတ်ရဖို့
အခွင့်အရေးအသာဆုံးပါ။
မဟာဓနသူဌေးသား၀တၳုလေးကို ထပ်အာရုံပြုကြည့်ပါဦး။
မဟာဓနသူဌေးသားလင်မယားဟာ ပထမအရွယ်မှာတော့ တရားအားထုတ်ရင် ယောက်ျားက ရဟန္တာဖြစ်ပြီး မိန်းမက အနာဂါမ်ဖြစ်ရမှာပါ။
ပထမရွယ်မှာ သတိမေ့ပြီး တရားအားမထုတ်ဖြစ်တာ ထားလိုက်ပါဦး။
ဒုတိယအရွယ်မှာ သတိသံေ၀ဂဖြစ်ပြီး တရားအားထုတ်မယ်ဆိုရင်လည်း ယောက်ျားက အနာဂါမ်တည်ပြီး မိန်းမက သကဒါဂါမ်ဖြစ်ရမှာပါ။
ဒုတိယအရွယ်မှာ သတိမေ့ပြီး တရားအားမထုတ်ဖြစ်တာ ထားလိုက်ပါဦး.
တတိယအရွယ်မှာ သတိသံေ၀ဂဖြစ်ပြီး တရားအားထုတ်လိုက်မယ်ဆိုရင်လည်း ယောက်ျားလုပ်သူက သကဒါဂါမ်ဖြစ်ပြီး မိန်းမလုပ်သူက သောတပန်ဖြစ်ရမှာပါ။
အခုတော့ အရွယ်သုံးပါးလွန်ခဲ့ပြီဖြစ်သလို တရားထူးတရားမြတ်တွေနဲ့ ေ၀းသွားခဲ့ရပါပြီ။
ဒီ၀တၳုလေးကို
ထောက်ပြီး တရားထူးတရားမြတ်ရဖို့ ပထမအရွယ်ဟာ ပထမအခွင့်အရေးအသာဆုံးပါ။
ဒုတိယအရွယ်ဟာ ဒုတိယအခွင့်အရေး အသာဆုံးပါ။ တတိယအရွယ်ဟာ
တတိယအခွင့်အရေးအသာဆုံးပါ။
အဓိကပြောလိုရင်းကတော့
ငယ်ရွယ်နုပျိုနေတဲ့ ပထမအရွယ်ဟာ တရားထုူးတရားမြတ်ရဖို့ အခွင့်အရေး
အသာဆုံးဖြစ်သလို တရားအားထုတ်လို့ အကောင်းဆုံးအရွယ်လည်းဖြစ်ပါတယ်။
စာရေးသူကတော့ လူငယ်တွေနဲ့ တွေ့ရတဲ့အခါတိုင်း ”တရားအားထုတ်တာ ငယ်လေကောင်းလေပဲ” ဆိုပြီး အထူးပဲတိုက်တွန်းဖြစ်ပါတယ်။
လူငယ်တွေဟာ လောကီအာရုံတွေနဲ့ အများကြီးမတွေ့ရသေးတော့ တကယ့်အဖြူထည်လေးတွေပါ။ အရောင်မတင်ရသေးပါဘူး။
အရောင်မတင်ရသေးတဲ့
အဖြူဆွတ်ဆွတ်မှာ ဘာအရောင်တင်တင် စွဲပါတယ်။ ဒါကြောင့်
အဖြူထည်အရွယ်လေးတွေမှာ ၀ိပဿနာအရောင် ဆိုးပေးရင် သိပ်စွဲလွယ်သလို သိပ်လည်း
ခိုင်ခန့်ပါတယ်။
ဣသာမစၦရိယ ရာဂ လောဘ ဒေါသ သောကစတဲ့ ကိလေသာ
အညစ်အကြေးတွေ နည်းနေသေးတာရယ်၊ ရုပ်ကလည်းနုပျို၊ နာမ်ကလည်း
