New Artical

အရွယ်တင်နုပျိုခြင်းအတွက် အရေးပါသော ကော်လဂျင်ဓာတ်အကြောင်း


အရွယ်တင်နုပျိုခြင်းအတွက် အရေးပါသော ကော်လဂျင်ဓာတ်အကြောင်း

ယခုနှစ်တွေမှာ ကော်လဂျင်ဟာ အာဟာရဖြည့်စွက်စာအနေနဲ့ရော၊ အလှအပအရေးအရာအနေနဲ့ပါ လူအများရဲ့ စိတ်ဝင်စားမှုကို ခံလာရပါတယ်။

ကော်လဂျင်ဟာ လူသားတွေရဲ့ ကိုယ်ခန္ဓာထဲမှာ အပေါများဆုံး ပရိုတိန်းတစ်မျိုးဖြစ်ပြီး အဓိကအနေနဲ့ အရိုး၊ အရေပြားနဲ့ အရွတ်အကြောတို့မှာ ပါဝင်ပါတယ်။ ထို့အပြင် သွေးကြော၊ မျက်ကြည်လွှာ၊ သွားအစရှိတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတချို့မှာလည်း တွေ့ရတတ်ပါတယ်။

 

ကော်လဂျင်ရဲ့ အရွယ်တင်နုပျိုစေတဲ့ အကျိုးသက်ရောက်မှုများ

ကော်လဂျင်ဟာ အရေပြားရဲ့ အဓိက ပါဝင်ပစ္စည်းတစ်မျိုးဖြစ်ပြီး အရေပြားတင်းရင်းအောင်၊ ကျုံ့နိုင်ဆန့်နိုင်အားကောင်းအောင်နဲ့ ရေဓာတ်ပြည့်ဝအောင် လုပ်ဆောင်ပေးပါတယ်။ ထို့အပြင် ကော်လဂျင်ဟာ အရေပြားမှာရှိတဲ့ဆဲလ်တွေ အသစ်ပြုလုပ်တာ၊ ပြန်လည်ပြုပြင်တာတွေမှာပါ ကူညီပေးပါတယ်။ ဒါ့ကြောင့် ကော်လဂျင်ပမာဏ မြင့်တက်နေတဲ့အချိန်မှာ အသားအရေဟာ နူးညံ့ချောမွေ့ပြီး တင်းတင်းရင်းရင်း ဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် လူသားတွေဟာ အသက်အရွယ် အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လဂျင် ထုတ်လုပ်မှုအား ကျဆင်းသွားတာကြောင့် အသားခြောက်တာတွေ၊ အရေပြားတွန့်တာ ပါးရေတွန့်တာ ရုပ်ရည်ရင့်ရော်တာတွေ ဖြစ်လာပါတယ်။ တချို့ပညာရှင်တွေက အသက် ၂၅ နှစ်ကျော်လျှင်ပင် ကျွန်ုပ်တို့ဟာ တဖြည်းဖြည်းနဲ့ ကော်လဂျင်တွေ စတင်ဆုံးရှုံးနေပြီဟု ဆိုကြပါတယ်။

 

အရွယ်တင်နုပျိုစေတဲ့အချက်တွေမှာ အသားအရေအပြင် ဆံပင်၊ လက်သည်းခြေသည်းတို့ ကောင်းမွန်မှုကလည်း ပါဝင်ပါတယ်။ အဆိုပါ ကော်လဂျင်တွေဟာ လက်သည်းခြေသည်းတွေ ကြွပ်ဆတ်တာကို ကာကွယ်ပေးတဲ့အတွက် လက်သည်းခြေသည်းတွေ အလွယ်တကူကျိုးတာ မဖြစ်စေပါဘူး။ ထို့အပြင် ဆံပင်နဲ့ လက်သည်းခြေသည်း ရှည်တာကိုလည်း သန်မြန်စေပါတယ်။

ဒါကြောင့် ကော်လဂျင်ကို ခေါင်းလျှော်ရည်၊ လိုးရှင်း (Lotion) အစရှိသည်တို့မှာ အရွယ်တင်နုပျိုစေတဲ့ အလှကုန်ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ အလွန်အသုံးပြုလာကြပါတယ်။

 

ကော်လဂျင်ရဲ့ အခြားကောင်းကျိုးများမှာ –

– အရိုးအဆစ်ရောဂါကြောင့် နာကျင်တာတွေ သက်သာစေခြင်း

– အရိုးပွရောဂါကို ကာကွယ်ပေးခြင်း

– ကြွက်သားတွေကို ကျစ်လစ်စေခြင်း

– နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးခြင်း

– စိတ်ဖိစီးမှုများအား လျှော့ချပေးခြင်း

– ကိုယ်အလေးချိန် ကျစေခြင်းတို့ပဲ ဖြစ်ပါတယ်။

ကော်လဂျင်ကို ဘယ်အစားစာတွေက ရမလဲ

– ကြက်အရေခွံ၊ ဝက်အရေခွံ

– အရိုးစွပ်ပြုတ်များ

– ဥအကာ

– နို့ထွက်ပစ္စည်းများ

– ဂေါ်ဖီထုပ်၊ ကညွတ်နှင့် မှိုတွေကနေ ရရှိနိုင်ပါတယ်။ ထို့အပြင် ကော်လဂျင် ထုတ်လုပ်မှုမှာ ပါဝင်တဲ့ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအစာတွေကိုပါ စားသုံးပေးသင့်ပါတယ်။

 

ကော်လဂျင်ကို ထိခိုက်စေသော အရာများ

– သကြားနှင့် ပြုပြင်ထားသော ကာဘိုဟိုက်ထရိတ်များ အလွန်အကျွံ စားသုံးခြင်း

– နေပူခံခြင်း

– ဆေးလိပ်သောက်ခြင်းတို့ဘဲ ဖြစ်ပါတယ်။

 

ဖြည့်စွက်စာအနေဖြင့် သောက်သုံးခြင်း

ကော်လဂျင်ဟာ ကျန်းမာရေးအရ သို့မဟုတ်  အလှအပရေးရာအရ ကောင်းကျိုးများ ရစေတဲ့အတွက် အခုဆိုရင် ကော်လဂျင်ကို ဖြည့်စွက်စာအနေနဲ့ သောက်သုံးလာကြပါတယ်။ ဖြည့်စွက်စာကော်လဂျင်တွေဟာ အမှုန့်၊ ဆေးလုံး၊ ဆေးပြား၊ အရည်အနေနဲ့ ရှိတတ်ပြီး အမှုန့်က စုပ်ယူမှုအကောင်းဆုံးဖြစ်စေပါတယ်။


 

ဖြည့်စွက်စာကော်လဂျင်တွေဟာ ရင်ပြည့်ခြင်း၊ ရင်ပူခြင်းအချို့ကလွဲရင် ဆိုးကျိုးကြီးကြီးမားမားမရှိတဲ့အတွက်ကြောင့် လူအများစုအတွက် ဘေးဥပါဒ်ကင်းကြောင်း ပညာရှင်တွေက ဆိုကြပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်နှင့် ကလေးများဆိုရင် သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

Author : Dr. Aye Chan Moe

 

No comments