နုပျိုနေတာရယ်ကြောင့် တရားအားထုတ်ရတာ အကောင်းဆုံးအရွယ်ပါပဲ။
ရုပ်ကလည်းနုပျို
နာမ်ကလည်း နုပျိုနေတဲ့အချိန်ဟာ ဘာလုပ်လုပ် တက်တက်ကြွကြွရှိသလို
ရုပ်နောက်ကို နာမ်ကကောင်းကောင်းလိုက်နိုင်သလို နာမ်နောက်ကိုလည်း
ရုပ်ကကောင်းကောင်းလိုက်နိုင်ပါတယ်။
ကမ္မဌာန်းဆရာက ထိုင်ဆိုလည်း
ထိုင်လိုက်နိုင်တာပါပဲ။ ထဆိုလည်း ထလိုက်နိုင်တာပါပဲ။ စင်္ကြံလျှောက်ဆိုလည်း
လျှောက်လိုက်နိုင်တာပါပဲ။ ဒီလိုပြင်မှတ်လိုက်ဆိုလည်း
မှတ်လိုက်နိုင်တာပါပဲ။ ဒါဟာ နုပျိုခြင်းရဲ့ အခွင့်အရေးတွေပါပဲ။
နုပျိုခြင်းဆိုတာ
ဘ၀မှာ တစ်ကြိမ်သာရတာပါ။ ဘ၀မှာတစ်ကြိမ်သာရတဲ့ နုပျိုခြင်းဆိုတဲ့
အခွင့်အရေးကို ရနေတုန်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ပစ်လိုက်တာဟာ
ဘ၀အတွက် အဓိပ္ပါယ်ရှိသွားတာပါပဲ။
နုပျိုတုန်းမှာ
တရားအားထုတ်ပါဆိုတော့ ပညာသင်ကြားမှု အလုပ်လုပ်မှု အားလုံးကို
စွန့်လွှတ်ပြီး အားထုတ်ရမှာလားဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။
၀ိပဿနာတရားအားထုတ်တယ်ဆိုတော့
ကိုယ့်ဟာကိုယ် အားထုတ်လို့မရပါဘူး။ ဆရာလိုပါတယ်။ နည်းလို်ပါတယ်။ ဆရာနဲ့
နည်းရဖို့အတွက် ရိပ်သာတစ်ခုခုမှာ ဆယ်ရက်ဖြစ်စေ၊ ဆယ့်ငါးရက်ဖြစ်စေ
၀င်ရပါ့မယ်။ တစ်လလောက် ၀င်လိုက်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။
လူဆန်ဆန်ပြောရင်တော့ သင်တန်းတက်လိုက်တာပါပဲ၊ ဒါဆို
နည်းကောင်းကောင်းရသွားပါပြီ၊ နည်းရပြီဆိုရင် ကိုယ့်အိမ်မှာ
အခိျန်ပိုင်းလေးနဲ့ အားထုတ်သွားလို့ရပါတယ်။
မနက်နာရီ၀က်၊
နေ့ခင်းနာရီ၀က်၊ ညနာရီ၀က်လောက် အားထုတ်သွားနိုင်တယ်ဆိုရင်ပဲ မဆိုးပါဘူး။
တရားအားထုတ်ပြီးစမှာ စိတ်ထားလေးတွေက ကောင်းနေတတ်ပါတယ်။ စိတ်ထားလေး
ကောင်းနေတော့ ဘယ်သူနဲ့ပဲ စကားပြောပြော အဆင်ကိုပြေနေတာပါပဲ။ တစ်ဖက်သားက
မချေမငံပြောလာရင်တောင် ကိုယ်ကလည်း သည်းခံပြီးသား ဖြစ်နေတတ်ပါတယ်။
ဒါပေမယ့်
နေ့ခင်းပိုင်းလောက်အရောက်မှာတော့ စိတ်ထားလေးက နည်းနည်းညံ့ချင်လာပါပြီ။
ဒီတော့ ဘက်ထရီအားကုန်တဲ့အခါ ချာဂျင်ပြန်သွင်းရသလိုပါပဲ။
ကိုယ့်နှလုံးသားထဲကို ၀ိပဿနာချာဂျင်နာရီ၀က်လောက် ဒါမှမဟုတ်
ဆယ့်ငါးမိနစ်လောက် ပြန်သွင်းရပါတယ်။
ဒီလိုပါပဲ
ညပိုင်းကျတော့ စိတ်ထားလေးက ညံ့ချင်လာပြန်ပါပြီ။ ဒါကြောင့် တစ်ခါ
၀ိပဿနာချာဂျင် နာရီ၀က်၊ ဆယ့်ငါးမိနစ်လောက် ထပ်သွင်းရပါတယ်။ တစ်နေ့ကို
၀ိပဿနာချာဂျင် မနက်တစ်ခါ၊ နေ့လယ်တစ်ခါ၊ ညတစ်ခါ တစ်နေ့သုံးခါလောက်တော့
နေ့စဉ်သွင်းပေးရပါတယ်။ ဒီအပြုအမူလေးတွေဟာ ကိုယ့်ဘ၀နဲ့ကိုယ်လုပ်ငန်းခွင်ကို
အထောက်အကူပြုပြီးသား ဖြစ်နေတတ်ပါတယ်။
တစ်နေ့ တစ်နေ့
လူမျိုးစုံတွေနဲ့ တွေ့နေရတာဆိုတော့ ဆုံးဖြတ်ချက် မှားမသွားအောင်
ကိုယ့်နှလုံးသားကို ၀ိပဿနာချာဂျင်လေးတွေ အားကုန်ခါနီးတိုင်း
ပြန်ပြန်သွင်းသွင်းပေးရပါတယ်။
တကယ်လို့
တစ်စုံတစ်ယောက်နဲ့ အဆင်မပြေဖြစ်ပြီး စကားကို ပက်ကနဲ့
ပြောပြောမိခဲ့ပြီဆိုရင် ကိုယ့်ကိုယ်ကို သတိထားကြည့်လိုက်ပါ။ ၀ိပဿနာချာဂျင်
အားကုန်နေလို့ဆိုတာ တွေ့ရပါလိမ့်မယ်။
တရားအားထုတ်လို့ရတဲ့အရသာဟာ
ဘာနဲ့မှလဲလို့မရပါဘူး။ ဒါက အားထုတ်ဖူးသူတိုင်း သိပါတယ်။ မ၀င်ဖူးသေးရင်သာ
ဖြစ်ပါ့ဖြစ်ပါ့မလား ဆိုပြီး စိုးရိမ်နေတတ်တာပါ။ ရိပ်သာထဲရောက်သွားရင်တော့
သူလိုကိုယ်လို လူတွေအများကြီးနဲ့တွေ့ပြီး အဆင်ပြေသွားကြတာပါပဲ။
ကဲ ထားပါတော့။
တတိယအရွယ်အိုမှ တရား၀င်ပြီပဲဆိုပါတော့။
တတိယအရွယ်ဆိုတာ
ရုပ်ကလည်းအို၊ နာမ်ကလည်း အိုလာပါပြီ။ ရုပ်ကလဲ အိုလာပြီဆိုရင် ထိုင်ရ၊
ထရတာလည်း အဆင်မပြေတော့သလို ထိုင်တဲ့အခါမှာလည်း ကြာကြာမထိုင်နိုင်တော့ပါဘူး။
ဆယ့်ငါးမိနစ်တစ်ခါလောက် ပြင်ပြင်နေရပါတယ်။ တချို့ ဝတဲ့သူတွေဆိုရင်
ထိုင်ရတာ တော်တော်လေးခက်ခဲပါတယ်။ တစ်ချို့ဆိုရင် လူတွဲနဲ့မှ
ထို်င်နိုင်ထနိုင်ပါတယ်။ ဒါဟာ ရုပ်အိုခြင်းရဲ့ လက္ခဏာပါ။
နာမ်အိုတယ်ဆိုတာက
သတိတွေမေ့မေ့နေတာပါ။ ဥပမာ အခန်းထဲဆေးယူသွားမယ်ဆိုပြီး ၀င်သွား၊
အခန်းထဲကျတော့ ငါဘာယူမလိုပါလိမ့် ဆိုပြီး မေ့နေ၊ အခန်းထဲကနေ
အပြင်ပြန်ထွက်လာပြီးမှ သြော် ငါ ဆေးယူဖို့ ၀င်သွားတာပဲဆိုပြီး သတိရပြီး
အခန်းထဲပြန်၀င်ရ၊ ဒါ နာမ်အိုမှုရဲ့ လက္ခဏာတချို့ပါ။
တရားထိုင်တဲ့အခါမှာလည်း
ရုပ်အိုလာတဲ့အတွက် ကြာကြာမထိုင်နိုင်၊ ကြာကြာမထိုင်နိုင်တော့ မကြာခဏပြင်၊
မကြာခဏပြင်တော့ သမာဓိပျက်၊ နောက် နာမ်ကအိုလာတဲ့အတွက် ကမ္မဌာန်းအာရုံပေါ်မှာ
သတိက ကောင်းကောင်းမကပ်နိုင်တော့ပါဘူး။ နာမ်နဲ့လုပ်ရတဲ့အလုပ်မှာ နာမ်က
အိုသွားတဲ့အတွက် ကောင်းကောင်းအလုပ် မလုပ်နိုင်တဲ့သဘောပါ။
ဒီတော့
သမာဓိက တော်တော်နဲ့မဖြစ်၊ သမာဓိမဖြစ်တော့ ဉာဏ်စဉ်တွေက မထင်နဲ့၊
ကမ္မဌာန်းဆရာက တရားစစ်တဲ့အခါကျတော့ ရှေ့က ယောဂီငယ်ငယ် ကလေးမလေးတွေက
”ဘယ်လိုမှတ်လိုက်တယ်ဘုရား၊ ဘယ်လိုမှတ်လိုက်တယ်ဘုရားနဲ့” လျှောက်စရာတွေ
တစ်လှေကြီးနဲံ လျှောက်သွား၊ ကိုယ့်မှာတော့ ဘာမှလျှောက်စရာမရှိ၊ ဒီတော့
စိတ်ဓါတ်တွေကျပြီး အိမ်ပြန်ချင်စိတ်ပေါက်လာ၊ အိမ်ပြန်ရောက်ပြီး
နောက်တခါတရား၀င်ဖို့ သားသမီးတွေက တိုက်တွန်းရင် တစ်ကြိမ်တည်းနဲ့ သေမလောက်
ကြောက်သွားတော့တာပါပဲ၊
ဒါ တတိယအရွယ်လို့ခေါ်တဲ့ ရုပ်နာမ်အိုခြင်းရဲ့ ဆိုးပြစ်လက္ခဏာတွေပါပဲ။
နောက် တတိယအရွယ်ရဲ့ ဆိုးကျိုးလဲတစ်ခုရှိပါသေးတယ်။
ယောဆရာတော်ဘုရားရဲ့
တရားတွေထဲမှာ အိုလာပြီဆိုရင် ”အိုပယ်ဖြစ်တတ်တယ်” ဆိုတဲ့ စကားလုံးလေး
မကြာခဏပါလေ့ရှိပါတယ်။ အိုပယ်ဆိုတဲ့စကားလုံးကလေးက သိပ်လှတာပါ။
အိုလာပြီဆိုရင် ကိုယ့်ရဲ့သားသမီးမြေးမြစ်တွေက ကိုယ့်ကို ပယ်ထားလိုက်တာပါ။
ထမင်းကျေွးရုံ၊
အ၀တ်ဆင်ရုံကလွဲလို့ အကြံဉာဏ်ယူတာ တိုင်ပင်ဆွေးနွေါ်တာတွေ မရှိတော့ပါဘူး။
ကိုယ့်နဲ့ခပ်လှမ်းလှမ်းမှာ မြေးတွေက တိုးတိုးတိုးတိုးနဲ့ စကားပြောနေမယ်။
ကိုယ်ကဒါကို ဟဲ့ မြေးတို့ ဘာတွေပြောနေတာလဲ လို့ သွားမေးမယ်။ ဒီတော့
မြေးတွေက အို ဒါလူကြီးတွေရဲ့ ကိစ္စမဟုတ်ပါဘူး၊ လူငယ်ကိစ္စပါလို့
ပြန်ပြောခံရ။
တချို့ဆို ငွေကြေးချမ်းသာပါရဲ့၊
ပညာလည်းတတ်ပါရဲ့၊ မိသားစုအသိုင်းအ၀ိုင်းကလည်း ပေါပါရဲ့၊ သတင်းစာ
စာအုပ်ကြော်ငြာလေးကိုဖတ်ပြီး ”သားရေ အရှင်ဆန္ဒာဓိကရဲ့
နောက်ဆုံးထွက်စာအုပ်ကလေး ၀ယ်ခဲ့ပါဦး” လို့ မှာဖြစ်လိုက်ပါရဲ့။
တစ်ရက်လာလည်း
ပါမလာ၊ နှစ်ရက်လာလည်း ပါမလာ၊ ရက်တွေသာကြာသွားတယ်၊ လိုချင်တဲ့ စာအုပ်ကမရ၊
ကိုယ်တိုင်ထွက်၀ယ်ဖို့ကျတော့လည်း ကားရှိပေမယ့် မောင်းပို့မယ့်သူမရှိ၊
ဒါတွေဟာ အိုပယ်ရဲ့ ထင်ရှားတဲ့လက္ခဏာဆိုး တချို့ပါ။
တခြား ဒီထက်ဆိုးတဲ့ ကိစ္စတွေလည်း ရှိချင်ရှိဦးမှာပါ။
တကယ်လို့သာ
ပထမအရွယ်မှာ တရားကို ကြိုးကြိုးစားစား အားထုတ်ခဲ့ရင် သူတို့ဘယ်လောက်ပဲ
”အိုပယ်” လုပ်ထားလုပ်ထား၊ ကိုယ်က ကိုယ့်၀ိပဿနာတရားလေးနဲ့ နေနေလိုက်ရင်
”အိုပျော်” ဖြစ်သွားမှာပါ။
၀ိပဿနာတရားဆိုတာ တစ်ယောက်တည်း တစ်စိတ်တည်းအားထုတ်ရတာဆိုတော့ သူတို့ အိုပယ်လုပ်လေ ကိုယ့်အတွက် တရားမှတ်ရတာ အကောင်းဆုံးဖြစ်လေပါပဲ။
တရားထူးတရားမြတ်ရတာကို
ခဏထားလိုက်ပါဦး။ လူ့ဘ၀သက်တမ်းကို ယေဘုယျ ခုနှစ်ဆယ့်ငါးနှစ်နဲ့တွက်လိုက်ရင်
အသက်နှစ်ဆယ့်ငါးနှစ်အတွင်းဟာ တရားအားထုတ်ဖို့ ပထမအကောင်းဆုံးအရွယ်ပါ။
အသက်ငါးဆယ်အတွင်းဟာ တရားအားထုတ်လို့ ဒုတိယအကောင်းဆုံးပါပဲ၊ ကျန်တဲ့
တတိယအရွယ်သက်တမ်းကိုတော့ ဆက်မပြောပါရစေနဲ့တော့။ ကိုယ့်အရွယ်
ကိုယ်ပြန်ကြည့်ပြီး ဆုံးဖြတ်ဖို့ပဲ လိုပါတယ်။
လူ့ဘ၀ကိုရလာတယ်။
လူ့ဘ၀ကိုရလာပြီး လူ့ဘ၀ရဲ့ အနှစ်သာရဖြစ်တဲ့ ၀ိပဿနာတရားလေးမှ
အားထုတ်မသွားရဘဲ သေသွားမယ်ဆိုရင် လူ့ဘ၀ကို ရလာတာ ဘာမှအဓိပ္ပါယ်မရှိတော့ဘူ။
လူဆိုတာ သေမျိုးပါ။ မသေခင်လေးမှာ ဒီ၀ိပဿနာတရားလေးတော့
ကုသိုလ်ဖြစ်လောက်ပဲဖြစ်ဖြစ်၊ ဗဟုသုတဖြစ်လောက်ပဲဖြစ်ဖြစ်၊ ပါရမီပါသွားအောင်
အားထုတ်သွားသင့်ပါတယ်။
လောကီထဲမှာ နေနေကြတာဆိုတော့
လောကီအာရုံတွေနဲ့တော့ ကင်းလို့မရပါဘူး၊ ဒါပေမယ့် မော်ဒန်တွေ၊
ပို့စ်မော်ဒန်တွေ၊ မန်ယူတွေ၊ အာစင်နယ်တွေ၊ နှစ်လုံး သုံးလုံးတွေ၊
ရားထူးဌာနန္တရတွေ၊ အပြန်အလှန်တုံ့ပြန်မှုတွေ၊
အောင်မြင်ကျော်ကြားမှုတွေနောက် တစ်ကောက်ကောက်လိုက်နေရမှုတွေနဲ့တော့
အရွယ်သုံးပါးလုံးကို အခိျန်ကုန်မသွားသင့်ပါဘူး။ ဒါတွေကို သင့်ရဲ့
ဘ၀အစိတ်အပိုင်းတစ်ခုအနေနဲ့ပဲ သဘောထားသင့်ပါတယ်။ ဘ၀ရဲ့ အဓိက အခန်းကဏ္႑ထဲမှာ
ရှိမနေသင့်ပါဘူး။
ကဲ စာဖတ်သူ ”ဘယ်အရွယ်မှာ
တရားအားထုတ်လို့ အကောင်းဆုံးလဲလို့” မေးလာခဲ့ရင် ပထမအရွယ်ပါပဲ၊ ဘ၀မှာ
တကြိမ်သာရတဲ့ နုပျိုခြင်းကို ၀ိပဿနာအရာမှာ ကောင်းကောင်းကြီး
အသုံးချပစ်လိုက်စမ်းပါ။
ဒီစာစုကို သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီးရဲ့ လင်္ကာလေးနဲ့ပဲ နိဂုံးချုပ်လိုက်ကြရအောင်ပါ။
အိုရမည့်ဘေး မရောက်သေး မျှော်တွေးဆင်ခြင်ပါ။
မအိုသေးခင် တရား၀င် အဆင်ပြေလှသည်။
အိုသေအခါတွင် တရား၀င် အဆင်မပြေပြီ၊
အိုသောခါမှ တရားမရ မှားကြပါလိမ့်မည်။
ကျမ်းကိုး
၁။ ဓမ္မပဒ ( ဒုတိယ၀တၳုတွဲ) မဟာဓန သူဌေးသား၀တၳု။
၂။ သိကောင်းစရာ ဤခြောက်ဖြာ။ သဒ္ဓမ္မရံသီဆရာတော်ဘုရားကြီး။
၃။ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ဇန်နဝါရီ၊ ၂၀၀၆။
”မြတ်ဗုဒ္ဓ၏ ဓမ္မ အမွေ” ပေ့ဂျ်ကနေ ကူးယူပါတယ်။
စလေငနော့
No comments